သတင်း

မြင်းကကုန်းရဲစခန်း၌ အချုပ်သား ၁ ဦး သေဆုံးမှု ရဲတပ်ဖွဲ့ဝင်များကို စစ်ဆေးနေ

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ဘိုကလေးမြို့နယ် မြင်းကကုန်းနယ်မြေ ရဲစခန်းတွင် ခိုးမှုသံသယ တရားခံအဖြစ် ဖမ်း ဆီး စစ်ဆေးနေသည့် အချုပ်သားတဦးမှာ ဒဏ်ရာတချို့ဖြင့် သြဂုတ်လ ၉ ရက် မနက်ပိုင်းက သေဆုံးခဲ့သည့် ဖြစ်စဉ် အပေါ် သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များကို စစ်ဆေးနေကြောင်း သတင်း ရရှိသည်။

သေဆုံးသူမှာ မြင်းကကုန်းနယ်မြေ ရဲစခန်းမှ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၉/ကျင့် ၅၄ (ခိုးမှု) ဖြင့် စစ်ဆေးနေသူ ကျော် သက်ဦး(ခ) မာမီကျော် (၂၇ နှစ်) ဖြစ်ပြီး၊ ၎င်းကို သက်သေခံ ပစ္စည်းများ သိမ်းဆည်းရန်နှင့် ဆက်လက် စစ်ဆေးမှုများ ပြု လုပ်ရန် တရားရုံး ချုပ်မိန့် ရမန်ဖြင့် ချုပ်နှောင်ထားစဉ် အသက်ရှူကြပ်၍ အမောဖောက်နေသဖြင့် ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးသွားခြင်း ဖြစ်ကြောင်း သိရသည်။

ဧရာဝတီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၏ ပြောရေးဆိုခွင့်ရှိသူ ဒုရဲမှူးကြီး ထွန်းရွှေက “ဘိုကလေး မြင်းကကုန်း ရဲစခန်းမှာ ခိုးမှုနဲ့ ပတ်သက်ပြီး စစ်ဆေးနေတဲ့ အချုပ်သား သေဆုံးခဲ့တာ ဖြစ်ပါတယ်။ အချုပ်သား သေဆုံးမှုက ရောဂါနဲ့လား၊ ရဲတပ် ဖွဲ့ဝင်တွေကြောင့်လား ဆိုတာ စစ်ဆေးနေပါတယ်” ဟု ဧရာဝတီကို ပြောသည်။

အချုပ်သား ကျော်သက်ဦး(ခ) မာမီကျော်တွင် လက်နှင့်ဒူးခေါင်းတို့၌ ဒဏ်ရာအချို့တွေ့ရပြီး သေဆုံးရသည့် အဓိက အကြောင်းအရင်းကို ရှာဖွေနေဆဲဖြစ်ကြောင်း မြင်းကကုန်းကျေးရွာ တိုက်နယ် ဆေးရုံက သိရသည်။

မြင်းကကုန်းကျေးရွာ တိုက်နယ် ဆရာဝန် ဒေါက်တာ စည်သူအောင်က “ကျနော့်အနေနဲ့ အခုတော့အများကြီး မပြောနိုင် သေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ လုပ်စရာရှိတာတွေက ၅၀ ရာခိုင်နှုန်းပဲ ပြီးသေးတယ်လို့ ပြောလို့ ရတယ်။ ဓာတုဗေဒဝန် ရုံးကို ဆက်ပို့ရမယ့် အဖြေတွေ ရှိသေးတယ်။ အဲဒီအဖြေတွေကို ကြည့်ပြီးတော့မှ ဆုံးဖြတ်ရမှာပါ။ လောလောဆယ် ပြော နိုင်ဟာကတော့ သူ့ဒူးတွေမှာ ဒဏ်ရာတွေ ရှိတယ်။ သို့သော် အဲဒီဒဏ်ရာတွေက သေလောက်တဲ့ ဒဏ်ရာတော့ မဟုတ် ပါဘူး” ဟု ပြောသည်။

အချုပ်သား သေဆုံးမှုနှင့်ပတ်သက်၍ မြင်းကကုန်းနယ်မြေစခန်းမှူး ရဲအုပ် ဇော်မျိုးထက်အပါအဝင် တာဝန်ရှိသူများအား ဖျာပုံခရိုင် ရဲတပ်ဖွဲ့က ခုံရုံးဖွဲ့ စစ်ဆေးသွားမည် ဖြစ်ပြီး စစ်ဆေးပေါ်ပေါက်ချက်အရ ဥပဒေအတိုင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဧရာဝတီတိုင်း ရဲတပ်ဖွဲ့က ဆိုသည်။

သေဆုံးသူ အချုပ်သား၏မိခင်ဖြစ်သူ ဒေါ်စန်းစန်းဝင်းက “သားလေးကို တွေ့ချင်လို့ ရဲစခန်းကို သွားတာ မတွေ့ရတဲ့ ကျမ စိတ်မကောင်း ဖြစ်ရပါတယ်။ အခုတော့ သေသွားပြီဆိုတော့ ကျမသားလေး ဘယ်လို သေရသလဲ အမှန်အတိုင်း ဖော် ထုတ်ပေးဖို့ တောင်းဆိုချင်ပါတယ်” ဟု ပြောသည်။

ရဲစခန်းတွင် ချုပ်နှောင်ထားစဉ် သေဆုံးခဲ့သည့် အချုပ်သား ကျော်သက်ဦး(ခ) မာမီကျော် (၂၇ နှစ်) သေဆုံးမှုနှင့် ပတ် သက်၍ မြင်းကကုန်း နယ်မြေရဲစခန်းက သေမူသေခင်း အမှတ်စဉ် ၇/၂၀၂၀ ဖြင့် အမှုဖွင့်၍ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်၊ မဟုတ် စစ်ဆေး ဆောင်ရွက်နေကြောင်း သိရသည်။

ဆက်စပ်ဖတ်ရှုရန်

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ရေးအရာရှိဟောင်း ဒေါက်တာတင်မာအောင် ရွေးကောက်ပွဲ ဝင်မည်

အမျိုးသမီးတဦး လက်ထိတ်တန်းလန်းဖြင့် သေဆုံးမှုကြောင့် ဖမ်းထားသည့် ရဲ ၄ ဦးကို ပြန်လွှတ်ပေးပြီ

Loading