COVID-19 ကြောင့် ထိခိုက်မှုများ ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးလုပ်ငန်းများကို ကုစားရန်အတွက် ဒုတိယအကြိမ် ချေး ငွေ ထုတ်ပေးရာတွင် လျှောက်ထားသူ ၁ သောင်းဝန်းကျင်အထိရှိကြောင်း လျှောက်လွှာ စိစစ်လက်ခံပေးသည့် မြန်မာနိုင်ငံ ကုန် သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ထံမှ သိရသည်။
ယခု ဒုတိယအသုတ်အဖြစ် နိုင်ငံတော်ဘက်မှ ထုတ်ချေးပေးမည့် ပမာဏမှာ ကျပ် ဘီလီယံ ၁၀၀ သာ လျာထားပြီး လျှောက်ထားသူမှာ များနေကြောင်း မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) တွဲဖက် အတွင်းရေးမှူး ဦးအေးထွန်းက ပြောသည်။
“ပြီးခဲ့တဲ့ တခေါက်က ပယ်လိုက်တဲ့ လျှောက်လွှာတွေကတော့ အခုတကြိမ်မှာ ထုတ်ပေးတဲ့ ကဏ္ဍနဲ့ တူရင် ရတယ်။ အခု တကြိမ်က သြဂုတ်လ ၁၀ ရက်မှာ လျှောက်လွှာ ပိတ်ပါတယ်။ ဒါတွေကို ဒီလ၂၁ ရက် နောက်ဆုံးထားပြီး စိစစ် လုပ်ဆောင် ပါမယ်” ဟု ၎င်းက ဆိုသည်။
ယခုတကြိမ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေထွက်ပစ္စည်း ထုတ်လုပ်သည့် လုပ်ငန်းများ၊ ပြည်ပပို့ကုန် ထုတ်လုပ်သည့် ကုန်ထုတ်လုပ်ငန်းများ၊ သွင်းကုန် အစားထိုး ပစ္စည်း ထုတ်လုပ်သည့် ကုန်ထုတ်လုပ်ငန်းများ ပြည်တွင်း ထုတ်လုပ်မှုမှ ပြည်ပ တင်ပို့သည်အထိ ထုတ်လုပ်မှု ကွင်းဆက် (Supply Chain) တလျှောက် ပါဝင်ဆောင်ရွက်သည့် လုပ်ငန်းများ၊ စား သောက်ကုန် ထုတ်လုပ်သည့် ကုန်ထုတ်လုပ်ငန်းများ၊ ပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းများနှင့် အသက်မွေးဝမ်း ကျောင်း ပညာသင်ကျောင်းများ စသည့်ကဏ္ဍများကို ဦးစားပေး ထုတ်ချေးပေးမည် ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် အသုတ် ချေးငွေတွင် ဦးစားပေး ကဏ္ဍများဖြစ်သည့် အသေးစားနှင့် အလတ်စား (MSME) လုပ်ငန်းများ၊ လက်ခ စား (CMP) လုပ်ငန်းများ၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများကို ထုတ်ချေးပေးခဲ့ခြင်းဖြစ်ပြီး လျှောက်ထားသည့် လုပ်ငန်းရှင် ပေါင်း ၅ ထောင် နီးပါးမှ လုပ်ငန်းရှင်ပေါင်း ၃ ထောင်ကျော်သာ ချေးငွေ ရရှိခဲ့သည်။
လုပ်ငန်းရှင်များ၏ တင်ပြချက် မှန်၊ မမှန်ကို ဝန်ကြီးဌာနက လာသည့် ကိုယ်စားလှယ်များ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ညွှန်ကြားမှု ဦး စီးဌာန (DICA) က တာဝန်ရှိသူများနှင့် စိစစ်ဆောင်ရွက်နေပြီး ယခုချေးငွေသည် အပေါင်ပစ္စည်းမဲ့ ဖြစ်သည့်အတွက် ဘဏ္ဍာရေး ရှင်းတမ်းများ မှန်၊ မမှန်ကိုလည်း ပြင်ပ ကျွမ်းကျင် ပညာရှင်များအဖွဲ့ကို ခေါ်ယူ စိစစ်ခြင်းတို့ကို တပြိုင်နက် ဆောင်ရွက်လျက် ရှိကြောင်း ရှင်းပြသည်။
