အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) အနေဖြင့် ရခိုင်ပြည်နယ်အတွင်း မဲဆန္ဒနယ် အပြည့် ဝင်ပြိုင်ရန် ရွေးကောက်ပွဲ ကော်မရှင်ထံ အမည်စာရင်း တင်သွင်းထားကြောင်း ပါတီ ခေါင်းဆောင်များက ပြောသည်။
NLD ပါတီ အနေဖြင့် ကနဦး အခြေအနေမှာ ရခိုင်ပြည်နယ်အတွင်းရှိ မင်းပြားမြို့နယ် အပါအဝင် တချို့သော မြို့နယ်များ တွင် လစ်လပ်မည့် အနေအထား ရှိခဲ့သော်လည်း နောက်ပိုင်း၌ ဝင်ရောက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများထွက် ပေါ်လာသည့်အတွက် မဲဆန္ဒနယ် အပြည့် ဝင်ရောက် ယှဉ်ပြိုင်ရန် အမည်စာရင်း တင်သွင်းထားခြင်း ဖြစ်ကြောင်း NLD ပါတီမှ ရခိုင်ပြည်နယ် ဒု ဥက္ကဌ ဦးစိုးလေးက ပြောသည်။
ဦးစိုးလေးက “ကျနော်တို့ပါတီက နေရာအပြည့်အကုန် ဝင်ပြိုင်ဖို့ ကော်မရှင်မှာ တင်ထားပြီးပြီး။ တိုင်းရင်းသားရေးရာ ဝန်ကြီးနေရာတွေရောပဲ ။ ၄၅ နေရာလုံး ဝင်ပြိုင်ဖို့ တင်ထားပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ပါတီ အနေဖြင့် ရခိုင်တပြည်လုံး နေရာအပြည့် ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်သော်လည်း မဲဆန္ဒနယ် မည်မျှ အနိုင်ရရှိမည် ဆိုသည့်ကိစ္စ အပါအဝင် မည်သည့် ပါတီနှင့် အဓိက အကြိတ်အနယ် ယှဉ်ပြိုင်ရမည် ဆိုသည်ကိုမူ ထုတ်ဖော် မပြောကြား လိုကြောင်းလည်း ၎င်းက ဆိုသည်။
လက်ရှိ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားလျက်ရှိသော စစ်ရေးပဋိပက္ခကြောင့် အာဏာရ NLD အစိုးရအပေါ် ဒေသခံ ပြည် သူများက အမြင်မကြည်လင်မှုများ ရှိသည့်အတွက် NLD ပါတီဝင်များအနေဖြင့် စိန်ခေါ်မှုနှင့် အခက်အခဲ တချို့ ရှိနေ ကြောင်းလည်း သိရသည်။
NLD ပါတီမှ ခေါင်းဆောင်တဦး ဖြစ်သူ မုံရွာအောင်ရှင်ကလည်း ရခိုင်ပြည်နယ်အတွင်း နေရာပြည့် ဝင်ရောက် အရွေးခံ မည် ဖြစ်ကြောင်း ပြောသည်။
၎င်းက “ရခိုင်မှာ မြို့နယ်တချို့မှာ မပြိုင်တော့ဘူး ဆိုပြီး လုပ်ခဲ့တာ ရှိတယ်။ နောက်ပိုင်းမှာ နေရာအပြည့် ဝင်ပြိုင်မယ်ဆို တာတော့ သိရတယ်။ ဘယ်နှနေရာလောက် နိုင်မယ်ဆိုတာတော့ တပ်အပ်ပြောလို့ မရဘူးဗျ။ ဒီနှစ် ရွေးကောက်ပွဲကတော့ ရခိုင်အပါအဝင် ဒေသအားလုံးမှာ ကျနော်တို့ တော်တော်လေး ကြိုးစား ရုန်းကန်ရမယ် အနေအထားတော့ ရှိတယ်” ဟု ဧရာဝတီသို့ ပြောဆိုသည်။
လက်ရှိ ဖြစ်ပေါ်နေသာ နိုင်ငံရေး အခင်းအကျင်းကြောင့် ရခိုင်ပြည်နယ် တောင်ပိုင်းသံတွဲ၊ တောင်ကုတ်၊ ဂွ စသည့် မြို့နယ် များတွင်လည်း လာမည့် ၂၀၂၀ ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ပြည်သူများ စိတ်ဝင်စားမှု ကျဆင်းနေကြောင်းလည်း ဒေသ ခံများက ပြောသည်။
သံတွဲမြို့ခံ ဒေါ်ကေဇင်ဦးက “ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ပြည်သူတွေက စိတ်ဝင်စားမှု နည်းတယ်။ ဟိုဘက်မှာလည်း စစ်ပွဲ ဖြစ်နေတယ်။ ဒီဘက်မှာလည်း အဖမ်းခံရတဲ့ လူတွေရှိတယ်ဆိုတော့ လူတွေက နိုင်ငံရေးနဲ့ မပတ်သက်ချင်ကြဘူး။ ကိုယ့် စားဝတ်နေရေး အတွက်ပဲ အာရုံစိုက်ပြီး နေကြတာ များတယ်” ဟု ဧရာဝတီသို့ ပြောသည်။
