ရခိုင်ပြည်နယ် ကျောက်တော်မြို့မ ရဲစခန်းမှူး သေနတ်ဖြင့်ပစ်ခတ် လုပ်ကြံသတ်ဖြတ်ခံရပြီးနောက် မြို့ပေါ်ကို လုံခြုံရေးတိုးမြှင့်ချထားကြောင်း သတင်းရရှိသည်။
အဆိုပါ စခန်းမှူး ဒုရဲမှူး ထွန်းနိုင်ဦးနှင့် ဒုရဲအုပ် အောင်မျိုးထွန်းတို့သည် ယမန်နေ့ ညနေပိုင်းက စခန်းရှေ့ ကိုက် ၃၀ ခန့် အကွာရှိ ဈေးဆိုင်၌ ထိုင်နေစဉ် အမည်မသိ လူ ၄ ဦးမှ လာရောက်၍ စခန်းမှူးအား သေနတ်ဖြင့် ပစ်ခတ်သွားခြင်း ဖြစ် ကြောင်း ရဲတပ်ဖွဲ့က သိရသည်။
ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူးကြီး မောင်မောင်စိုးက “ဖြစ်စဉ်ကတော့ မှန်ပါတယ်။ စခန်းမှူးကတော့ သေနတ်ဒဏ် ရာနဲ့ မနေ့ကတည်းက ဆုံးသွားတယ်။ လောလောဆယ်တော့ တရားခံကို ရှာဖွေ စုံစမ်းနေဆဲပါပဲ” ဟု ဧရာဝတီသို့ ပြော သည်။
ထိုသို့ ပစ်သတ်ခံရသည့်အတွက် စခန်းမှူး ဒုရဲမှူး ထွန်းနိုင်ဦးမှာ ဦးခေါင်းနောက်စေ့ ကျည်ထိ ဒဏ်ရာ ၁ ချက်၊ ကျည် ဖောက်ဝင် ဒဏ်ရာ ၁ ချက်၊ စုစုပေါင်း ဒဏ်ရာ၂ ချက်ရရှိကာ သေဆုံးသွားခြင်း ဖြစ်ကြောင်းလည်း သိရသည်။
ကျောက်တော်မြို့ခံတဦးက “မနေ့က စခန်းဘက်ကတော့ သေနတ်ပစ်ခတ်သံတွေတော့ ကြားရတယ်။ ဘာဖြစ်တယ် ဆို တာတော့ တယောက်မှ အိပ်ပြင်မထွက်ရဲကြတဲ့အတွက် သေချာတော့ မသိဘူး။ ဒီနေ့မနက်တော့ သေနတ်ပစ်ခံရလို့ စခန်း မှူး သေဆုံးတယ် လို့တော့ ကြားရတယ်” ဟု ဧရာဝတီသို့ ပြောသည်။
လက်ရှိ အချိန်တွင် ကျောက်တော်မြို့ပေါ် ရပ်ကွက်များတွင် တပ်မတော် စစ်ကြောင်းမှ လာရောက်ကာ လုံခြုံရေး ဆောင် ရွက်လျက် ရှိပြီး စိုးရိမ်မှုများကြောင့် မြို့ပေါ် ဈေးဆိုင်ခန်းများမှာလည်း ပိတ်ထားကြောင်း ဒေသခံများက ဆိုသည်။
ပြီးခဲ့သော ဇွန်လ ၁၃ ရက် ညနေ ၃ နာရီခန့်ကလည်း ကျောက်တော်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ် အောင်မင်းဇော် မှာ မြို့လယ် လမ်းမတွင် ဓားထိုး လုပ်ကြံ သတ်ဖြတ်ခံရပြီး သေဆုံးသွားခဲ့သည်။
၂၀၁၉ ခုနှစ် သြဂုတ်လ ၁၉ ရက်ကလည်း ကျောက်တော်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး စောသန်းလွင်မှာ ရေယာဉ် ဆိပ်ကမ်း တွင် အုပ်ချုပ်မှုကိစ္စ ဆောင်ရွက်နေစဉ် ဓားထိုးခံရသလို စက်တင်ဘာလ ၂၂ ရက်ကလည်း ဆိပ်ကမ်း တာဝန်ခံ ရဲတပ်ကြပ် ကြီး မောင်လှမှာ နေအိမ်မှ ဆိုင်ကယ်ဖြင့် စခန်းသို့ သွားရောက်စဉ် ဓားထိုးခံရ၍ သေဆုံးခဲ့သည်။
ရခိုင်ပြည်နယ်အတွင်း ရဲတပ်ဖွဲ့ဝင်များ အပါအဝင် ကျေးရွာတချို့တွင် ယခုကဲ့သို့သော သတ်ဖြတ်ခံရသည့် ဖြစ်စဉ်များ မကြာခဏဖြစ်ပွားနေပြီး သက်ဆိုင်ရာ အဖွဲ့အစည်းများက လုပ်ကြံသတ်ဖြတ်ခံရသည့် အကြောင်းရင်းများနှင့်အတူ ကျူး လွန်သည့် တရားခံများကို လက်ရှိ အချိန်အထိ ဖော်ထုတ်ဖမ်းဆီးနိုင်ခြင်း မရှိသေးပေ။
ဆက်စပ်ဖတ်ရှုရန်
စစ်တွေစခန်းမှ ရဲ ၁ ဦး ဓားထိုး သတ်ဖြတ်ခံရ
ကျောက်တော် မြို့လယ်၌ ရဲအရာရှိ ၁ ဦး သတ်ခံရ၍ သေဆုံး
ကျောက်တော်မြို့ပေါ်တွင် ပစ်ခတ်မှုဖြစ်ပွား