၂၀၂၀ ရွေးကောက်ပွဲသည် အကယ်၍ လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ မဟုတ်ပါက တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “မည်သို့ တာဝန်ယူ ဖြေရှင်းပေးမလဲ” ဆိုသည့် မေးခွန်းကို ကြံ့ခိုင်ရေးပါတီ ဦးဆောင်သည့် နိုင်ငံရေးပါတီ ၃၄ ပါတီမှ ကိုယ်စားလှယ်များက သွားရောက် မေးမြန်းခဲ့ကြောင်း သိရသည်။
ယနေ့ နေပြည်တော်တွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အတိုက်အခံ အင်အားကြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီက ဦးဆောင်သည့် ပါတီ ၃၄ ပါတီတို့ တွေ့ ဆုံပွဲတွင် နိုင်ငံရေးပါတီများဘက်မှ ကိုယ်စားလှယ်များက အထက်ပါအတိုင်း တင်ပြခဲ့ခြင်း ဖြစ်ကြောင်း တောင်သူလယ်သမား ဖွံ့ ဖြိုးတိုးတက်ရေးပါတီ ဥက္ကဌ ဦးကျော်စွာစိုးက ပြောသည်။
၎င်းတို့ဘက်မှ အဓိက တင်ပြသည့် ၃ ချက်မှာ ရွေးကောက်ပွဲ မတိုင်မီ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ အစည်းအဝေး ခေါ်ယူပေးရန်၊ လက်ရှိ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးလှသိန်းနှင့် အဖွဲ့ ဝင်များကို ဖြုတ်၍ အသစ်လဲပေးရန်၊ တရားမျှတသည့် ရွေးကောက်ပွဲ မဟုတ်ပါက တပ်မတော်က မည်သို့ တာဝန်ယူမလဲဆိုသည့် မေးခွန်းကို ဖြေကြားရန် ပြောဆိုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“လူကြီးတွေ ဖြစ်တဲ့ ဦးခင်မောင်ဆွေက ဦးလှသိန်းတို့ကို ပြောင်းလဲပေးဖို့ တင်ပြတယ်။ ဦးသိန်းညွှန့်က ကာ/လုံခေါ်ဖို့ တင်ပြ တယ်။ ဒေါက်တာ နေဇင်လတ်ကကျတော့ တရားမျှတမှု မရှိတဲ့ ရွေးကောက်ပွဲ ဖြစ်လာရင် တပ်ချုပ်ကြီးက ဘယ်ဘက်က နေပြီးတော့ ပါတီတွေကို ဖြေရှင်းပေးမှာလဲ ဆိုပြီးတော့ တင်ပြတယ်။ တိုင်စရာ မရှိတော့တဲ့အတွက်”ဟု ဦးကျော်စွာစိုးက ပြောသည်။
ရခိုင်နှင့် “ဝ”ဒေသတို့တွင် မငြိမ်းချမ်းသဖြင့် ရွေးကောက်ပွဲအတွက် အဆင်သင့် မဖြစ်နိုင်ကြောင်း တပ်မတော်က ကော်မရှင်သို့ အသိပေးထားသော်လည်း ယင်းနေရာများတွင် ရွေးကောက်ပွဲ ကြေညာမည်ဟု ထုတ်ပြန်လာသည်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံရေးပါတီများသို့ ပြောဆိုခဲ့သည်ဟု သိရသည်။
“တပ်ချုပ် ပြောတဲ့ စကားလေးတခွန်း ကြိုက်တယ်။ ကျနော် မလုပ်ရဲတာ ဘာတခုမှ မရှိဘူး၊ အကုန်လုပ်ရဲတယ်တဲ့။ ဒါပေ မယ့် တိုင်းပြည် နစ်နာမှာနဲ့ ပြည်သူနစ်နာမှာနဲ့ တပ်မတော်ရဲ့ အနာဂတ် ပျက်စီးမှာတို့ ဘာတို့ပဲ ကျနော် အကုန်လုံး ကို စောင့်ပြီး ကြည့်နေတာတဲ့”ဟု ဦးကျော်စွာစိုးက ပြောသည်။
ထို့ကြောင့် ရွေးကောက်ပွဲ တရားမျှတမှု ရှိစေရန်၊ နိုင်ငံရေးပါတီ အားလုံး မှန်မှန်ကန်ကန် ယှဉ်ပြိုင်နိုင်အောင် ဝိုင်းဝန်း ကူညီပေးမည်ဟု တပ်ချုပ်က ကတိပြုခဲ့ကြောင်း သိရသည်။
