သတင်း

အွန်လိုင်းမှ မဲမဆွယ်ရန် ပုသိမ်ခရိုင် ရွေးကောက်ပွဲကော်မရှင် သတိပေး

Want create site? Find Free WordPress Themes and plugins.

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC)မှ မဲဆွယ်စည်းရုံးကာလ သတ်မှတ်ကြေညာခြင်း မပြုမီ အင်တာနက် (Facebook) တွင် မဲဆွယ်ခြင်း မပြုကြရန် ပါတီများထံ သြဂုတ် ၅ ရက်နေ့က စတင်ကာ သတိပေးစာ ပို့ထားကြောင်း ပုသိမ်ခရိုင် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင့်လွင်က ပြောသည်။

ဥက္ကဋ္ဌ ဦးတင့်လွင်က “ကော်မရှင်က မဲဆွယ်ကာလ မကြေညာခင် မဲဆွယ်ခွင့် မရှိဘူး၊ ပါတီစည်းရုံးရေးက လုပ်လို့ရတယ်၊ မဲဆွယ်လို့တော့ မရသေးဘူး၊ အခု ဟိုလူကတင်၊ ဒီလူကလည်း တင်မယ်ဆိုတဲ့ အပြိုင်အဆိုင်တွေ ဖြစ်လာရင် မလိုလား အပ်တဲ့ ပြဿနာတွေ ဖြစ်လာနိုင်တယ်၊ အဲဒီအတွက် ဘယ်သူကိုမှ ဘက်လိုက်မှု မရှိဘဲ ပါတီအားလုံးကို သတိပေးစာ ပေး ထားတာ” ဟု ပြောသည်။

ယင်းအပြင် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် ကိုယ်စားလှယ်လောင်း လျှောက်လွှာတင်ထားသူများ အနေဖြင့်လည်း ကော်မရှင်မှ စိစစ်အတည်မပြုမီ ကိုယ်စားလှယ်လောင်းအဖြစ် ခေါ်ဆိုရေးသားကာ အွန်လိုင်းတွင် ဆော်ဩ စည်းရုံးခြင်း များ မပြုလုပ်ကြရန်လည်း သတိပေးထားသည်။
“ကော်မရှင်က မစိစစ်ရသေးဘူး၊ ကိုယ်စားလှယ်လောင်း လျှောက်ထားသူအဆင့်ပဲရှိသေးတယ်၊ အတည်ပြုကြေညာပြီးမှ ကိုယ်စားလှယ်လောင်းဖြစ်မှာ၊ ဒါတောင် မဲဆွယ်ခွင့် မရှိသေးပါဘူး” ဟု ဦးတင့်လွင်က ရှင်းပြသည်။

လတ်တလောတွင် နိုင်ငံရေးပါတီအသီးသီးနှင့် တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း လျှောက်လွှာတင်ထားသူ အများစုမှာ Facebook ပေါ်တွင် Post များတင်ကာ ကြေညာမှုများ ပြုလုပ်လျှက်ရှိနေသည်ကို တွေ့ရသည်ဟု ဝေဖန် ပြောဆိုမှုများလည်း ရှိနေသည်။

ပုသိမ်ခရိုင်ရွေးကောက်ပွဲ ကော်မရှင်က ထိုသို့ သတိပေးလိုက်သော်လည်း တနိုင်ငံလုံး အတိုင်းအတာဖြင့် ထိုကဲ့သို့ ပြုလုပ်၊ မလုပ်ကိုမူ မသိရှိရသေးပါ။
သတိပေးမှုနှင့်ပတ်သက်ပြီး ပုသိမ်မြို့နယ်၊ မဲဆန္ဒနယ် ၁၊ ပြည်သူ့ရှေ့ဆောင်ပါတီ (ppp) ကိုယ်စားပြု လွှတ်တော် ကိုယ်စား လှယ်လောင်း လျှောက်ထားသူ ဒေါက်တာ အေးငြိမ်းထွန်းက “အကုန်လုံး မျှမျှတတ သတိပေးတာမျိုး ဆိုရင်တော့ လက်ခံ ပါတယ်၊ ကျနော်တို့က ပါတီအသစ်ဆိုတော့ ပြည်သူလူထုထဲ သိအောင် မိတ်ဆက်တာမျိုးကတော့ လုပ်ရတာပေါ့၊ မဲဆွယ် လို့တော့ မရဘူး၊ ပါတီမိတ်ဆက်ဆိုတာလောက်တော့ လုပ်ရတာပေါ့”ဟု ပြောသည်။

