အာဏာပိုင်များနှင့် ပဒေသရာဇ်အသိုင်းအဝန်းက ၎င်းတို့ကို နှုတ်ပိတ်ရန် ကြိုးစားနေသည့်ကြားမှပင် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးတောင်းဆိုသော ထိုင်းနိုင်ငံမှ လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့်လိုလားသူများကို ပညာရှင်များ၊ ထင်ရှားကျော်ကြားသူများနှင့် ပိုမိုကျယ်ပြန့်သောလူထုက ထောက်ခံမှုမြင့်မားလားသည်။
ကျောင်းသားများဦးဆောင်သည့် လွတ်လပ်သောလူငယ်များအဖွဲ့ Free Youth မှ အသွင်ပြောင်းဖြစ်ပေါ်လာသည့် လွတ်လပ်သော ပြည်သူများ Free People ဟု ခေါ်သောအဖွဲ့သည် ထိုင်းနိုင်ငံ မြို့တော် အုပ်ချုပ်ရေးအချက်အခြာနေရာအနီးရှိ ဒီမိုကရေစီ အထိမ်းအမှတ်ကျောက်တိုင်အနီးတွင် အကြီးမားဆုံး လူထုစုဝေးပွဲကို တနင်္ဂနွေနေ့က ကျင်းပခဲ့သည်။
ထိုစုဝေးပွဲသို့ လူ ၁၂၀၀၀ တက်ရောက်ကြောင်း မြို့တော်ရဲတပ်ဖွဲ့ ပြောသော်လည်း မြေပြင်မှ ရဲတပ်ဖွဲ့ဝင်တဦးက ထိုပွဲသို့တက်ရောက်သူ ၂၀၀၀၀ ခန့်ရှိကြောင်း Nikkei Asian Review သို့ပြောကြားသည်။
အတွေ့အကြုံရင့်ပြည်ပလေ့လာသူတဦးက ထိုအထိမ်းအမှတ်အဝိုင်းအနီးမှ လမ်းများတွင် ပျံ့ကျဲနေသောလူအုပ်ကြီးတွင် လူ ၂၅၀၀၀ ရှိကြောင်း ခန့်မှန်းသည်။
အနိမ့်ဆုံးခန့်မှန်းချက်အရပင် ထိုအရေအတွက်သည် စစ်တပ်က ၂၀၁၄ ခုနှစ်တွင် အာဏာသိမ်းပြီးနောက်ပိုင်း အကြီးမားဆုံး လူစုလူဝေးဖြစ်နေသည်။
ထိုအထိမ်းအမှတ်နေရာနှင့် ပတ်ဝန်းကျင်ကို ပိတ်ဆို့ရန် တာဝန်ပေးထားသော ရဲတပ်ဖွဲ့အရေအတွက်မှာ အနည်းဆုံး ၆၀၀ ရှိပြီး သာမန်ဝတ်စုံများကိုသာ ဝတ်ဆင်ထားသည်။

သို့သော် မကြာသေးမီ ရက်သတ္တပတ်များအတွင်း တက်ကြွလှုပ်ရှားသူများကို အရပ်ဝတ်ဖြင့် နောက်ယောင်ခံလိုုက်နေသည့် လုံခြုံရေးအရာရှိများလည်း ရှိနေသည်။ ရဲတပ်ဖွဲ့က ဖြစ်နိုင်ခြေရှိသော မငြိမ်သက်မှုအတွက် ပစ်မှတ်ထားစောင့်ကြည့်နေသူ ၃၁ ဦးရှိသည်ဟု ယုံကြည်ရသည်။
ထိုင်းနိုင်ငံကျောင်းသားများသမဂ္ဂမှ ပါရစ် ချီဝါရက်ကို သောကြာနေ့က ရဲတပ်ဖွဲ့ဝင် ၄ ဦးက အတင်းအကျပ် ဖမ်းစီးခဲ့သည်။ ပင်ဂွင်းဟု လူသိများသော ပါရစ်ကို တနင်္ဂနွေနေ့က ဆန္ဒပြပွဲများဖြစ်ပွားနေစဉ် အာမခံဖြင့် ပြန်လွှတ်ပေးခဲ့သည်။
နံနက်ပိုင်းတွင် ပဒေသရာဇ်ဝါဒီ ၁၀၀ ခန့်သည် ထိုနေရာတွင်ပင် စုဝေးပွဲပြုလုပ်သည်။ ထိုစုဝေးပွဲတွင်တွေ့ရသော စာတန်းတခုတွင် “မင်းတို့ ဘယ်သူ့ကိုမဆို လိုက်လို့ရတယ်၊ ချက်ကရီမင်းဆက်ကိုတော့ မထိနဲ့” ဟု ရေးသားထားသည်။ ချက်ကရီမင်းဆက်သည် ထိုင်းနိုင်ငံကို ၂၃၈ နှစ်ကြား မင်းဆက် ၁၀ ဆက်ဖြင့် အုပ်ချုပ်နေသည်။
လက်ရှိဘုရင် မဟာ ဗာဂျီရာလောင်ကွန်ကို ဒဿမမြောက် ရာမ ဘုရင်အဖြစ်သိကြသည်။ သူသည် ၂၀၁၆ ခုနှစ်တွင် နန်းတက်သော်လည်း အများအားဖြင့် ဂျာမဏီနိုင်ငံတွင် နေထိုင်သည်။
