ယနေ့ ထုတ်ပြန်လိုက်သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်း စုစုပေါင်း ၁၁၂၉ ဦးတွင် သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက် ပြည်ထေင်စုအဆင့် ဝန်ကြီးများ၊ ဝန်ကြီးချုပ်များနှင့် အငြိမ်းစား တပ်မတော် အရာရှိ စုစုပေါင်း အရည်အတွက် အနည်းငယ်သာ ပါဝင်ကြောင်း သတင်း ရရှိသည်။
ယခင် လူဟောင်း ၃၀ ရာခိုင်နှုန်းခန့် ပါဝင်ပြီး ကျန် ၇၀ ရာခိုင်နှုန်းခန့်မှာ မျက်နှာသစ် နိုင်ငံရေး သမားများ ဖြစ်ကြောင်း၊ တပ် အရာရှိများကိုလည်း ယခင်ပုံစံ လာသမျှ လက်ခံခြင်းမျိုး မဟုတ်ဘဲ အောက်ခြေပါတီဝင်ထုမှ ထောက်ခံသူများကို စိစစ် လက်ခံခြင်း ဖြစ်ကြောင်း ယင်းပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က ပြောသည်။
ကိုယ်စားလှယ်ဦးရေ စုစုပေါင်း ၁၁၂၉ ဦးတွင် လူဟောင်း ၃၀ ရာခိုင်နှုန်း ပါဝင်ပြီး ကျန်သူများမှာ လူသစ် (New Generation) များ ဖြစ်ကြောင်း၊ ဘွဲ့ ရ ၉၀ ရာခိုင်နှုန်း ပါဝင်ကြောင်း၊ အမျိုးသမီး ဦးရေ ၁၀၀ ကျော် ပါဝင်ကြောင်း သိရ သည်။
“အရင်လူက တကယ့်ကို နည်းနည်းလေးပဲ ပါတော့တယ်။ ဝန်ကြီးဟောင်း၊ ဒုဝန်ကြီးဟောင်းက ရှိရင် ၁၀ ယောက်၊ ၁၅ ယောက်လောက်ပဲ ရှိမယ်။ အသက် ၆၀ ကျော် လူကြီးဟောင်းက ၁၀ ဂဏန်းလောက်ပဲ ပါတယ်။ ကျန်တဲ့ ၁၀၀၀ ကျော်က ကျန်တဲ့ မျက်နှာသစ် နိုင်ငံရေးသမားတွေချည်းပဲ”ဟု ကြံ့ခိုင်ရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ နန္ဒာလှမြင့်က ပြောသည်။
၂၀၁၅ ရွေးကောက်ပွဲတွင် တပ်မတော်အရာရှိဘဝက ချက်ချင်း အငြိမ်းစားယူပြီး ကြံ့ခိုင်ရေးပါတီသို့ ဝင်ရောက်ပြီး ယှဉ်ပြိုင် သူ ၃၀ ခန့်အထိ ရှိခဲ့ဖူးသည်။
ထို့ပြင် ၎င်းတို့ပါတီက တိုင်းရင်းသား ပါတီများ အားကောင်းသည့် နေရာတချို့ တွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်း မရှိဘဲ ရှောင်ပေးထားကြောင်း၊ နိုင်ငံရေး ပါတီအငယ်များနှင့် တိုင်းရင်းသားပါတီတချို့ကို လက်တွဲ ခေါ်ယူထားကြောင်း ပါတီတာဝန်ရှိသူတချို့က ပြောသည်။
ဝန်ကြီးဟောင်းများထဲတွင် ဦးဌေးဦး၊ သမ္မတရုံး ဝန်ကြီးဟောင်း ဦးလှထွန်း၊ ပို့/ဆက် ဝန်ကြီးဟောင်း ဦးဉာဏ်ထွန်းအောင်၊ဒေါက်တာ ကံဇော်၊ ပြန်ကြားရေး ဒုဝန်ကြီးဟောင်း ဦးပိုက်ထွေး၊ ကျန်းမာရေး ဒုဝန်ကြီးဟောင်း ဒေါက်တာသန်းအောင်၊ သမဝါယမ ဒုဝန်ကြီးဟောင်း ဦးသန်းထွန်း၊ ရဲချုပ်နှင့် ဝန်ကြီးဟောင်း ဦးခင်ရီနှင့် နယ်စပ်ရေးရာ ဒုဝန်ကြီးဟောင်း ဦးတင် အောင်ချစ်တို့ ပါဝင်ကြောင်း သိရသည်။
