ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် ပုဇွန်ဖေ ကျေးရွာသား ၁ ဦးမှာ တပ်မတော်သားများထံ ဖမ်းဆီးခံရပြီးနောက် စစ်ဆေး ခံနေရစဉ် ကာလအတွင်း သေဆုံးသွားခဲ့ကြောင်း မိသားစုဝင်များက ပြောသည်။
သေဆုံးသွားသူမှာ ပုဇွန်ဖေရွာသား ဦးစံရွှေလှိုင်(၄၁နှစ်)ဖြစ်ပြီး မြောက်ဦးမြို့တွင်နေထိုင်သည့် အစ်ကို ဖြစ်သူ ဦးအောင် ထွန်းလှိုင်၏ နာရေး အတွက် မိသားစုဝင်များနှင့်အတူ သွားရောက်ခဲ့ကာ ထိုနာရေးအပြီး သြဂုတ်လ ၇ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်တွင် မြောက်ဦးမြို့မှ ရွာသို့ အပြန်လမ်းတွင် တပ်မတော်၏ ဖမ်းဆီးခံရကာ ပျောက်ဆုံးသွားခဲ့ခြင်း ဖြစ်သည်။
သေဆုံးသူ၏ အလောင်းအား ယမန်နေ့ ညနေက ခမရ ၃၇၇ တပ် ထံမှတဆင့် ရဲတပ်ဖွဲ့က လွဲှပြောင်းယူခဲ့ပြီး မြောက်ဦး ဆေးရုံသို့ ရုပ်အလောင်း ရောက်ရှိလာခဲ့ရာ ခန္ဓာကိုယ်အနှံ့ ဒဏ်ရာဒဏ်ချက်များ ပါရှိကြောင်း၊ မြောက်ဦးဆေးရုံရင်ခွဲရုံမှ ယူဆောင်ကာ ယနေ့ မွန်းလွဲပိုင်းက မြောက်ဦးသုဿန်တွင် သဂြိုလ်လိုက်ပြီ ဖြစ်ကြောင်း သေဆုံးသူ၏ ညီမဖြစ်သူ ဒေါ်ဘုမချေက ပြောသည်။
ညီမဖြစ်သူ ဒေါ်ဘုမချေက “မနေ့က ညနေပိုင်းမှာ ကျမ အစ်ကိုအလောင်းကို တပ်ထဲက လာယူခိုင်းလို့ မြောက်ဦးက နာရေးကားနဲ့ ရဲတွေ သွားယူပြီး မြောက်ဦးဆေးရုံကို ရင်ခွဲရုံကို ရောက်နေတယ် ဆိုပြီး သတင်း ကြားလို့ ကျမတို့ လိုက်လာ တဲ့အခါ ကျမအစ်ကို အလောင်းက ကြည့်လို့တောင် မရတော့ဘူး။ ပုပ်ပွနေပါပြီ ” ဟု ဧရာဝတီသို့ ပြောသည်။
ဆက်လက်ပြီး ဒေါ်ဘုမချေက “ကျမအစ်ကိုက AA လည်း မဟုတ်ဘူး။ စိတ်မနှံ့သူလည်း မဟုတ်ဘူး။ သေဆုံးတဲ့ အစ်ကို အလောင်းကို နေ့လည်ပိုင်းမှာ သဂြိုဟ်ပြီးတော့ မိသားစုဝင်တွေက ညနေပိုင်းမှာ ကုန်ကျ စရိတ်ကို မျှပြီးတော့ ကျခံဖို့ စာရင်းရှင်းကြတယ်။ စာရင်းရှင်းပြီး အဲဒီအိမ်ကနေ ကျမအစ်ကို ထွက်သွားတာကနေ ပျောက်ဆုံးသွားတာ။ အဲဒီက တည်းက အဖမ်းခံရတယ်လို့တော့ ပြောကြတာတော့ ရှိတယ်။ ဒီမှာလည်း အစ်ကို တယောက် ဆုံးထားတာ မကြာသေး ဘူးဆိုတော့ လိုက်ရှာဖို့လည်း အချိန်မရဘူး။ ဘယ်မှာရှာရမှန်းလည်း မသိခဲ့ဘူး” ဟု ဧရာဝတီသို့ ပြောသည်။
မိသားစုဝင်များ၏ ပြောဆိုချက်များအပေါ် မြောက်ဦးရဲတပ်ဖွဲ့ထံ ဧရာဝတီမှ မေးမြန်းရန် ဆက်သွယ်သော်လည်း မရခဲ့ပါ။
