ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေး အရပ်ဘက်အဖွဲ့အစည်း ဖြစ်သည့် People’s Alliance for Credible Elections (PACE) အဖွဲ့ကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်(UEC)က ၂ဝ၂ဝ ရွေးကောက်ပွဲအတွက် စောင့်ကြည့် လေ့လာခွင့် မပြုတော့ကြောင်း PACE က ထုတ်ဖော် ပြောကြားသည်။
UEC မှ PACE အဖွဲ့သည် အသင်းအဖွဲ့ မှတ်ပုံတင်မရှိသည့်အတွက် ခွင့်မပြုခြင်း ဖြစ်သည်ဟု အကြောင်းပြန်ကြားခဲ့သလို၊ မိမိတို့အဖွဲ့ အနေဖြင့် အသင်းအဖွဲ့ မှတ်ပုံတင်ရန် ကြိုးစားရာတွင် UEC ၏ ထောက်ခံချက် မရခဲ့ကြောင်း PACE အဖွဲ့မှ အမှု ဆောင် ဒါရိုက်တာ စိုင်းရဲကျော်စွာမြင့်က ယနေ့ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
စိုင်းရဲကျော်စွာမြင့်က “ကျနော်တို့ကို အသင်းအဖွဲ့ မှတ်ပုံတင် မရှိတဲ့အတွက် ခွင့်မပြုနိုင်ဘူးလို့ UEC က ပြောတယ်။ ကျနော်တို့က အခုမှ လုပ်လာတဲ့ အဖွဲ့အစည်း မဟုတ်ဘူး။၂ဝ၁၅ ခုနှစ်ရွေးကောက်ပွဲ၊၂ဝ၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ၊ စည်ပင်ရွေးကောက်ပွဲတွေက အစ တရားဝင် ခွင့်ပြုချက်နဲ့ လုပ်ခဲ့တဲ့အဖွဲ့။ အခုမှ ခွင့်ပြုချက်မရ ဖြစ်ရတာ” ဟု ဆိုသည်။
PACE အဖွဲ့နည်းတူ ကျန်သည့် ရွေးကောက်ပွဲ လေ့လာ စောင့်ကြည့်သည့် အဖွဲ့များလည်း ခွင့်ပြုချက် မရသည်ကို သိရှိ ရသည်ဟု ပြောကြားခဲ့သော်လည်း မည်သည့်အဖွဲ့များ ဖြစ်သည်ကိုမူ အတိအကျ ပြောကြားခြင်း မရှိပေ။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ထုတ်ပြန်ထားသည့် ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သည့် အဖွဲ့အစည်းများ လုပ်ထုံးလုပ်လုပ်နည်းတွင် ဥပဒေအရ အကာအကွယ် ပေးထားပြီး ငြင်းပယ်ခံရလျှင်တောင် အယူခံဝင်ခွင့် ရသော်လည်း ယခုတွင် မိမိတို့အဖွဲ့သည် အပြီးအပြတ် ငြင်းပယ်ခြင်း ခံခဲ့ရသည်ဟု စိုင်းရဲကျော်စွာမြင့်က ဆိုသည်။
သို့ရာတွင် ပြီးခဲ့သည့် ရက်ပိုင်းက ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်ကို ထိုကဲ့သို့ လေ့လာ စောင့် ကြည့်ရေး အဖွဲ့များ၏ ခွင့်ပြုချက် နှောင့်နှေးကြန့်ကြာမှုများနှင့် ပတ်သက်ပြီး မေးမြန်းရာတွင် သတ်မှတ်ချက်အတိုင်း စိစစ် နေဆဲဖြစ်ကြောင်း ပြန်လည် ဖြေကြားခဲ့သည်။
ဦးမြင့်နိုင်က “ဒါတွေကတော့ သတ်မှတ်ထားတဲ့အတိုင်းပဲ စိစစ်နေပါတယ်။ လိုအပ်ချက်တွေလည်း ပြန်တောင်းနေရလို့ ဖြစ်နေတာပေါ့” ဟု ဆိုသည်။
PACE အဖွဲ့သည် အချက်အလက် မပြည်စုံဟု အကြောင်းကြားခဲ့ခြင်း မရှိသလို မိမိတို့အနေဖြင့် အသင်းအဖွဲ့ မှတ်ပုံတင် ပြသနိုင်ရန် အသင်းအဖွဲ့ မှတ်ပုံတင်ရာတွင်လည်း တခါမှ ထောက်ခံချက် မပေးခဲ့ဟု PACE အဖွဲ့မှ စီမံကိန်း အစီအစဉ် မန်နေဂျာ ကိုဟန်စိုးထိုက်က ပြောသည်။