ဧရာဝတီတိုင်း ဝန်ကြီးချုပ်ဟောင်း ဦးသိန်းအောင်က ဧရာဝတိုင်း၊ အင်္ဂပူမြို့နယ် တိုင်းလွှတ်တော်တွင် ဝင်ရောက် ယှဉ်ပြိုင် မည် ဖြစ်ပြီး ပဲခူးတိုင်း ဝန်ကြီးချုပ်ဟောင်း ဦးဉာဏ်ဝင်းတို့ကလည်း ဇီကုန်းမြို့နယ် ပြည်သူ့လွှတ်တော်မှ ယှဉ်ပြိုင်မည် ဖြစ် သည်။
ကချင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးလဂျွန်ငန်ဆိုင်းကမူ ကချင် ပြည်နယ် အမျိုးသား လွှတ်တော်သို့ လည်းကောင်း၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးစိုင်းအောင်မြတ်က ဓနုဒေသ အမျိုးသား လွှတ်တော်သို့လည်းကောင်း သွားရောက် ယှဉ်ပြိုင်ကြမည် ဖြစ်သည်။
တပ်မတော် အငြိမ်းစား အရာရှိများထဲတွင် ရန်ကုန်တိုင်း၊ ကိုကိုးကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်မှ စစ်မှုထမ်းဟောင်းအဖွဲ့ ဥက္ကဌ ဗိုလ်ချုပ်အောင်သော်၊ ပြည်သူ့လွှတ်တော် တပ်မတော်သား ကိုယ်စားလှယ်ဟောင်း ဗိုလ်ချုပ်တင်ဆွေဝင်း၊ အမျိုးသားလွှတ်တော် လောက်ကိုင်မဲဆန္ဒနယ်အတွက် ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း အောင်သန်းထွဋ်၊ ဝန်းသိုမြို့နယ် ပြည်သူ့ လွှတ်တော်အတွက် ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း မြင့်စိုးတို့ ပါဝင်သည်။
ရန်ကုန်မြို့ သင်္ဃန်းကျွန်းးမြို့နယ် ပြည်သူ့လွှတ်တော်တွင်မူ အမျိုးသား ဒီမိုကရေစီ ပါတီသစ်မှ ဦးသိန်းညွှန့်ရှိသဖြင့် ကြံ့ ခိုင်ရေး ပါတီက ရှောင်ပေးမည် ဖြစ်ပြီး အမျိုးသားရေး လှုပ်ရှားသူ ဒေါ်ခင်ဝိုင်းကြည်ကမူ ကြံ့ခိုင်ရေးပါတီမှ ဒေါပုံမြို့နယ် ပြည်သူ့လွှတ်တော်မှ ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။
ကြံ့ခိုင်ရေးပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ နန္ဒလှမြင့်က ကလောမြို့နယ် ပြည်သူ့လွှတ်တော်၊ အခြားပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက အမရပူရမြို့နယ် ပြည်သူ့လွှတ်တော်တို့မှ ဝင်ရောက် ယှဉ်ပြိုင်ကြမည် ဖြစ်သည်။