ကိုယ်စားလှယ်လောင်း လျှောက်ထားမှုကိုလည်း ဩဂုတ် ၁၇ ရက်နေ့နောက်ပိုင်းမှသာ ကော်မရှင်က အတည်ပြုမည် ဖြစ်ရာ မဲစာရင်း ကြေညာရက်လွန်ပြီး ဖြစ်သည့်အတွက် မဲစာရင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် လူသစ်များ အနေဖြင့် အခက်အခဲရှိနေကြောင်းလည်း ၎င်းက သုံးသပ်ပြောကြားသည်။

ပုသိမ်ခရိုင်အတွင်း ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီ ၁၅ နှင့် တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း လျှောက်ထားသူများ အပါအဝင် စုစုပေါင်း ၁၆၀ ဦး လျှောက်လွှာတင်ထားသည်။

ရွေးကောက်ပွဲကော်မရှင် အနေဖြင့် ကိုယ်စားလှယ်လောင်းလျှောက်လွှာများအား သတ်မှတ်အရည်အချင်းများနှင့် ကိုက်ညီ မှု ရှိ၊ မရှိ ဩဂုတ် ၁၁ ရက်နေ့မှ ၁၇ ရက်နေ့အထိ စိစစ်သွားမည်ဖြစ်ပြီး သတ်မှတ်ချက်နှင့် မကိုက်ညီသူများအား ပြန်လည် ပယ်ဖျက်သွားမည် ဖြစ်သည်။

UEC အနေဖြင့် လက်ရှိတွင် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် သူများအား ပါတီစည်းရုံးရေးလုပ်ငန်းများ ဆောင်ရွက် ခွင့်ပြုထားသော်လည်း ကိုယ်စားလှယ်လောင်း စိစစ်အတည်ပြု ထုတ်ပြန်ခြင်းနှင့် မဲဆွယ်စည်းရုံးရေး ကာလ သတ်မှတ် ကြေညာခြင်းများ မရှိသေးပေ။

ပါတီများအနေဖြင့် မဲဆွယ်စည်းရုံးရေးအတွက် နိုင်ငံပိုင်ရုပ်မြင်သံကြား အစီအစဉ်မှ ဟောပြောတင်ပြခွင့် ခွင့်ပြုပေးမည့် ရက်အား စက်တင်ဘာ ၈ ရက်မှ နိုဝင်ဘာ ၆ နေ့အတွင်း သတ်မှတ်ထားပြီး ပါတီတခုလျှင် ၁၅ မိနစ်နှင့် တေးသီချင်းနှင့် ရုပ်သံဗီဒီယိုပါ သတ်မှတ်ချိန်အတွင်း တင်ပြ ခွင့်ပြုမည်ဖြစ်ကြောင်း UEC က ကြေညာထားသည်။

ဆက်စပ်လင့်

မသန်စွမ်းကိုယ်စားလှယ်လောင်း ၃ ဦးတွင် အမျိုးသမီးတဦးပါဝင်

မဲစာရင်းအမှား နည်းရန် ကြိုးပမ်းမည်ဟု ရွေးကောက်ပွဲကော်မရှင်ပြော

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ရေးအရာရှိဟောင်း ဒေါက်တာတင်မာအောင် ရွေးကောက်ပွဲ ဝင်မည်

Did you find apk for android? You can find new Free Android Games and apps.
Loading