ကိုဟန်စိုးထိုက်က “ကျနော်တို့က Registration letter နဲ့ အချက်အလက်တွေ အကုန်ပေးထားပြီးသား။ ပထမပြောတော့ အဲဒါ မလိုဘူးလို့ ပြောတယ်။ နောက်တော့ ဇူလိုင် ၂ဝ ကျော်မှာ ထပ်တိုး အချက်အလက်တွေ တောင်းတယ်။ ကျနော်တို့ ပေးတယ်။ နောက်မှ ကျနော်တို့ အပါအဝင်တင်ကြတဲ့ အဖွဲ့တွေကို အသင်းအဖွဲ့ မှတ်ပုံတင် လုပ်ရမယ့်ပုံစံပြောလို့ ကျနော် တို့က တင်မယ် လုပ်တယ်။ တင်တော့ ကျနော်တို့ကို ထောက်ခံချက် မပေးဘူး။ နောက်ဆုံးတော့ ခွင့်မပြုတဲ့ အပြီးသတ် စာပို့တယ်” ဟု ဆိုသည်။
ထိုကဲ့သို့ ရွေးကောက်ပွဲ ကော်မရှင်နှင့် ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သည့် လွတ်လပ်သော အဖွဲ့အစည်းများ၊ အစဉ် အလာ ရှိသော အဖွဲ့အစည်းများနှင့် လက်တွဲ ဆောင်ရွက်နိုင်မည်ဆိုလျှင် လွတ်လပ်သော၊ တရားမျှတသော ရွေးကောက်ပွဲ ဖြစ်ပေါ်စေရေးကို များစွာ အကျိုးရှိသည်ဟု ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် တရား လွှတ်တော်ရှေ့နေ ဦးကျော်မင်းစံက သုံးသပ်သည်။
ယခုလို လေ့လာစောင့်ကြည့်ရေး အဖွဲ့များကို ကန့်သတ်လိုက်ခြင်းသည် ပြည်သူများကြားတွင် ရွေးကောက်ပွဲနှင့် ပတ် သက်၍ အထင်မြင် လွဲမှားနိုင်ကြောင်း ၎င်းက ဆိုသည်။
ဦးကျော်မင်းစံက “ပြည်သူကို ချပြဖို့ အဲဒီလို လွတ်လပ်တဲ့ ရွေးကောက်ပွဲစောင့်ကြည့်ရေး အဖွဲ့တွေ မရှိဘူးဆိုရင် လွတ်လပ် မှု တရားမျှတမှုကို ပြည်သူတွေ မသိနိုင်တော့ဘူး။ ရွေးကောက်ပွဲမျိုးမှာ ပြည်သူကို ချပြဖို့ ဒီလို အဖွဲ့တွေ ရှိဖို့ ကောင်းတယ်။ သံရုံးတွေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေ လာကြည့်တယ်ဆိုတာ ပြည်ပမှာလည်း ပုံရိပ် ကောင်းတယ်။ အဲဒီတော့ PACE လို ယခင်ကလည်း ခွင့်ပြုခဲ့တဲ့ အဖွဲ့ဖြစ်တယ်။ လုပ်ဆောင်ချက်ကလည်း မျှတတယ် ဆိုတဲ့ တနိုင်ငံလုံး အတိုင်းအတာနဲ့ လေ့ လာစောင့်ကြည့်နိုင်တဲ့ အဖွဲ့တွေကို မှတ်ပုံတင် မရှိရင်တောင် ဘယ်လို ပြန်လုပ်ပေးနိုင်မလဲ ဆိုတာ ပြန်သုံးသပ်နိုင်ရင် ကောင်းမယ်” ဟု ဆိုသည်။
ထိုကိစ္စနှင့် ပတ်သက်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်ထံသို့ အဖွဲ့မည်မျှ တင်သွင်းထားသည်၊ အဖွဲ့မည်မျှကို ခွင့်မပြုသည် ဆိုသည်တို့ကို အတိအကျသိရန် ဧရာဝတီမှ အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံ ဖြေကြားခဲ့ခြင်း မရှိပေ။
ဆက်စပ်ဖတ်ရှုရန်
ရွေးကောက်ပွဲ လေ့လာသူများ ဆောင်ရွက်ရန် အရေးပါသော အချက် ၃ ချက် ချန်လှပ်ခံရဟုဆို