ယခင် အစိုးရလက်ထက် သမ္မတရုံး ဝန်ကြီးဟောင်းများ ဖြစ်သည့် ဦးတင်နိုင်သိန်း၊ ဦးအောင်မင်းနှင့် ဦးစိုးသိန်းတို့မှာ ကြံ့ခိုင်ရေးပါတီမှ ဝင်ရောက် အရွေးခံမည် မဟုတ်ကြောင်း သိရသည်။
ကြံ့ခိုင်ရေးပါတီ ဒုတိယ ဥက္ကဌဟောင်း ဦးဌေးဦးက ဧရာဝတီတိုင်း၊ ဟင်္သတမြို့နယ် ပြည်သူ့လွှတ်တော်မှ လည်းကောင်း၊ပြန်ကြားရေး ဒုတိယ ဝန်ကြီးဟောင်း ဦးပိုက်ထွေးက မကွေးတိုင်း၊ ကံမမြို့နယ် ပြည်သူ့လွှတ်တော်၊ သမ္မတ ရုံးဝန်ကြီး ဟောင်း ဦးလှထွန်းက မကွေးတိုင်း၊ ကျောက်ပံတောင်းမြို့နယ် ပြည်သူ့လွှတ်တော်၊ ပို့/ဆက် ဝန်ကြီးဟောင်း ဦးဉာဏ်ထွန်းအောင်က မကွေးတိုင်း၊ နွားထိုးကြီးမြို့နယ် ပြည်သူ့လွှတ်တော်မှ လည်းကောင်း ပါဝင် ယှဉ်ပြိုင်ကြမည် ဖြစ်သည်။
မကွေးတိုင်း၊ စံလင်းမြို့နယ် ပြည်သူ့လွှတ်တော်မှ ဒေါက်တာ ကံဇော်၊ ရေနံချောင်းမြို့နယ် ပြည်သူ့လွှတ်တော်မှ ဒေါ်ဝင်းမော်ထွန်း၊ အောင်လံမြို့နယ် ပြည်သူ့လွှတ်တော်မှ နယ်/စပ် ဒုတိယ ဝန်ကြီးဟောင်း ဦးတင်အောင်ချစ်၊ မအူပင်မြို့နယ် ပြည်သူ့လွှတ်တော်မှ ကျန်းမာရေး ဒုဝန်ကြီးဟောင်း ဒေါက်တာသန်းအောင်၊ ရန်ကုန်တိုင်း ဆိပ်ကြီးခနောင်တိုမြို့နယ် ပြည်သူ့လွှတ်တော်တွင် ဦးခင်ရီတို့ ပါဝင်ကြမည် ဖြစ်သည်။
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီသည် တပ်မတော်က ဦးဆောင်ပြုလုပ်ပေးခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲတွင် အနိုင်ရရှိပြီးနောက် အစိုးရ ဖွဲ့ နိုင်ခဲ့သော်လည်း ၎င်းတို့ အစိုးရလက်ထက်တွင် ကျင်းပသည့် ၂၀၁၅ ရွေးကောက်ပွဲတွင် လက်ရှိ အာဏာရပါတီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်ကို မဲအပြတ်အသတ်ဖြင့် ရှုံးနိမ့်ခဲ့ရသည်။
ယခုအခါ ကြံ့ခိုင်ရေးပါတီသည် ၂၀၂၀ ရွေးကောက်ပွဲ အောင်နိုင်ရေး ပြန်လည် ကြိုးစားနေပြီး“အစိုးရ ပြန်ဖွဲ့ စည်းနိုင်ရေး ယုံယုံကြည်ကြည်ဖြင့် အလုပ်လုပ်လျက်ရှိကြောင်း”ယင်းပါတီ၏ ဥက္ကဌ ဦးသန်းဌေးက ဧရာဝတီသို့ ပြီးခဲ့သည့် ရက်ပိုင်း က ပြောဆိုထားသည်။
You may also like these stories:
No Vote လှုံ့ဆော်မှု ပုဒ်မ ၆ ခုနှင့် ငြိစွန်းဟု UEC ပြော
အွန်လိုင်းမှ မဲမဆွယ်ရန် ပုသိမ်ခရိုင် ရွေးကောက်ပွဲကော်မရှင် သတိပေး
လာမည့်ရွေးကောက်ပွဲ မဲမပြန့်စေရေး ကယားနှစ်ပါတီ မဲဆန္ဒနယ် ခွဲဝေ ယှဉ်ပြိုင်မည်