သို့သော်လည်း ပါတီများအနေဖြင့် လူငယ်များကို ပွဲထုတ်လာမှု ရှိသလို တချို့ပါတီများကလည်း လူစားလဲကာ ရွေး ကောက်ပွဲ ဝင်ပြိုင်ရန် ပြင်ဆင်လာမှုများကို တွေ့ရှိရသည့်အတွက် စိတ်ဝင်စားမှု တဖန် မြင့်တက်လာကြောင်းလည်း ဒေသခံများက ဆိုသည်။
လာမည့် နိုဝင်ဘာလ ၈ ရက်တွင် ရွေးကောက်ပွဲ ကျင်းပရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကြေညာထားပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ပြီးခဲ့သော ဇူလိုင်၂၅ ရက်မှနေ ယခုလ သြဂုတ်လ ၇ ရက်အထိ သက်ဆိုင်ရာ ရပ် ကွက်၊ မြို့နယ် အုပ်ချုပ်ရေးမှူးရုံးတို့တွင် ပထမအကြိမ်အဖြစ် မဲစာရင်းများ ကပ်ထားသည်။
သို့သော်လည်း စစ်ရေး ပဋိပက္ခ ပြင်းထန်နေသော ရခိုင်ပြည်နယ် မြောက်ပိုင်း မြို့နယ်များရှိ ကျေးရွာအုပ်စုများတွင် ဒေသ ခံ ပြည်သူများအနေဖြင့် ရွေးကောက်ပွဲကို စိတ်ဝင်စားမှု အားနည်ပြီး မဲစာရင်း လာကြည့်သူ နည်းပါးကြောင်းလည်း သိရ သည်။
ရခိုင်ပြည်နယ်အတွင်း ရွေးကောက်ပွဲ ဝင်ရန် နိုင်ငံရေးပါတီ ၁၃ ပါတီနှင့် တသီးပုဂ္ဂိုလ်အဖြစ် အမျိုးသားလွှတ်တော်၊ ပြည်သူ့ လွှတ်တော်၊ ပြည်နယ်လွှတ်တော်တို့တွင် ဝင်ရောက် ယှဉ်ပြိုင်ရန် ကိုယ်စားလှယ်လောင်း ၃၈၆ ဦး လျှောက်လွှာ တင်ထား ကြောင်းလည်း သိရသည်။
လာမည့်၂၀၂၀ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်အတွင်း မဲရုံပေါင်း ၂၅၉၀ ကျော် ဖွင့်လှစ်ရန် စီစဉ်ထားပြီး ဆန္ဒမဲပေးခွင့် ရှိသူ ၁၆၄၀၀၀၀ ကျော်ရှိကြောင်းလည်း ရခိုင်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ က သိရသည်။
ရခိုင်ပြည်နယ်တွင် NLD သည် ပြီးခဲ့သော ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတုန်းက ရခိုင်မြောက်ပိုင်း မြို့နယ်များတွင် အနိုင် မရရှိခဲ့သော်လည်း တောင်ပိုင်းမြို့နယ်များတွင် အမျိုးသား လွှတ်တော် ၁ နေရာ၊ ပြည်သူ့လွှတော် ၄ နေရာနှင့် ပြည်နယ် လွှတ်တော်တွင် ချင်းတိုင်းရင်းသား ဝန်ကြီး နေရာ အပါအဝင် အမတ်နေရာ ၉ နေရာ အနိုင်ရရှိခဲ့သည်။
၂၀၁၉ ခုနှစ် ဒီဇင်ဘာလက ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ဥက္ကဋ္ဌ ဦးရဲသိန်းကို အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ)တွင် မြန်မာနိုင်ငံကိုယ်စားပြု သွားရောက်ဖြေရှင်းနေသည့် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံပွဲပြုလုပ်မည်ကို မနှစ်သက်ဆိုကာ ရခိုင်စစ်တပ်(AA)က ဖမ်းဆီးသွားပြီးနောက် တိုက်ပွဲအတွင်း လက်နက်ကြီး ကျည်ထိ၍ သေဆုံးသွားကြောင်း ထုတ်ပြန်ခဲ့သည်။
ဆက်စပ်ဖတ်ရှုရန်
ရခိုင်က တပ်မဲရုံတွေမှာ မဲဘယ်လိုပေးကြရမလဲ
ရခိုင်ပြည်နယ်တွင် ကျေးရွာအုပ်စု ၁၅ စု မဲစာရင်း မကပ်နိုင်
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ရေးအရာရှိဟောင်း ဒေါက်တာတင်မာအောင် ရွေးကောက်ပွဲ ဝင်မည်
မဲဆန္ဒနယ် ၄၄ နေရာအထိ NLD ကိုယ်စားလှယ်လောင်း လစ်လပ်
ဘူးသီးတောင် NLD ပါတီ ဥက္ကဋ္ဌ သေဆုံးမှု တိုက်ပွဲကြောင့် မဟုတ်ဟု တပ်မတော် ပြော
ICJ ထောက်ခံပွဲကို မကြိုက်၍ NLD ဥက္ကဋ္ဌကို ဖမ်းလိုက်တာဟု AA ပြော