တပ်မတော်သား မိသားစုဝင်များသည် ပါတီ နိုင်ငံရေး မလုပ်ရဟူသော ညွှန်ကြားချက် တရားဝင်ရှိပြီးသား ဖြစ်ကြောင်း တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဧရာဝတီကို ပြောသည်။
တပ်မတော်သား အရာရှိတဦး၏ ဇနီးဖြစ်သူ အငြိမ်းစား ဗိုလ်ကြီး ဒေါ်အေမီဇင်ဝင်း၏ လာမည့်၂၀၂၀ ရွေးကောက်ပွဲ အတွက် ကိုယ်စားလှယ်လောင်း လျှောက်လွှာ တင်ရာတွင် တပ်မတော်က ဖိအားပေးမှုကြောင့် ပြန်လည် ရုပ်သိမ်းခဲ့ရသည် ဟူသော သတင်းများ ထွက်ပေါ်နေမှုနှင့် ပတ်သက်၍ ဧရာဝတီက မေးမြန်းရာ ထိုသို့ ဖြေကြားခဲ့ခြင်း ဖြစ်သည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက “ဒါ ပါတီတခုတည်း ရည်ညွှန်းတာ မဟုတ်ဘူး။ အကုန်လုံးအတွက် ရည်ညွှန်းထားတဲ့ စည်းမျဉ်း စည်းကမ်း ဖြစ်တယ်။ အခုမှ ထုတ်တဲ့ဟာတွေလည်း မဟုတ်ဘူး။ အစဉ်အဆက် လုပ်လာရတဲ့ စည်းမျဉ်းစည်းကမ်းတွေ ဖြစ်တယ်။ ဒါတွေက သမိုင်းကြောင်းတွေ ရှိတယ်” ဟု ဆိုသည်။
တချိန်တုန်းကလည်း တပ်မတော်အတွင်း နိုင်ငံရေး အယူဝါဒ ကွဲပြားမှုများကြောင့် တပ်ရင်းတချို့ တောခိုသွားသည့် သမိုင်းကြောင်းများလည်း ရှိခဲ့သည့်အတွက် ကြိုတင်ကာကွယ်ရခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
အလားတူ ဖြစ်ရပ်မျိုး ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်ကလည်း ဖြစ်ပွားခဲ့ပြီး ထိုစဉ်ကလည်း တပ်မတော်သတင်းမှန် ပြန်ကြားရေး အဖွဲ့က သတင်း ထုတ်ပြန်ခဲ့သလို ၎င်းအနေဖြင့်လည်း သတင်းမီဒီယာများသို့ ဖြေကြားခဲ့ကြောင်း ရှင်းလင်းပြောဆိုသည်။
ပခုက္ကူရှိ တပ်ရင်း တရင်းမှ စစ်သည်တဦး၏ သားဖြစ်သူသည် ပခုက္ကူတက္ကသိုလ် ကျောင်းသားသမဂ္ဂ၏ အတွင်းရေးမှူး တာဝန်ထမ်းဆောင်မှုကြောင့် တပ်အတွင်းသို့ ဝင်/ထွက်သွားလာခွင့် ပိတ်ပင်ခဲ့မှုအား ၎င်းက ရည်ညွှန်းပြောဆိုခြင်း ဖြစ် သည်။
ထိုစဉ်က ထုတ်ပြန်ခဲ့သည့် တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့၏ ထုတ်ပြန်ချက်၌ တပ်တည်မြဲ အမိန့်တွင် စစ်သည် အဆင့်အတန်း အားလုံးအား နိုင်ငံရေး ပါတီများနှင့် ဆက်သွယ်ခြင်း၊ နိုင်ငံရေး လှုပ်ရှားမှုများတွင် ပါဝင်ပတ်သက်ခြင်း၊ နိုင်ငံ တော်အစိုးရနှင့် တပ်မတော်၏ လုပ်ဆောင်ချက်များကို မလိုလားသော သဘောဖြင့် ဆန့်ကျင်မှု၊ လှုံ့ဆော်ဝါဒဖြန့်မှု၊ ဝိုင်းဖွဲ့ ဆွေးနွေးမှု၊ ဆူပူမှုအတွက် အားပေးအားမြှောက် ပြုခြင်းတို့ကို တားမြစ်ထားသည်ဟု ပါရှိသည်။
ထို့ပြင် အရာရှိ၊ အရာခံ၊ အကြပ်နှင့် တပ်သားတို့အား လိုက်နာရန် သတ်မှတ်ထားသော စည်းကမ်းဟူသမျှသည် သက်ဆိုင် ရာ အိမ်ထောင်သည် မှီခိုသူများနှင့်လည်း အကျုံးဝင်ကြောင်း သိရှိထားရမည်ဟု စည်းကမ်းသတ်မှတ်ထားသည်ဟုလည်း ဖော်ပြထားသည်။