တပ်မတော်၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကမူ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က တပ်မတော်၏ သဘောထားအမြင်များကို ပြောဆိုခဲ့ပြီး နိုင်ငံရေး ပါတီများက ၎င်းတို့၏ မူဝါဒများ၊ လွတ်လပ်ပြီး တရားမျှတသည့် ရွေး
ကောက်ပွဲ ဖြစ်စေရေး အကြံပြုချက်များ တင်ပြခဲ့သည်ဟု ဆိုသည်။
“တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ဘာပြောလဲဆိုတော့ အဓိကကတော့ လွှတ်တော် ကိုယ်စားလှယ်တွေပေါ့နော်။ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပတ်သက်ပြီးတော့ ဖြစ်သင့်တဲ့ အရည်အချင်း ၆ ချက် ပြောခဲ့တာ ရှိပါတယ်။ လွှတ်တော် ကိုယ်စားလှယ်တွေ ရှိသင့်တဲ့ အရည်အချင်း ရှိတယ်ပေါ့”ဟု ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောသည်။
ပြည်သူ့ရှေ့ဆောင် ပါတီ ဥက္ကဌ ဒေါ်သက်သက်ခိုင်ကလည်း ၎င်းတို့ ပါတီ၏ မူဝါဒများအကြောင်းကို တပ်မတော်သို့ ရှင်းလင်း ပြောဆိုခဲ့ကြောင်း သိရသည်။
“ကျနော်ကတော့ ကာ/လုံခေါ်ဖို့ ကိစ္စ။ ရွေး/ကော် အသစ်ပြောင်းဖို့နဲ့ တတိယကတော့ တရားမမျှတဘူးဆိုရင် တပ်ချုပ်က ဘယ်လို ကူညီမှာလဲ ဆိုတာကို အချက် ၃ ချက်ကို တင်ပြဖို့ လာတာ ဖြစ်တဲ့အတွက် မှန်မှန်ကန်ကန်နဲ့ မြန်မြန်ဆန်ဆန် အကြောင်းပြန်ပေးဖို့ ဆိုပြီး တင်ပြတယ်”ဟု တောင်သူလယ်သမားပါတီ ဥက္ကဌ ဦးကျော်စွာစိုးက ပြောသည်။
၎င်းတို့ ၃၄ ပါတီကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီက ဦးဆောင်ခေါ်ယူသွားခြင်း ဖြစ်ကြောင်း၊ နေ့လယ် ၁ နာရီမှ ညနေ ၄ နာရီအထိ တွေ့ ဆုံဆွေးနွေးခဲ့ကြကြောင်း ဆိုသည်။
မြန်မာအမျိုးသား ကွန်ကရက် ပါတီ ဥက္ကဌ ဦးကောင်းမြင့်ထွဋ်က ဥပဒေကြောင်းအရ အစိုးရ၏ ယန္တရား တရပ်ဖြစ်သည့် တပ်မတော်ကို နိုင်ငံရေးပါတီများက သွားရောက် တွေ့ ဆိုခြင်းသည့် ပြဿနာ မဟုတ်သော်လည်း ပါတီတခု၏ ဦးဆောင် မှု အောက်တွင် မဟာမိတ်ပုံစံမျိုး သွားရောက်တွေ့ ဆုံသည်ဟု မီဒီယာများတွင် ဖော်ပြခံရခြင်းမှာ ကြည့်မကောင်းဟု ပြောသည်။
၎င်း၏ မြန်မာ အမျိုးသား ကွန်ကရက်ပါတီသည် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်၊ မတ်လက တပ်ချုပ်နှင့် နိုင်ငံရေးပါတီ ၃၂ ပါတီတို့ တွေ့ ဆုံပွဲတွင် ပါဝင်ခဲ့ပြီး ယခုတကြိမ်တွင် ပါဝင်ခဲ့ခြင်း မရှိပါ။
“တယောက်ယောက်ကို မှီခိုပြီးမှ အစိုးရ ယန္တရားတရပ်ရပ်ကို တွေ့ ရတယ် ဆိုရင်တော့ ကျနော်တို့က မတွေ့ တာ ပိုကောင်း လိမ့်မယ်။ တပ်မတော်ကလည်း ဒါကို သိဖို့ လိုတယ်။ တပ်မတော်က သူတို့ရဲ့သဘောထားကို ရှင်းပြတာမျိုး၊ ရပ်တည်ချက် ကို ရှင်းပြတာမျိုး ကြိုဆိုတယ်။ ဒါပေမယ့် ကွက်ကျားလိုက်ပြီးတော့ သူ့လူလိုလို ကိုယ့်လူလိုလို တိုင်းပြည်မှာ အမြင်မှား စေမယ့် တွေ့ ဆုံမှုမျိုးတွေကတော့ ကျနော်တို့ ပါဝင်မှာ မဟုတ်ဘူး”ဟု ဦးကောင်းမြင့်ထွဋ်က ပြောသည်။
