မြေဂရန် အတုပြုလုပ်မှုဖြင့် မန္တလေး စည်ပင်ဌာန၊ မြေယာဌာနမှ ဝန်ထမ်းများကို အရေးယူထားကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ သတင်းရရှိသည်။
အဆိုပါ အရေးယူခံရသူများတွင် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ၊ မြို့ပြ စီမံ ကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနမှ ဌာနမှူး အပါအဝင် ဌာနခွဲမှူး၊ ဌာနစုမှူးနှင့် မြေတိုင်းစာရေး ဝန်ထမ်း စုစုပေါင်း ၁၁ ဦး ပါ ဝင်ကြောင်း သိရသည်။
သို့ရာတွင် ယင်းကိစ္စနှင့် ပတ်သက်၍ အသေးစိတ် ထပ်မံ အတည်ပြု မေးမြန်းရန် မန္တလေးမြို့တော်ဝန် အပါအဝင် ဒု မြို့တော်ဝန်နှင့် ကော်မတီ အတွင်းရေးမှူးတို့ကို ဧရာဝတီမှ ဖုန်းဖြင့် အကြိမ်ကြိမ် ဆက်သွယ်သော်လည်း ပြန်လည် ဖြေကြားခြင်း မရှိပေ။
ယင်းအမှုအား မန္တလေးတိုင်း အစိုးရအဖွဲ့နှင့် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်တို့က လွန်ခဲ့သည့်၁နှစ်ကျော် ကတည်းက စစ်ဆေးခြင်းဖြစ်ပြီး သြဂုတ် ၁၁ ရက်က စည်ပင်ဌာနက အပြီးသတ် အမိန့်ချမှတ်ခဲ့ပြီး အဆိုပါဖြစ်စဉ်တွင် ပါဝင်သူ အများစုအား လက်ရှိ ရာထူးမှချ၍လည်းကောင်း၊ ဌာနပြောင်းရွှေ့ခြင်းဖြင့် လည်းကောင်း၊ ရာထူးတိုးခွင့် ရပ် ဆိုင်းခြင်း စသည်တို့ဖြင့် အရေးယူသွားမည်ဟု The Voice Journal တွင် ဖော်ပြထားသည်။
မန္တလေး စည်ပင် နယ်နိမိတ်အတွင်း မြေဂရန်အတုများအား ဌာနဆိုင်ရာဝန်ထမ်းနှင့် မြေပွဲစားများ ပူးပေါင်း၍ အစိုးရ စီမံခန့်ခွဲပိုင်ခွင့်ရှိသော မြေများ၌ အကွက်ရိုက် ရောင်းချမှုများ ပြုလုပ်သဖြင့် ရောင်းမှားဝယ်မှား ပြုမိသူ အများစုမှာ နစ် နာမှုများ ဖြစ်ပေါ်သဖြင့် ပြီးခဲ့သည့် မန္တလေးတိုင်းလွှတ်တော် ၁၈ ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ချမ်းမြသာစည် မြို့နယ် တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးမြင့်အောင်မိုးက ထိရောက်သည့် အရေးယူမှုများ ပြုလုပ်ရန် အစီအစဉ် ရှိ၊ မရှိကို မေးမြန်းခဲ့သည်။
“ပြီးခဲ့တဲ့ နှစ်တွေကတည်းက ဒီဂရန်အတုတွေနဲ့ မသိနားမလည်ဘဲ ဝယ်မိတဲ့သူတွေက လိမ်ခံရတာ အများကြီးပဲ။ ဒါကြောင့်မို့လည်း လွှတ်တော်မှာ တင်ပြခဲ့တာပါ။ အစိုးရရဲ့ တရားဝင် စာရွက်စာတမ်းတွေကို အတုပြုလုပ်တဲ့အခါ ဌာနဆိုင်ရာ ဝန်ထမ်းတွေ မပါဘဲနဲ့တော့ မဖြစ်နိုင်တဲ့အတွက် ထိရောက်တဲ့ ပုဒ်မတွေနဲ့ ပြောင်းလဲ တရားစွဲအရေးယူဖို့ တင်ပြခဲ့တာပါ” ဟု ၎င်းက ဧရာဝတီကို ပြောသည်။
အိမ်ခြံမြေ လောကတွင် ၁၀ နှစ်ကျော် လုပ်ကိုင်လျက်ရှိသော ဖိုးလမင်း အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းမှ ဦးဝဏ္ဍစိုး က “ဂရန်အတုလုပ်ပြီး အရောင်းအဝယ် လုပ်နေတာက ဂိုဏ်းနဲ့ကို ရှိနေတာပါ။ သူတို့က ကျနော်တို့လို ပေါ်ပေါ်ထင် ထင် လုပ်ကိုင်တာမျိုး မဟုတ်သလို ဈေးနှုန်း အချိုအချောင် နှိုက်ချင်တဲ့သူတွေ၊ မြေနဲ့ပတ်သက်ပြီး သေချာ မသိနား မလည်တဲ့သူတွေကို သားကောင်အဖြစ် ပစ်မှတ်ထားပြီး လိမ်လေ့ ရှိတယ်” ဟု ဧရာဝတီကို ရှင်းပြသည်။
You may also like these stories:
မိုးကုတ် ကျောက်တွင်းဟောင်းပြိုကျမှု ၁ ဦး သေဆုံး
အသတ်ခံရသည့် ရှမ်းနီကျောင်းသား ၂ ဦး၏ ရုပ်အလောင်း KIA ထံမှ ပြန်မရသေးဟုဆို
၆ ဦးသေဆုံးသည့် ယာဉ်တိုက်မှု၊ ယာဉ်မောင်းကို ပုဒ်မ ၄ခုဖြင့် အမှုဖွင့်