ရွှေပြည်သာမြို့နယ်၊ ရေစင်မှတ်တိုင်အနီးတွင် ယမန်နေ့ ည ၇ နာရီခန့်က အထည်ချုပ်စက်ရုံ ကြိုပို့ ကား ၂ စီး မျက်နှာချင်းဆိုင် တိုက်မိခဲ့ရာမှ ယာဉ်ပေါ်ပါ အလုပ်သမား အမျိုးသမီး ၆ ဦး သေဆုံးခဲ့ကာ ထိခိုက်ဒဏ်ရာရှိသူ ၃၄ ဦး ရှိခဲ့သဖြင့် ယာဉ်မောင်းကို ပုဒ်မ ၄ ခုဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
ရေစင်မှတ်တိုင်အနီး၌ Power Fashion အထည်ချုပ်စက်ရုံမှ မှန်လုံကားနှင့် YFM အထည်ချုပ် စက်ရုံမှ ဒိုင်နာကားတို့ မျက်နှာချင်းဆိုင်တိုက်မှု ဖြစ်ခဲ့ရာမှ အသက် ၁၅ နှစ်မှ ၃၀ ဝန်းကျင်အရွယ်ရှိ အမျိုးသမီးအလုပ်သမား ၆ ဦး သေဆုံးခဲ့ပြီး ၃၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ရာ ၎င်းတို့မှာ လက်ကျိုးခြင်း၊ ခေါင်းပေါက်ခြင်းများ ဖြစ်ခဲ့သည်။
သို့ဖြစ်ရာ ယာဉ်လမ်းကြော မှားယွင်းမောင်းနှင်သူ Power Fashion အထည်ချုပ်စက်ရုံက မှန်လုံကား ယာဉ်မောင်း ဖြစ်သူမှာ ထွက်ပြေးနေပြီး ၎င်းကို အင်းစိန်မြို့နယ် အမှတ် ၉ ယာဉ်ထိန်းရဲတပ်ဖွဲ့က ယာဉ်(ပ) ၂၉/၂၀၂၀၊ ရာဇသတ်ကြီး ဥပဒေ ၃၃၈/၃၃၇/၂၇၉/၂၀၂ ဖြင့် အမှုဖွင့်ထားကြောင်း ရွှေပြည်သာမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်မင်းက ဧရာဝတီသို့ အတည်ပြုပြောသည်။
“မှန်လုံယာဉ်မောင်းကို အမှုဖွင့်ထားတာ အဲဒီယာဉ်မောင်းက ထွက်ပြေးသွားတယ်။ ဖမ်းဆီးရမိဖို့ကို ကြိုးစားနေဆဲပေါ့။ ဒီဘက်ယာဉ်မောင်းက လမ်းကြောင်းမှန်တယ်” ဟု လွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်မင်းက ရှင်းပြသည်။
ယာဉ်တိုက်မှုဖြစ်စဉ်အပေါ် မေးမြန်းရန် သက်ဆိုင်ရာ ရဲတပ်ဖွဲ့ထံ ဖုန်းဆက်သော်လည်း ဆက်သွယ်မရခဲ့ပါ။
အဆိုပါ ယာဉ်တိုက်မှုမှ အလုပ်သမားများကို ကူညီဆောင်ရွက်ပေးနေသည့် ရောင်ခြည်ဦးအလုပ်သမားအဖွဲ့က ကိုနိုင်ဌေး လွင်က “ထိခိုက်ဒဏ်ရာရသူတွေကို ရသင့်ရထိုက်တာတွေ ရဖို့တော့ လိုက်ကူညီပေးနေတယ်။ လူမှုဖူလုံရေး ဥပဒေနဲ့အညီ အလုပ်သမားတွေကို ဖယ်ရီစီစဉ်ပေးရင် သက်သောင့်သက်သာ ဖြစ်အောင် စီစဉ် ဆောင်ရွက် ပေးရမယ်ဆိုတာ ရှိတယ်။ အဲဒါတွေ စိစစ်မှု အားနည်းတယ်ပေါ့။ ဖယ်ရီကား ၁ စီးက ဥပမာ အယောက် ၃၀ ဆန့်တယ် ဆိုရင် ၄၅၊ ၅၀ လောက်အထိ ထည့်တယ်။ ထိုင်စရာ နေရာမရှိဘူး။ မတ်တပ်ရပ်စီးရတယ်၊ တွယ်စီးရတယ်။ အဲဒါကျတော့ စိစစ်မှု အားနည်းတယ်လို့ မြင်တယ်” ဟု ပြောသည်။
ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၃၇ သည် လူ့အသက်ကိုဖြစ်စေ၊ အခြားသူတို့၏ လုံခြုံရေးကိုဖြစ်စေ၊ ဘေးဖြစ်အောင် မည်သူ မဆို၊ အရမ်းသော်လည်းကောင်း၊ ပေါ့လျော့စွာသော်လည်းကောင်း၊ ပြုလုပ်မှုတခုခုကို ပြုခြင်းဖြင့် တဦး တယောက်သော သူအား နာကျင်စေလျှင်၊ ထိုသူကိုနှစ်နှစ်ထိ ထောင်ဒဏ်တမျိုးမျိုးဖြစ်စေ၊ ကျပ် ၁ ထောင်ထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ် ရပ်လုံး ဖြစ်စေ ချမှတ်ရမည်ဟု ပြဋ္ဌာန်းထားသည်။
ပုဒ်မ ၃၃၈ တွင် လူ့အသက်ကိုဖြစ်စေ၊ အခြားသူတို့၏ လုံခြုံရေးကိုဖြစ်စေ၊ ဘေးဖြစ်အောင် မည်သူမဆို၊ အရမ်းသော် လည်းကောင်း၊ ပေါ့လျော့စွာသော်လည်းကောင်း ပြုလုပ်မှုတခုခုကို ပြုခြင်းဖြင့် တဦးတယောက်သောသူအား အပြင်း အထန် နာကျင်စေလျှင်၊ ထိုသူကို ၅ နှစ်ထိ ထောင်ဒဏ်တမျိုးမျိုး ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။
ပုဒ်မ ၂၇၉တွင် မည်သူမဆို၊ လူ့အသက်ကို အန္တရာယ်ဖြစ်စေအောင်သော်လည်းကောင်း၊ သူတပါးအား နာကျင်စေတန် လောက်အောင် သို့တည်းမဟုတ် နစ်နာစေတန်လောက်အောင်သော်လည်းကောင်း၊ အရမ်းဖြစ်စေ၊ ပေါ့လျော့စွာဖြစ် စေ အများပြည်သူဆိုင်ရာ လမ်းပေါ်၌ ယာဉ်ကိုမောင်းလျှင်၊ သို့တည်းမဟုတ်စီးလျှင်၊ ထိုသူကိုနှစ်နှစ်ထိ ထောင်ဒဏ် တမျိုးမျိုးဖြစ်စေ၊ တထောင်ထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။
ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၂၀၂ သည် ပြစ်မှုကျူးလွန်ပြီးဖြစ်ကြောင်း သိလျက်နှင့် ဖြစ်စေ၊ ယုံကြည်ရန် အကြောင်း ရှိလျက်နှင့် ဖြစ်စေ မည်သူမဆို ထိုပြစ်မှုနှင့် စပ်လျဉ်း၍ ဥပဒေနှင့် အညီပေးရန် တာဝန်ရှိသော သတင်းကို မပေးဘဲ တမင် ပျက်ကွက်လျှင် ထိုသူကို ခြောက်လအထိ ထောင်ဒဏ်ဖြစ်စေ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ရမည်ဟု ပြဋ္ဌာန်းထားသည်။
You may also like these stories:
မြောက်ဦးက ဖမ်းဆီးခံ ရွာသား စစ်ကြောရေးတွင် သေဆုံး
ကမာရွတ်ရှိ ရွှေကွန်းကွန်ဒို အနုကြမ်းစီးမှု တရားခံများကို ရှာဖွေနေ
မြင်းကကုန်းရဲစခန်း၌ အချုပ်သား ၁ ဦး သေဆုံးမှု ရဲတပ်ဖွဲ့ဝင်များကို စစ်ဆေးနေ