ရခိုင်စစ်တပ် (AA) က ရခိုင်ပြည်လွတ်မြောက်ရေး ပါတီ (ALP) အဖွဲ့ဝင် ၅ ဦးကို ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်း မြို့နယ်ရှိ မြောင်ကြီးကျေးရွာအနီးတွင် သြဂုတ်လ အတွင်း ထပ်မံ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု ALP ပါတီထံမှ သတင်း ရရှိသည်။
ဖမ်းဆီးခံရသူ ၅ ဦးမှာ ALP၏ တွဲဖက်အတွင်းရေးမှူး(၁) ခိုင်အောင်စိုးသန်း၊ ဆက်ဆံရေးရုံး ဝန်ထမ်း ခိုင်ဌေးနှင့် ဆေးဘက် ဆိုင်ရာ လူထု အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်နေသော ရခိုင်လူထု ကျန်းမာရေး လုပ်သားအဖွဲ့ (RCHWA)မှ ဆေး ဝန်ထမ်းများ ဖြစ်ကြသည့် ခိုင်မျိုးဇံ၊ ခိုင်မိုးဇက်နှင့် ခိုင်ဟိန်းဇော်တို့ ဖြစ်သည်။
ALP ပါတီမှ ဒုဗိုလ်မှူးကြီး ခိုင်ကျော်လှိုင်က “သြဂုတ် ၁၀ ရက်က နာရေးအပြီး ကျန်ခဲ့တဲ့ ၃ ယောက် ပြန်လာတဲ့ လမ်းမှာ ဖမ်း သွားပြီး ခိုင်အောင်စိုးသန်းနဲ့ ခိုင်ဌေးကို သူတို့နေတဲ့ ပုဏ္ဏားကျွန်းမရောက်မီ မြောင်ကြီးရွာအနီး တဝိုက်ရှိတဲ့ နေအိမ်မှာ လာဖမ်းသွားတာပါ”ဟု ဧရာဝတီသို့ ပြောသည်။
ဆက်လက်ပြီး ၎င်းက “ခိုင်သုခက RFA နဲ့ အင်တာဗျူးမှာ သူတို့က ALP အဖွဲ့ဝင်မို့ ဖမ်းတာ မဟုတ်ဘူး။ သောက်စား မူးယစ်နေလို့ ရခိုင်အာဏာပိုင်အဖွဲ့အစည်းက ခေါ်ယူစစ်ဆေးနေတာ ဖြစ်တယ်လို့ ပြောတယ်။ ခိုင်သုခက ALP မှာ အတွင်းရေးမှူးချုပ်လုပ်ခဲ့တုန်းက ခိုင်အောင်စိုးသန်း ဘာလဲဆိုတာ သူ ကောင်းကောင်း သိ တယ်။ အင်တာဗျူးထဲမှာ ALP က လူတွေကို သူမဖမ်းပါဘူးဆိုတာ လုံးဝသဘာဝမကျဘူးလို့ ကျနော်မြင်တယ် ”ဟု ပြောသည်။
ALP ၏ သြဂုတ်လ ၁၁ ရက်က ထုတ်ပြန်ထားသည့် ကြေညာချက် တွင် ဆိုင်ကယ်မတော်တဆဖြစ်မှုကြောင့် သေဆုံး သွားသည့် ကျန်းမာရေးလုပ်သား အဖွဲ့ဝင် ၁ ဦး၏ နာရေးဆောင်ရွက်အပြီး အပြန်လမ်းတွင် အဖွဲ့ဝင် ၃ ဦးကို AA က ဖမ်းဆီးခဲ့ပြီး ခိုင်အောင်စိုးသန်းနှင့် ခိုင်ဌေးကို ၎င်းတို့၏ နေအိမ်တွင် ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း သိရသည်။
AA က ALP တပ်ဖွဲ့ဝင်များအပေါ် လူထု အားကိုးယုံကြည်မှု လျော့ကျစေရန် ယခုကဲ့သို့ ဖမ်းဆီးသတ်ဖြတ်ခြင်း ဖြစ်နိုင် ကြောင်း ရခိုင်ပြည်နယ်ရှိ စစ်ရှောင်များအရေးဆောင်ရွက်နေသည့် လူမူအဖွဲ့အစည်းတချို့က မှတ်ချက် ပေးသည်။
AA အဖွဲ့သည် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးထားသည့် ALP အဖွဲ့ဝင်များကို အလားတူ ဖမ်းဆီးမှုမျိုးကို ၂၀၁၇ ခုနှစ်တွင် ၂ ကြိမ်နှင့် ၂၀၂၀ ခုနှစ်တွင် ၂ ကြိမ်စီ ကျူးလွန်ထားကြောင်း ALP မှ သိရသည်။
ဖမ်းဆီးမှု ၄ ကြိမ်တွင် ALP အဖွဲ့ဝင် ၁၂ ဦး ဖမ်းဆီးခံခဲ့ရပြီး ၂ ဦးမှာ ထွက်ပြေးလွတ်မြောက်လာခဲ့ကြောင်း၊ ကျန် ၁၀ ဦးမှာ လွတ်မြောက်လာခြင်းမရှိသလို ဖမ်းခံထားရသည့် ALPအဖွဲ့ဝင်တချို့ကို AAက သတ်လိုက်ပြီဆိုသည့် သတင်းများလည်း ထွက်ပေါ်နေကြောင်း သိရသည်။
AA ဖမ်းဆီးခံရသည့် ALP အဖွဲ့ဝင်များ လွတ်မြောက်ရေးအတွက် မီဒီယာမှတဆင့်ပြောကြားခြင်းမှ အပ တပ်မတော်၊ AA တို့နှင့်လည်း ဆွေးနွေးမှု လုပ်ဆောင်ခြင်း မရှိသေးကြောင်း၊ ရခိုင်လူမျိုးအချင်းချင်း ဖမ်းဆီးခြင်းသည်လည်း မဖြစ်သင့်ကြောင်းလည်း ဒုဗိုလ်မှူးကြီး ခိုင်ကျော်လှိုင်က ဆိုသည်။
လက်ရှိ AA ဖမ်းဆီးသွားသူများ အပါအဝင် ယခင်ဖမ်းဆီးခံထားရသည့် ALP အဖွဲ့ဝင်များအားလုံးကို အမြန်ဆုံး ပြန်လွှတ် ပေးရန် ALP က တောင်းဆိုထားသည်။
၂၀၁၇ ခုနှစ်ကလည်း AA အဖွဲ့က မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ ALP တပ်စခန်းဌာနချုပ်ကို ဝင်ရောက် တိုက်ခိုက်ရာတွင် ALP တပ်ဖွဲ့ဝင် အများအပြား သေဆုံးခဲ့ရသည်ဟု သိရသည်။
ဆက်စပ်လင့်
AA ဖမ်းဆီးထားသည့် ALP တပ်ဖွဲ့ဝင်သုံးဦး အသတ်ခံရဟုဆို
လက်သည်မပေါ်သောအမှုများနဲ့ ရခိုင်ပြည်နယ် ဥပဒေစိုးမိုးရေး
ALP အဖွဲ့ဝင် ၃ ဦးကို AA ဖမ်းဆီး၊ တဦး အသတ်ခံရဟု သတင်းထွက်
ရခိုင်လက်နက်ကိုင် ၂ ဖွဲ့ကြား ဆက်ဆံရေး တင်းမာ