တပ်မတော်သတင်းပြန်ကြားရေးကမူ သြဂုတ်လ ၇ ရက်နေ့ ညနေ ၉ နာရီ ၁၅ မိနှစ် အချိန်ခန့်တွင် မြောက်ဦးမြို့နယ် တပ်ရင်းဌာနချုပ် တခု၏ အမှတ် ၂ ဂိတ်တံခါးအား အမည်မသိလူတဦးက လာရောက်တွန်းဖွင့်နေသည်ကို တွေ့ရှိရသဖြင့် စစ်ဆေး မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်း မရှိသည့်အတွက် သေနတ် ၂ ချက်ပစ်ခတ်ခဲ့ရာ ထွက်ပြေး သွားသည့်အတွက် လိုက်လံ ဖမ်းဆီး ရမိခဲ့ကြောင်း သြဂုတ်လ ၁၀ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။
၎င်းအား ကနဦး စစ်ဆေးချက်အရ AA အဖွဲ့မှ ကိုယ်ပိုင်အမှတ် A- ၆၇၃၇ တပ်သား အဆင့်ရှိသူဖြစ်ကြောင်း သိရှိရပြီး အသေးစိတ် စစ်ဆေးမှုများကို ပြုလုပ်ကာ ဥပဒေနှင့် အညီ အရေးယူနိုင်ရေးအတွက် မြောက်ဦးမြို့နယ်ရဲစခန်းသို့ လွှဲပြောင်း အပ်နှံပေးသွားမည် ဖြစ်ကြောင်း တပ်မတော်သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသော်လည်း ဖမ်းဆီးခံရသူ အမည်၊ ဓာတ်ပုံ စသည့်အချက်အလက်များနှင့် ပတ်သက်ပြီး အသေးစိတ် ထုတ်ပြန်ထားခြင်း မရှိပါ။
မြောက်ဦးမဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်ကမူ မိသားစုဝင်များနှင့် ဒေသခံ ကျေးရွာသား များ၏ သတင်းပေးပို့မှုအရ အဆိုပါ ဖြစ်စဉ်ကို ကြားသိရပြီး ယခုကဲ့သို့ တရားမဲ့ သတ်ဖြတ်ခြင်းမျိုး မပြုဘဲ အပြစ်ရှိသည် ဆိုလျှင် ဥပဒေအတိုင်း ပြစ်ဒဏ်ပေးသင့်ကြောင်း ပြောသည်။
ဦးထွန်းသာစိန်က “ကျနော်ကြားတာက မနေ့က မြောက်ဦးအခြေစိုက် ခမရ ၃၇၇ တပ်ရင်းထဲကနေ နာရေးကားနဲ့ ရဲတွေ အလောင်းကို ယူပြီး ဆေးရုံပို့လာတယ်လို့ ကြားတယ်။ ကျနော်တို့ ပြောချင်တာက ဒီလူဟာ အမှန်တကယ် အပြစ်ရှိတယ်။ AA နဲ့ ဆက်သွယ်မှု ရှိတယ်ဆိုရင်လည်း ဒီလို တရားမဲ့ သတ်ဖြတ်တာတော့ မကောင်းဘူး။ ဥပဒေ အတိုင်း အပြစ်ပေး အရေးယူပေါ့ ” ဟု ဧရာဝတီသို့ ပြောသည်။
ပြီးခဲ့သော ဇူလိုင်လ ၁၄ ရက်နေ့ကလည်း ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်၊ အလယ်ချောင်း ကျေးရွာမှ အသက် ၃၇ နှစ်အရွယ် ဦးစိုးမြင့်ထွန်းမှာ တပ်မတော်က ဖမ်းဆီးခဲ့ပြီးနောက် စစ်ကြောရေးကာလတွင် သေဆုံးခဲ့သည်။
ရခိုင်ပြည်နယ်အတွင်းတပ်မတော်နှင့် AA တို့ တိုက်ပွဲဖြစ်နေသောကာလ၌ တပ်မတော်က ထိန်းသိမ်း စစ်ဆေးခဲ့စဉ် ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ရသေ့တောင်နှင့် ရမ်းဗြဲမြို့နယ်များမှ သေဆုံးသူ ၂၀ ဦးထိရှိလာပြီ ဖြစ်သည်။
ဆက်စပ်လင့်
ရမ်းဗြဲရွာသား ၁ ဦး စစ်ကြောရေးစခန်းတွင် သေဆုံး
အင်တာနက်ပိတ်သဖြင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို သက်သေပြရန် ခက်ခဲဟုဆို
စစ်တွေစခန်းမှ ရဲ ၁ ဦး ဓားထိုး သတ်ဖြတ်ခံရ