ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် မိုးကြီးနိုင်သဖြင့် မြစ်ချောင်း ငယ်များတွင် ရေပြည့်ရေလျှံမှုများနှင့် တောင်ကုန်း၊ တောင်တန်းများတွင် မြေပြိုမှု အန္တရာယ်ကို သတိထားရန် လိုအပ်ကြောင်း မိုးလေ ဝသ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန (မိုး/ဇလ) ထံမှ သိရသည်။
မိုး/ဇလ ညွန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက “ရခိုင်၊ မွန်၊ ကရင်၊ တနသာၤရီတွေကတော့ နေရာကွက် မိုးကြီးတာတို့ ဒေသအလိုက် မိုးကြီးတာတို့ ဖြစ်နိုင်တယ်။ ဥပမာ ၆ ရက်လောက်လို့ မှတ်ထားရင် ၂ ရက်၊ ၃ ရက်လောက် မိုးကြီး သွား နိုင်တဲ့ အနေအထားမျိုးပေါ့။ ၆ရက်လုံး မိုးကြီးနေမှာတော့ မဟုတ်ဘူး” ဟု ဧရာဝတီသို့ ပြောသည်။
သြဂုတ် ၉ ရက်နေ့က လေဖိအားနည်းရပ်ဝန်း တခု ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်ခဲ့ခြင်းကြောင့် လက်ရှိတွင် မုတ်သုံ လေ အားကောင်းနေသဖြင့် အဆိုပါ ပြည်နယ်နှင့်တိုင်း ၄ ခုတွင် သြဂုတ် ၁၀ မှ သြဂုတ် ၁၅ ရက်နေ့ထိ မိုးကြီး နိုင်သည့် အခြေအနေကို သတိထားရန် လိုအပ်ပြီး သြဂုတ် ၁၂ ရက်နေ့အထိလည်း ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်း ဒေသကြီး တို့တွင် မိုးပို နေဦးမည် ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ငဝန်မြစ်ရေသည် ငါးသိုင်းချောင်း မြို့နှင့် သာပေါင်းမြို့တွင် ပေဝက်ခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်ရောက်ရှိနေပြီး ငါးသိုင်းချောင်း မြို့တွင် နောက် ၁ ရက်အတွင်း၊ သာပေါင်းမြို့တွင် နောက် ၂ ရက်အတွင်း ယင်းမြို့များ၏ စိုးရိမ်ရေမှတ်အောက် ပြန်လည်ကျဆင်းနိုင်ကြောင်း မိုး/ဇလက သြဂုတ် ၉ ရက်နေ့က ထုတ်ပြန်ထားသည်။
လတ်တလောတွင်မူ ဧရာဝတီမြစ်တလျှောက်ရှိ မြို့အားလုံးတွင် စိုးရိမ်ရေမှတ်အောက် ရောက်နေပြီဖြစ်ကြောင်း သိရသည်။
ဇူလိုင်လက စတင်ပြီး မိုးရွာသွန်းမှုနှင့် ဒီရေတက်မှုကြောင့် မြို့အချို့တွင် စိုးရိမ်ရေ အမှတ်အသီးသီးကို ကျော်လွန်ခဲ့ပြီး လူဦးရေ သောင်းနှင့်ချီပြီး ရေလွတ်ရာသို့ ပြောင်းရွှေ့ခဲ့ရသည်။
ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၏ သြဂုတ်လ ၉ ရက်နေ့က ရရှိထားသည့် အချက်အလက်များအရ ကချင် ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ကရင်ပြည်နယ် နှင့် တနသာၤရီ တိုင်းဒေသကြီး တို့တွင် ကယ်ဆယ်ရေး စခန်း ၁၉၀ ခု အထိရှိပြီး အိမ်ထောင်စုပေါင်း ၁၀၀၈၂၊ ရေဘေးသင့် လူဦးရေ ၄၂၉၀၀ ကျော် ရှိသေးကြောင်း သိရသည်။
ဆက်စပ်ဖတ်ရှုရန်
မြစ်ရေမြင့်တက်မှု မြို့လေး မြို့ ရေဘေး သတိထားရန် မိုးဇလ သတိပေး
ဟင်္သာတတွင် တာကျိုးပေါက်သဖြင့် လူနေအိမ် ၅၀ ကျော် ရေနစ်မြုပ်
ဟင်္သာတ၌ ရေကာတာအဟောင်း ပြိုကျ၍ အိမ် ၈၀ကျော် အရေးပေါ် ပြောင်းရွှေ့ရ