မူးယစ်ဆေးဝါး သုံးစွဲ၊ ရောင်းဝယ်ဖောက်ကားမှု လျော့ကျစေရန် ရည်ရွယ်ပြီး ပင်လည်ဘူးမြို့နယ်ရှိ ရပ်ကွက်၊ ကျေးရွာများတွင် နေထိုင်သော ဒုစရိုက်မှု ကျူးလွန်သည့် မှတ်တမ်းရှိသူများ ဖြစ်သည့် လူဆိုး စာရင်းကို ကောက်ယူနေသည်ဟု ပင်လည်ဘူးမြို့မရဲစခန်းမှ သတင်းရရှိသည်။
ယခင်က ထိုကဲ့သို့ စာရင်းကောက်ယူမှု မရှိခဲ့ဘူးကြောင်း၊ ယခုအခါတွင်လည်း စီမံချက်ဖြင့် ဆောင်ရွက်ခြင်း မဟုတ်ဘဲ ဒုစရိုက်မှုများ လျော့နည်းလာစေရန် ရည်ရွယ်ကာ ရပ်ကွက်၊ ကျေးရွာ၊ ဆယ်အိမ်စုရှိ မူးယစ် ဆေးဝါး ရောင်းဝယ် သုံးစွဲခဲ့သူများ၊ ဒုစရိုက်ကျူးလွန်ခဲ့သူများ စာရင်းကို ကောက်ယူခြင်း ဖြစ်ပြီး ၎င်းတို့ကို စောင့်ကြည့်သွားမည် ဖြစ်သည်။
ပင်လည်ဘူးမြို့မစခန်းမှူး ဒုရဲမှူး မျိုးတင့်က“ရဲလုပ်ငန်းသဘောအရ လူဆိုးတွေကို စောင့်ကြည့်တဲ့သဘောပါ။ ရဲစခန်းတွေမှာ လူဆိုးစာရင်းမှတ်တမ်းတွေကတော့ ရှိပေမယ့် ရပ်ကျေးအုပ်ချုပ်ရေးတွေက ပိုသိနိုင်လို့ ဒီလို စာရင်းကောက်တာပါ။ မူးယစ်ဆေးဝါး နှိမ်နင်းဖို့အတွက်ကို ကျနော်တို့ အဓိကထားတယ်”ဟု ဧရာဝတီသို့ ပြောသည်။
“မူးယစ်ဆေးဝါးနဲ့ ပတ်သက်လို့ မသင်္ကာဖွယ်ရာ ဝင်ထွက် သွားလာသူတွေ၊ မူးယစ်ဆေးဝါး ရောင်းဝယ် တယ်လို့ သတင်းကျော်ဇောတဲ့သူတွေက အများအားဖြင့်တော့ ပြစ်ဒဏ်ကျခံရဖူးတဲ့သူတွေ ဖြစ်နေတာ များတယ်။ ပြစ်ဒဏ် ကျခံခဲ့ရသူတွေကလည်း ပြန်ပြီး မလုပ်ဘူးလို့ ဘယ်သူမှ မပြောနိုင်ဘူး။ အဲဒီလိုလူတွေ လည်း ဘယ်လိုရှိလဲလို့ စောင့်ကြည့်တဲ့သဘောပေါ့”ဟု ၎င်းက ဆက်ပြောသည်။
မိုးသောက်ကြယ် အရပ်ဖက်(မူးတား)အဖွဲ့၊ အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများနှင့် ဆယ်အိမ်မှူးများကို ၎င်းတို့ နယ်မြေအတွင်းရှိ ဒုစရိုက်လုပ်ငန်း လုပ်ဆောင်လေ့ရှိသူများ၊ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူများ၏ အခြေအနေများကို စောင့်ကြည့် သတင်းပေးရန် ပြီးခဲ့သည့် ၂ လ ခန့်ကမှ ပြောင်းလာသည့် စခန်းမှူး ဒုရဲမှူးမျိုးတင့်က မှာကြားထားသည်ဟု မြို့မရပ်ကွက် ရာအိမ်မှူး ဦးမောင်ဝေကလည်း ရှင်းပြသည်။
ပင်လည်ဘူးမြို့နယ်၊ အမှတ်(၂) တိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ် ဦးသန်းလှိုင်က“ကျနော်တို့ နယ်က မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲတာ များတော့ ရပ်ကွက်ထဲမှာ ခိုးမှုတွေ များလာတယ်။ ပစ္စည်းပျောက် တာတွေလည်း ရှိလာတယ်။ အခုလိုစာရင်း ကောက်ထားရင်တော့ တခုခုဖြစ်ရင် သူတို့နဲ့ ချိတ်ဆက်မှု တွေရှိလားလို့ စုံစမ်းလို့ရတယ်”ဟု ပြောသည်။
မြို့မရပ်ကွက်မှ ဒေသခံ ဒေါ်စန်းအေးကလည်း လက်ရှိ မူးယစ်ဆေးသုံးစွဲသူများက အသက် ၁၂၊ ၁၃ အရွယ် များလည်း ပါဝင်နေသောကြောင့် မူးယစ်ဆေး ရောင်းဝယ် သုံးစွဲမှု လျော့နည်းကျဆင်းရေးကို ထိရောက်စွာ ဆောင်ရွက်စေလိုပါသည်ဟု အကြံပြုသည်။
၎င်းက“ဒီမှာက ဆေးသုံးတဲ့သူတွေက ကြောက်ဖို့တောင်ကောင်းတယ်။ နေရတာ မလုံခြုံဘူး။ တယောက် တည်း ဆိုလည်း ဝင်သတ်သွားမှာ ကြောက်ရတော့ အရှေ့တံခါး အမြဲသော့ခတ်ထားရတယ်။ တလောက နေ့ခင်းကြီး အိမ်ထဲဝင် ဖုန်းခိုးသွားတာ မိသွားတယ်လေ”ဟု ပြောသည်။
၂၀၁၉ ခုနှစ်တွင် ပင်လည်ဘူးမြို့နယ်၌ ဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးဝါး အမှုပေါင်း ၉၀ ကျော်တွင် ခန့်မှန်းချေအားဖြင့် တရားခံ ၁၀၀ ကျော်ရှိကြောင်း၊ လက်ရှိ ရဲစခန်းမှူး တာဝန်ထမ်းဆောင်ခဲ့သည့် ၂ လ(ဇွန်မှ သြဂုတ်) အတွင်း အမှုပေါင်း ၁၀၀ ကျော်ရှိနေသလို တရားခံမှာလည်း ၁၀၀ ကျော်ဖမ်းဆီးရမိထားသည်ဟု ရဲစခန်းမှ သိရသည်။
သြဂုတ်လ ပထမအပတ်အတွင်းကလည်း ပင်လည်ဘူးမြို့နယ်တွင် ဖမ်းမိသော မူးယစ်ဆေးများ၏တန်ဖိုးမှာ ကျပ်သိန်းပေါင်း နှစ်သောင်းရှစ်ထောင်နီးပါး ရှိသည်ဟု သိရသည်။
You may also like these stories:
ရှမ်း/မြောက် မူးယစ်ဆေးအမှု ပြည်သူ့စစ်ခေါင်းဆောင်များနှင့် လက်နက်တထောင်ကျော် ထိန်းသိမ်း
ဖျာပုံမြို့အနီးပင်လယ်ပြင်တွင် ကျပ်သိန်းပေါင်း ၃သိန်းနီးပါး တန်ဖိုးရှိ မူးယစ်ဆေးများတွေ့ရှိ