စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့တွင် COVID 19 ရောဂါနှင့် ပတ်သက်၍ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များကို မလိုက် နာသဖြင့် ဈေးဆိုင်၊ စားသောက်ဆိုင်ပေါင်း ၅၆ ဆိုင်ကို ဒဏ်ငွေရိုက် အရေးယူခဲ့ကြောင်း မုံရွာမြို့ စည်ပင်သာယာရေး ကော်မတီက သတင်းရရှိသည်။
မုံရွာမြို့တွင် ဈေးဆိုင်၊ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များ အပါအဝင် စုစုပေါင်း ၄၉၂ ဆိုင်ရှိသည့် အနက် ကိုဗစ် ရောဂါကာလအတွင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ ပြန်လည် ဖွင့်လှစ်ခွင့်ရသည့် ဆိုင်၂၉၇ ဆိုင် ရှိသည်။
အဆိုပါ ဖွင့်လှစ်ခွင့်ရသည့် ဆိုင်များကို ကျန်းမာရေး ဝန်ကြီးဌာန၊ မြို့နယ် စည်ပင်သာယာရေးနှင့် အထွေထွေ အုပ်ချုပ်ရေး မှူးများ ပူးပေါင်း၍ သြဂုတ်လ ၆ ရက်မှ ၈ ရက်အထိ ရှောင်တခင် ဝင်ရောက် စစ်ဆေးရာတွင် စည်းကမ်း ဖောက်ဖျက်သည့် ဆိုင် ၅၆ ဆိုင်ကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်ဟု မုံရွာ စည်ပင်သာယာရေး ကော်မတီ ဒု ညွန်ကြားရေးမှူး ဦးထွန်းထွန်းက ပြော သည်။
ဦးထွန်းထွန်းက “အရေးယူမှုမှာ ပထမအကြိမ် ညွှန်ကြားချက်နဲ့ မလိုက်နာရင် သတိပေးတယ်။ ညွှန်ကြားချက် ထုတ်ပြီးတဲ့ အချိန်မှာ ဆိုင် ၅၀ လောက် သတိပေး လက်မှတ် ထိုးရတယ်။ တချို့က အပြည့်အစုံ မလိုက်နာတာပေါ့။ လိုက်နာမှု ပေါ့ လျော့တဲ့ အနေအထားရှိတဲ့အတွက် ဒုတိယအဆင့် အနေနဲ့ သြဂုတ်လ ၆ ၊ ၇ ၊ ၈ ရက်မှာ အရေးယူမှုတွေ စတင် လုပ်ခဲ့တာ ဈေးဆိုင်၂၀ နဲ့ စားသောက်ဆိုင် ၃၆ ဆိုင်ကို ဒဏ်ငွေ ၅ ထောင်စီ ရိုက်ပြီး အရေးယူခဲ့ပါတယ်” ဟု ဧရာဝတီသို့ ပြောဆို သည်။
ကိုဗစ် ရောဂါ ထိန်းချုပ်ရေးကာလတွင် စားသောက်ဆိုင်၊ ဈေးဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များကို ပါဆယ်စနစ်ဖြင့် ရောင်းချစေခဲ့ရာမှ ဇွန်လ ၂ ရက်တွင် ကျန်းမာရေးစည်းကမ်းချက်များ ချမှတ်ကာ ဆိုင်ထိုင်စား စနစ်ကို ပြန်လည် ခွင့်ပြု ခဲ့ခြင်း ဖြစ်သည်။
ဆိုင်သို့ လာရောက် စားသုံးသူများအတွက် တဦးနှင့်တဦး အကာအရံများ ထားရှိရန်၊ စားသောက်ဆိုင်အတွင်း ကိုယ်ပူချိန် တိုင်းခြင်း၊ လက်သန့်ဆေးရည်များ ထားရှိခြင်းနှင့် ဝန်ထမ်းများ Mask များ တပ်ဆင်ခြင်း စသည့် စည်းကမ်းချက်များ လိုက် နာရမည် ဖြစ်သည်။
ပြီးခဲ့သည့် ဇူလိုင်လ ၉ ရက်တွင်လည်း အဆိုပါ ကျန်းမာရေး စည်းကမ်းချက်များကို မလိုက်နာသည့် မုံရွာမြို့ရှိ စားသောက် ဆိုင် ၄ ဆိုင်ကို ကျန်းမာရေးဌာနမှ တရားလိုပြုလုပ်ကာ ကူးစက် ရောဂါများ ကာကွယ် နှိမ်နင်းရေး ဥပဒေ ၁၅ ဖြင့် တရားစွဲ ဆိုကာ ဒဏ်ငွေ ၅ ထောင် ချမှတ်ခဲ့ကြောင်း ဦးထွန်းထွန်းက ဆိုသည်။
ဈေးများ၊ စားသောက်ဆိုင်များကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့၏ အမိန့်ညွှန်ကြားချက် များနှင့်အညီ ခွင့်ပြုချက်ရရှိမှသာ ဖွင့်လှစ်ရမည်ဟု စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့က ဇွန်လ ၂ ရက်တွင် ဒေသန္တရ အမိန့် ထုတ်ပြန်ထားသည်။
ကူးစက်မြန်သည့် COVID-19 ဗိုင်းရပ်စ်ပိုး သယ်ဆောင်ထားသူနှင့် နီးကပ်စွာနေသူများသည် လေထုမှ တဆင့် ကူးစက်နိုင် သဖြင့် လူစုလူဝေးပြုလုပ်ခြင်းများကို ရှောင်ရှားနိုင်ရန် ဒေသန္တရအမိန့်များ ထုတ်ပြန်ကာ တားမြစ်ထားခြင်းဖြစ်သည်။
ရှောင်တခင် ဝင်ရောက် စစ်ဆေးရခြင်းအကြောင်းနှင့် ပတ်သက်ပြီး စစ်ကိုင်းတိုင်း စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည် က“ဒါကတော့ ဗဟိုအမျိုးသား ကော်မတီ(ကိုဗစ်)ကနေ တိုင်းအစိုးရကို အကြောင်းကြားတာပေါ့။ ကျန်းမာရေး စည်းကမ်းနဲ့ ဖွင့်တဲ့ စားသောက်ဆိုင်တွေကို စည်ပင်သာယာရေး အဖွဲ့အနေနဲ့ အရေးယူပေးဖို့ ညွှန်ကြားချက်အရ ဒီလို လုပ်လိုက်တာပါ။ ဒီလို စိစစ်မှပဲ စည်းကမ်း လိုက်နာကြမှာလေ။ အခု မုံရွာမှာဆိုရင် ကူးစက်ရောဂါ ဖြစ်တဲ့သူလည်း မရှိသေးတော့ ထိန်းတဲ့ သဘောပါ။ တအား စည်းကမ်း တင်းကြပ်တာတော့ မဟုတ်ဘူး။ ပေါ့တဲ့အပိုင်းတွေကို ပြန်ထိန်းတဲ့ သဘောပါ” ဟု ရှင်းပြ သည်။
You may also like these story:
တရားဟောဆရာ စောဒေးဗစ်လားကို အလုပ်နှင့် ထောင်ဒဏ် ၃လ ချမှတ်