တပ်မတော်မှ ဗိုလ်ချုပ်ဇော်မင်းထွန်းကမူ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် တွေ့ ဆုံခွင့် တောင်းဆိုထားသည့် ပါတီများ၊ ဖိတ်ကြားသင့်သည့် ပါတီများကို ဖိတ်ကြားပြီး ယခုလို ခေါ်ယူတွေ့ ဆုံခြင်း ဖြစ်ကြောင်း ပြောသည်။
အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်(NLD)ကို ဘာကြောင့် မတွေ့ တာလဲဆိုသည့် မေးခွန်းကိုမူ ဗိုလ်ချုပ် ဇော်မင်း ထွန်းက “တွေ့ဖို့အတွက် တောင်းဆိုထားတဲ့ ပါတီ အဖွဲ့ အစည်းတွေကိုပဲ ခေါ်ယူတွေ့ ဆုံတာ ဖြစ်ပါတယ်”ဟု ပြန်လည် ဖြေကြားခဲ့သည်။
ယနေ့ တွေ့ ဆုံပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ အမျိုးသား ဒီမိုကရေစီပါတီသစ်၊ အမျိုးသားတိုးတက်ရေးပါတီ၊ ခေတ်သစ်ပြည်သူ့ပါတီ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ၊ ပြည် သူ့ ရှေ့ဆောင်ပါတီ အမျိုးသား နိုင်ငံရေးမဟာမိတ်များ အဖွဲ့ချုပ်၊ အင်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ဒီမိုကရက် တစ်ပါတီ(မြန်မာ) လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ပါတီ(ဒူးလေးပါတီ) ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီတို့ ဖြစ်ကြသည်။
ထို့ပြင်က ယားပြည်နယ်ဒီမိုကရက်တစ်ပါတီ၊ ဝံသာနုဒီမိုကရက်တစ်ပါတီ ၊ “ဝ”အမျိုးသားပါတီ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)၊ ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးပါတီ ဦးမျိုးညွန့်၊ မြိုတိုင်းရင်းသားဖွံ့ဖြိုးရေးပါတီ၊ ရခိုင်ပြည်နယ်အမျိုးသား အင်အားစု ပါတီ၊ ခေတ်သစ်ပြည်ထောင်စုပါတီ၊ ဗမာပြည်သူ့ပါတီ၊ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ၊ ကိုးကန့်ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီတို့လည်း ပါဝင်သည်။
မြန်မာနိုင်ငံတောင်သူလယ်သမား၊ အလုပ်သမားပြည်သူ့ပါတီ၊ ၈၈ မျိုးဆက်ဒီမိုကရေစီပါတီ၊ လူထုပါတီ၊ မြန်မာပြ ည်သူ့ဒီမိုကရက် တစ်ပါတီ၊ ပြည်သူ့အလုပ်သမားပါတီ၊ ပြည်သူ့အကျိုးပြု ကျောင်းသားများပါတီ၊ ပြည်သူ့အင်အားပါတီ၊ ပြည်ထောင်စုလယ်သမား၊ အလုပ်သမား အင်အားစုပါတီ ၊ အမျိုးသား တိုးတက်မြင့်မားရေးပါတီ၊ မြန်မာနိုင်ငံ တောင်သူ လယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီ ၊အခြေခံလူတန်းစားဘဝမြင့်မားရေးပါတီတို့လည်း ပါဝင်ကြောင်း သိရသည်။
တပ်မတော်ဘက်မှ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် တပ်မတော် အရာရှိကြီးများ တက်ရောက်ကြသည်။
You may also like these stories:
ရွေးကောက်ပွဲဝင်ရန် ကိုယ်စားလှယ်လောင်း လျှောက်လွှာတင်သူ ၇ ထောင်ကျော်ရှိ
ကြံ့ခိုင်ရေး ကိုယ်စားလှယ်စာရင်းတွင် အငြိမ်းစား ဝန်ကြီးနှင့် တပ်အရာရှိဟောင်း အနည်းသာ ပါဝင်
“သမ္မတဆိုတာက တော်ရုံတန်ရုံလူ လုပ်လို့တော့ ဖြစ်တဲ့ကိစ္စမျိုး မဟုတ်ဘူး”