မြန်မာနိုင်ငံတွင် အာဖရိက ဝက်အပြင်းဖျားရောဂါ ကာကွယ်ရေးအတွက် မွေးမြူရေးပုံစံများ ပြောင်းလဲရန် လိုအပ်နေပြီး လတ်တလောတွင် ရောဂါဖြစ်ပွါးမှုကို ထိန်းချုပ်ရန် ကြိုးစားနေကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ကာကွယ် ဆေး ထုတ်လုပ်ရေးနှင့် ရောဂါ ထိန်းချုပ်ရေး ဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာ မင်းသိန်းမော်က ပြောသည်။
ဒေါက်တာ မင်းသိန်းမော်က “ဒီရောဂါက လွယ်လွယ်ကူကူ ထိန်းချုပ်လို့ရတဲ့ ရောဂါတော့ မဟုတ်ဘူး။ ကျနော်တို့က မွေးမြူရေး ပုံစံတွေ ပြောင်းပြီးတော့ ဆောင်ရွက်မှသာလျှင် ထိန်းချုပ်နိုင်ပြီလို့ ပြောလို့ရတယ်။ လောလောဆယ် ထိန်းချုပ်ဖို့ ကြိုးစားဆဲ ကာလပဲ ဖြစ်တယ်။ ဒါကကျနော်တို့ တနိုင်ငံတည်းတော့ မဟုတ်ဘူး။ မွေးမြူရေး ပုံစံတွေ ပြောင်းဖို့တော့လိုတယ်။ မပြောင်းနိုင်ဘူးဆိုရင်တော့ ဒီရောဂါရဲ့ အန္တရာယ် က တော်တော်စိုးရိမ်စရာ ကောင်းပါတယ်” ဟု ပြောသည်။
မြန်မာနိုင်ငံ၌ ဝက်များကို မွေးမြူရာတွင် ခြံခတ်မွေးမြူသည့် အလေ့အထမျိုး မရှိကြကြောင်း၊ အစားအစာ ကျွေးမွေးမှုမှာလည်း သန့်ရှင်းမှုများ ရှိရန်လိုအပ်နေကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက အကြံပြု တိုက်တွန်းသည်။
ဒေါက်တာ မင်းသိန်းမော်က “ လက်ရှိမြန်မာနိုင်ငံမှာတော့ တပိုင်တနိုင် မွေးမြူတာတွေ များတယ်။ အရပ်ထဲမှာ လွှတ်ထားတယ်၊ ခြံမခတ်ထားဘူး၊ ဇီဝလုံခြုံမှုတွေ မကောင်းဘူး၊ ချောင်းတွေမြောင်းတွေထဲမှာ အိမ်ကြိုအိမ်ကြားမှာ မွေးတယ်၊ ကျွေးတဲ့ အစာတွေကလည်း စားသောက်ဆိုင်မှာ စားကြွင်း စားကျန် တာတွေကို ကျွေးတာက အစ စနစ်မကျတဲ့ မသန့်ရှင်းတဲ့ မွေးမြူမှုမျိုးကို ပြုပြင်ပြောင်းလဲဖို့ လိုတယ်။ တခြားကာကွယ်လို့ရတဲ့ ကာကွယ်ဆေးတွေ အပြည့်အဝ ထိုးနှံထားရမယ်။ အဲဒါက အထိရောက်ဆုံးပဲ” ဟုဆိုသည်။
အာဖရိက ဝက်အပြင်းဖျားရောဂါ ဖြစ်ပေါ်လာပါက ထိန်းချုပ်ရန် အင်မတန်ခက်ခဲပြီး နိုင်ငံတွင်းရှိ ဝက်ကောင်ရေ ကုန်သလောက်နီးပါး အထိ သေကြေပျက်စီး ဆုံးရှုံးမှု ဖြစ်တတ်သည့်အတွက် ဝက်ကောင်ရေ ရှားပါးမှုများ ဖြစ်ပေါ်လာနိုင်ကြောင်း ဝက်မွေးမြူသူများနှင့် ထုတ်လုပ် ရောင်းချသူများအသင်း အတွင်းရေးမှူး ဦးအောင်စိုးမင်းက ပြောသည်။
၎င်းက “ကာကွယ်လို့လည်း မရတော့ဘူး ကုသလို့လည်း မရတော့ဘူး ဒီရောဂါဝင် သွားပြီဆိုရင် ဝက်က ဆုံးရှုံးဖို့ပဲ များတယ်။ မိရိုးဖလာမွေးတဲ့ ပုံစံတွေမှာက ဇီဝလုံခြုံရေးနဲ့ ပတ်သက်လို့ ၊ ဝက်ကျန်းမာရေးနဲ့ ပတ်သက်လို့ မသိကြဘူး။ လုပ်ဖို့ နည်းလမ်းလည်း မရှိဘူး။ စနစ်လည်း မရှိဘူး လုပ်ဖို့လည်း အဆင်မပြေဘူး။ ဝက်မွေးမြူရေး အလားအလာ အနေနဲ့ကတော့ တော်တော်လေး ကျဆင်းသွားမယ်။ ဝက်ကောင်ရေလည်း ရှားပါးမှု ဖြစ်လာမယ်လို့ ခန့်မှန်းပါတယ်” ဟု ဆိုသည်။
၂၀၁၉ ခုနှစ်တွင် မြန်မာနိုင်ငံ၌ မိုင်းလား၊ မိုင်းယောင်း၊ မိုင်းဖြတ်မြို့နယ်များနှင့် ပန်ဆန်းမြို့နယ်များတွင် အာဖရိက ဝက်အပြင်းဖျားရောဂါ ကူးစက်ဖြစ်ပွားခဲ့ပြီး ၂၀၂၀ တွင် လားရှိုးမြို့နယ်၊ ဗန်းမော်မြို့နယ်၊ ညောင်ရွှေ မြို့နယ်နှင့် လွိုင်ကော်မြို့နယ် တွင် ဖြစ်ပွားခဲ့သည်။
မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန အချက်အလက်အရ အဆိုပါ ဒေသ ၈ ခု ၌ ၂၀၁၉- ၂၀၂၀ ခုနှစ်တွင် ဝက်အပြင်းဖျား ရောဂါ ဖြစ်ပွားပြီး သေဆုံးခဲ့သည့် ဝက်ကောင်ရေ ၃ ထောင်ခန့်ရှိကြောင်း သိရသည်။
ဆက်စပ်ဖတ်ရှုရန် –
တောရိုင်း တိရစ္ဆာန်တွေဆီကနေ လူသားတို့ ရှာဖွေလာတဲ့ ကူးစက်ရောဂါ
ဝက်ရောဂါကြောင့် မွေးမြူသူများ ရပ်တည်ရန် ခက်ခဲနေ