ပြည်သူ့ရှေ့ဆောင်ပါတီ (PPP)ဝင် တဦးဖြစ်သူ ဒေါ်အေမီဇင်ဝင်းသည်၂၀၂၀ ရွေးကောက်ပွဲတွင် နေပြည်တော်၊ ဇေယျာ သီရိ မြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန် ပြီးခဲ့သည့် သြဂုတ် ၄ ရက်တွင် ခရိုင်ရွေး ကောက်ပွဲ ကော်မရှင်ရုံးသို့ လျှောက်လွှာသွားတင်ခဲ့ပြီး ထိုနေ့၌ပင် ပြန်လည် ရုပ်သိမ်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ပြည်သူ့ရှေ့ဆောင် ပါတီ ဒု ဥက္ကဋ္ဌ-၂ ဦးကျော်ဇေယျက “ပါတီကို သူ အကြောင်းပြတာက သူ့မိသားစု အခက်အခဲ ဖြစ်တဲ့အ တွက်လို့ ပြောတယ်။ သူက တော်တော်လေး နိုင်ငံရေး လုပ်ဖို့ စိတ်အားထက်သန်နေတယ်။ အန်ကယ်တို့လည်း သူ့ကို အား ကိုးတယ်။ မျှော်လည်း မျှော်လင့်တယ်။ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ရေးထားတာ တွေ့လိုက်တယ်။ အန်ကယ်လည်း အဲဒီလောက်ပဲ သိတယ်” ဟု ဧရာဝတီကို ပြောသည်။
ဆက်လက်၍ ၎င်းက ပါတီဝင် အနေဖြင့် ဆက်လက် ရှိနေသေးသည့် ဒေါ်အေမီဇင်ဝင်းအနေဖြင့် လာမည့် ၂၀၂၅ တွင် ထပ်မံ၍ PPP ပါတီ ကိုယ်စားပြုအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည် ဆိုလျှင်လည်း လက်ခံကြိုဆိုကာ အားပေးမည် ဖြစ်ကြောင်း ပြောဆိုသည်။
ကာယကံရှင်ဖြစ်သူ ဒေါ်အေမီဇင်ဝင်းက ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် အရာရှိဇနီး ဖြစ်နေသောကြောင့် PPP ပါတီမှ ဝင်ရောက် ယှဉ်ပြိုင်ခွင့် မရခြင်းနှင့် ပတ်သက်သည့် ပို့စ်တခု တင်ခဲ့ပြီး “ဘာလို့ တန်းတူညီမျှ အခွင့်အရေး မရတာလဲ” ဟူ၍ လည်း မေးခွန်းထုတ်ထားသည်။
ဒေါ်အေမီဇင်ဝင်း၏ မိတ်ဆွေ ဖြစ်သူ ဦးတင့်လွင်စိုး(ခ) ဦးဇော်သစ်က “တိုင်းမှူးကနေ သူ့အမျိုးသားကို ဖိအားပေးပြီးတော့ ဒီဟာကို လုပ်ခွင့်မပြုဘူး ဆိုတာကြောင့် ဒီလျှောက်ထားလွှာကို ပြန်ပြီး ရုပ်သိမ်းလိုက်ရတယ်။ နောက်ပိုင်းမှာ သူ့ယောကျ်ား ကို အရေးယူတယ်လို့ ပြောတယ်” ဟု ဆိုသည်။
၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတုန်းက ဒေါ်အေမီဇင်ဝင်း ကဲ့သို့ပင် တပ်မတော်မှ အရာရှိဇနီးတယောက်သည် အမျိုး သား တိုးတက်ရေး ပါတီမှ ဝင်ရောက် ယှဉ်ပြိုင်စဉ်က တပ်မတော်အနေဖြင့် ခွင့်ပြုခဲ့သည့်အတွက် ဒေါ်အေမီဇင်ဝင်းသည် လည်း ဝင် ပြိုင်ခွင့်ရမည်ဟု ယူဆကာ ကိုယ်စားလှယ်လောင်း လျှောက်လွှာတင်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
ယခုဖြစ်ရပ်အပေါ် မိတ်ဆွေတဦး အနေဖြင့် စိတ်မကောင်း ဖြစ်ရကြောင်း၊ ကာယကံရှင်အတွက် နစ်နာသကဲ့သို့ ပါတီ အတွက်လည်း နစ်နာကြောင်း၊ အကယ်၍ ဒေါ်အေမီဇင်ဝင်း လွှတ်တော်ထဲ ရောက်လာမည်ဆိုပါက တိုင်းပြည်နှင့် ပြည်သူ လူထုအတွက် အကျိုးရှိသောသူ တယောက်ဟု ယုံကြည်သောကြောင့် နိုင်ငံအတွက်လည်း နစ်နာသည်ဟု ထင်မြင် ကြောင်း ဦးတင့်လွင်စိုးက ပြောသည်။
ပြည်သူ့ရှေ့ဆောင် ပါတီ၏ တရားဝင် လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြချက်အရ ဒေါ်အေမီဇင်ဝင်းသည် ကချင်ပြည် နယ်၊ မိုးကောင်းဇာတိ ဖြစ်ပြီး ၂၀၀၁ မှ ၂၀၁၉ ထိ စစ်သူနာပြု အရာရှိဗိုလ်ကြီး အဖြစ် တပ်မတော် ဆေးရုံများတွင် တာ ဝန် ထမ်းဆောင်ခဲ့ကာ၂၀၂၀ တွင် တပ်မတော်မှ အငြိမ်းစားယူခဲ့ကြောင်း သိရသည်။
ဆက်စပ်ဖတ်ရှုရန်
တပ်မတော်သားများ လွတ်လပ်စွာ မဲပေးခွင့်ရှိကြောင်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်း ပြော
၂၀၂၀ ရွေးကောက်ပွဲနှင့် ပတ်သက်၍ တပ်မတော်အတွင်း ဆွေးနွေးမှုများပြုလုပ်