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီး ဌာန အမြဲတမ်း အတွင်းဝန် ဦးအောင်နိုင်ဦးက “ကျနော်တို့ဆီကို စုစုပေါင်း လျှောက်လွှာ ၇၀၀၀ ကျော်လောက် လက်ခံထားပါတယ်။ အမြန်ဆုံး စိစစ်ခွင့်ပြုသွားပါမယ်။ ဘယ်လောက် ခွင့် ပြုနိုင်မယ်ဆိုတာတော့ လျှောက်လွှာတွေ စိစစ်ပြီးမှ သိပါမယ်” ဟု ဒုတိယအသုတ် ချေးငွေ လျှောက်လွှာ လက်ခံရရှိမှု အခြေအနေကို ဧရာဝတီသို့ ပြောပြသည်။
ယခုအသုတ် ချေးငွေလျှောက်ထားသူများတွင် စားသောက်ကုန် ထုတ်လုပ်သည့် လုပ်ငန်းများ၊ သွင်းကုန် အစားထိုးပစ္စည်း ထုတ်လုပ်သည့် ကုန်ထုတ် လုပ်ငန်းများ ပြည်တွင်း ထုတ်လုပ်မှုမှ ပြည်ပတင်ပို့သည်အထိ ထုတ်လုပ်မှု ကွင်းဆက် (Supply Chain) လုပ်ငန်းများက အများဆုံး ဖြစ်ကြောင်း သိရသည်။
အစိုးရမှ ချေးပေးသော ချေးငွေ၏ အတိုးနှုန်းမှာ ၁ ရာခိုင်နှုန်းနှင့် ချေးငွေကာလမှာ ၁ နှစ် သတ်မှတ်ထားပြီး၊ ပထမအကြိမ် COVID 19 ချေးငွေ ရရှိထားပြီးသူများအနေဖြင့် ထပ်မံ လျှောက်ထား၍ မရပေ။
ဒုတိယအသုတ် ချေးငွေ လျှောက်လွှာ တင်ရာတွင် ဦးစားပေးကဏ္ဍဖြစ်သည့် စိုက်ပျိုး/မွေးမြူရေးကဏ္ဍတွင် လုပ်ငန်း လိုင် စင် မပြနိုင်သဖြင့် အခက်အခဲအနည်းငယ်ရှိခဲ့သော်လည်း၊ သက်ဆိုင်ရာမြို့နယ်အသီးသီးမှ အဆိုပါ လျှောက်ထားသည့် သူကို အမှန်တကယ် လုပ်ကိုင်ကြောင်း ထောက်ခံချက်ပေးပါက ချေးငွေလျှောက်လွှာကို လက်ခံ၍ တင်ပေးနေကြောင်း UMFCCI မှ ဦးအေးထွန်းက ပြောဆို သည်။
မွန်ပြည်နယ် သီးနှံစိုက်ပျိုးရေး တောင်သူ ဦးဝင်းရွှေက “အခု အသုတ်မှာ စိုက်ပျိုးရေးအတွက် ချေးငွေကပါတော့ ဝမ်းသာ ပါတယ်။ ဒါပေမယ့် တကယ့် စိုက်ပျိုးတဲ့ တောင်သူတွေက ဘယ်လိုလုပ်ရမှန်း လျှောက်ရမှန်း မသိတာနဲ့ ရန်ကုန်နဲ့နီးတဲ့ အသိုင်းအဝိုင်းက သူတွေလောက်ပဲ လျှောက်မိတယ်။ အများစုက မလျှောက်မိဘူး” ဟု ဧရာဝတီသို့ ပြောပြသည်။
အစိုးရအနေနှင့် ယခုလို ကိုဗစ် ကုစားရေး ချေးငွေများကို ထုတ်ချေးပေးခြင်းကို လုပ်ငန်းရှင်များက ကြိုဆိုကြသော်လည်း ကိုဗစ်ကြောင့် ထိခိုက်သည့် ကဏ္ဍများသည် စီးပွားနယ်ပယ် တခုလုံးဖြစ်သည့်အတွက် နှစ်ကြိမ်စလုံးတွင် ပါဝင်ခြင်း မရှိ သေးသော ဥပမာ- ဆောက်လုပ်ရေးကဏ္ဍ၊ စာပေထုတ်လုပ်ရေး ကဏ္ဍ၊ ရုပ်ရှင်ထုတ်လုပ်ရေး လုပ်ငန်းများ၊ မော်တော်ယာဉ် ထုတ်လုပ် ဖြန့်ဖြူး ရောင်းချသည့် လုပ်ငန်းများ အစရှိသည့် ကဏ္ဍများကို တပြိုင် ထုတ်ပေးစေချင်ကြောင်း လုပ်ငန်းရှင်များ က ပြောသည်။
ထိုပြင့် ချေးငွေကိုလည်း စိစစ်ပြီးသည်နှင့် မြန်မြန်ဆန်ဆန် ထုတ်ပေးရန်လည်း မျှော်လင့်နေကြသည်။
You may also like these stories:
ကိုဗစ်ချေးငွေ ပြန်ဆပ်ကာလ ၁ နှစ် သတ်မှတ်ချက် အစိုးရ ပြန်သုံးသပ်ပေးမည်
စီးပွားရေး လုပ်ငန်း ၁ ထောင်ကျော်ကို အစိုးရ ကျပ် ၃၆ ဘီလီယံကျော် ထုတ်ချေး
ဝေဖန်မှုများ ထွက်ပေါ်နေသည့် အစိုးရချေးငွေ ဂယက်