“ခေါင်းဆောင်တွေအနေနဲ့ ကိုယ်ကျိုးမကြည့်ဘဲ ပြည်သူလူထုအကျိုးကို ကြည့်စေချင်တယ်” ဟု လူထုစုဝေးပွဲတက်ရန် ကီလိုမီတာ ၅၀၀ ခရီးသွားခဲ့သည့် ဆူရတ် ဌာနီပြည်နယ်မှ အသက် ၃၈ နှစ်အရွယ် ဗီယာပြောသည်။
ဆန္ဒပြသူအများအပြားသည် အနက်ရှောင်ရှပ်အင်္ကျီများ ဝတ်ဆင်ထားသည်။ ၎င်းတို့နှင့်အတူ ၂၀၀၆ ခုနှစ် အာဏာသိမ်းစဉ်က ဖြုတ်ချခံရသည့် ဝန်ကြီးချုပ် သက်ဆင်ရှင်နာဝပ် ကိုထောက်ခံသည့် အနီရောင် ရှပ်အင်္ကျီဝတ်ဆင်ထားသူကလည်း ပူးပေါင်းသည်။
ထိုဆန္ဒပြပွဲကို စနစ်တကျ စီစဉ်ကျင်းပပြီး ပူအိုက်စွတ်စိုသည့် ရာသီနှင့်ကိုက်ညီသော အသင့်ချက်ပြုတ်ပြီး အစားအသောက်များနှင့် အအေးများလည်း အသင့်ထားရှိသည်။
ထိုအစီအစဉ်များကို နှောင့်နှေးအောင်ဖြစ်စေနိုင်သော အရာများသည် အကောင်အထည်ပေါ်လာခြင်းမရှိပေ။ မြို့တော်သည် မကြာသေးမီ ရက်သတ္တပတ်များအတွင်း အထူးသဖြင့် နေလယ်နှင့် ညနေခင်းများတွင် မိုးသည်းထန်မှုနှင့် ရင်ဆိုင်နေရသည်။ သို့သော် မှောင်စပျိုးသော အချိန်တွင် တိမ်တောက်များနောက်မှ ကြီးမားသော နေရောင်ခြည်သည် အနုပညာ တန်ဆာဆင်ထားသည့် အထိမ်းအမှတ်ကျောက်တိုင်အတွက် ထူးခြားသောနောက်ခံကို ဖွဲ့စည်းပေးခဲ့သည်။ ထို အထိမ်းအမှတ်နေရာသည် ယခင်ကလည်း ထူးခြားသည့် နိုင်ငံရေးလှုပ်ရှားမှုများ ဖြစ်ပွားခဲ့သော နေရာဖြစ်သည်။
မှောင်စပျိုးလာသောအခါ အများအားဖြင့်ငြိမ်းချမ်းသော လူအုပ်ကြီးသည် လမ်းမတွင် ထိုင်ပြီး ၎င်းတို့က လက်ကိုင်ဖုန်းမှ မီးများကို ဦးခေါင်းအထက်တွင် ဝှေ့ယမ်းနေကြသည်။ အများအပြားသည် စီစဉ်ထားသည့် ည ၉ နာရီ ကျော်သည့်အထိ ဆက်လက်ဆန္ဒပြနေခဲ့သည်။
ဆန္ဒပြသူများသည် ဖိနှိပ်သော အစိုးရကို တိတ်ဆိတ်စွာ ဆန့်ကျင်သည့် အထိမ်းအမှတ် အဖြစ် Hunger Games ရုပ်ရှင်မှ လက်ချောင်းသုံးချောင်းထောင် အလေးပြုသည့် ပုံစံကို မကြာခဏပြုလုပ်ကြသည်။
နိုင်ငံရေးပြုပြင်ပြောင်းလဲမှုကို ပိုမိုကျယ်ပြန့်သော ထောက်ခံမှုရရှိစေရန် လွတ်လပ်သော ပြည်သူများ အဖွဲ့ကို သြဂုတ် ၇ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည်။ တောင်းဆိုချက်များအနက် အဓိက ၃ ချက်မှာ ပြည်သူများ ၎င်းတို့၏ အခွင့်အရေးများကို ကျင့်သုံးရာတွင် အနှောင့်အယှက်ဖြစ်စေသည့် အစိုးရညှင်းပမ်းနှိပ်စက်မှုများကို အဆုံးသတ်ရေး၊ စစ်တပ်ကရေးဆွဲသည့် ဖွဲ့စည်းပုံမှ အငြင်းပွားဖွယ် အစိတ်အပိုင်းများကို ပြုပြင်ရေးနှင့် လွှတ်တော်ကို ဖျက်သိမ်းရေးတို့ဖြစ်သည်။
ထိုအဖွဲ့သည် စစ်အာဏာသိမ်းမှုများနှင့် “အမျိုးသားညီညွတ်ရေးအစိုးရ”ဟု ခေါ်သော စစ်ဖက်က ဦးဆောင်သော အစိုးရ အဆုံးသတ်ရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်တွင် ဘုရင်ကို ထားရှိသည့် ဒီမိုကရေစီအစိုးရ ဖော်ဆောင်ရေးတို့ကို တောင်းဆိုကြသည်။
“ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြန်လည်ရေးဆွဲတဲ့အခါ ပြည်သူတွေရဲ့ စစ်မှန်တဲ့တောင်းဆိုမှုတိုင်းကို ထည့်သွင်းပြောကြား အသိအမှတ်ပြုရမယ်” ဟု လွတ်လပ်သော ပြည်သူများအဖွဲ့၏ ဗုဒ္ဓဟူးနေ့ကကြေညာချက်တစောင်တွင် ဖေါ်ပြထားသည်။ “ထို့အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေအရ လူတိုင်းသည် ချွင်းချက်မရှိ တန်းတူညီမျှသည်” ဟုလည်း ဖေါ်ပြထားသည်။
၁၉၃၂ ခုနှစ်နောက်ပိုင်းတွင် အကြိမ် ၂၀ မြောက်ဖြစ်သော လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေကို စစ်တပ်ကိုယ်စား ရေးဆွဲထားပြီး ၂၀၁၆ ခုနှစ်တွင် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲဖြင့် အတည်ပြုသည်။ ထိုဖွဲ့စည်းပုံအရ စစ်တပ်က ခန့်အပ်သည့် လွှတ်တော်အမတ် ၂၅၀ သည် ဝန်ကြီးချုပ်ခန့်အပ်ရာတွင် ပြောရေးဆိုခွင့်များစွာ ရရှိနေပြီး ဖွဲစည်းပုံအခြေခံဥပဒေ ပြောင်းလဲရေးကို ထိရောက်စွာ ပိတ်ဆို့နိုင်သည်။
ထိုင်းနိုင်ငံ ပြည်နယ် ၇၆ ခုအနက် ၄၅ ခုကျော်တွင် မကြာသေးမီက သေးငယ်သော ဆန္ဒပြပွဲများဖြစ်ခဲ့သည်။ မူလက ဆန္ဒပြသူများသည် အစိုးရပြောင်းလဲရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးကို တောင်းဆိုကြပြီး ဘုရင်စနစ်အပေါ် ဝေဖန်မှုများကို ရှောင်ရှားခဲ့သည်။

လူ့အခွင့်အရေးရှေ့နေ အာနွန် နမ်ပက ဘုရင်စနစ်၏ အခန်းကဏ္ဍနှင့်ပတ်သက်သည့် အများပြည်သူဆွေးနွေးပွဲပြုလုပ်ရန် တောင်းဆိုသောအခါ ဇူလိုင်လ ၁၈ ရက်နေ့တွင် လွတ်လပ်သော လူငယ်များအဖွဲ့ စီစဉ်သည့် ဆန္ဒပြပွဲသည် လမ်းကြောင်းသစ်သို့ ပြောင်းသွားသည်။
ထိုပြဿနာသည် သမ္မာဆက်တက္ကသိုလ်တွင် ထိုင်းကျောင်းသားများသမဂ္ဂ ပြောခွင့်ရသူ ပန်နုစာရာ စီသီဂျာရာဝက်တန်နာကူ က ဘုရင်စနစ်ပြုပြင်ပြောင်းလဲရေး အချက် ၁၀ ချက်ကို ပြီးခဲ့သည့်အပတ် တနင်္လာနေ့က ဖတ်ကြားလိုက်သောအခါ အရှိန်အဟုန် ပိုမိုရရှိလာသည်။
တနင်္ဂနွေနေ့ ဆန္ဒပြပွဲတွင် မိန့်ခွန်းပြောကြားသူများက ဘုရင်စနစ်အပါအဝင် ကျယ်ပြန့်သော ပြုပြင်ပြောင်းလဲရေးကို တောင်းဆိုကြပြီး သမ္မာဆက် တက္ကသိုလ်မှ တောင်းဆိုချက် ၁၀ ချက်ကို ထည့်သွင်းပြောကြားခြင်း မရှိကြပေ။ ကျောင်းသားများက ၎င်းတို့အမြင်များကို မျှဝေရန် လူအုပ်အတွင်း ရောနှောနေကြသည်။
ထိုတောင်းဆိုချက် ၁၀ ချက်တွင် ဘုရင်စနစ်ကို ကာကွယ်သည့် ဥပဒေ ရုတ်သိမ်းရေး၊ တော်ဝင်မိသားစုအတွက် သုံးစွဲသည့် ပြည်သူ့ဘဏ္ဍာငွေလျှော့ချရေး၊ တောင်ဝင်မိသားစုပိုင်နှင့် အများပြည်သူပိုင်ပစ္စည်းများကို အတိအလင်းခွဲခြားရေး၊ ဘုရင့်အတိုင်ပင်ခံကောင်စီနှင့် အခြားမလိုအပ်သည့်ဌာနများ ဖျက်သိမ်းရေးတို့ ပါဝင်သည်။
အာနွန်သည် တနင်္ဂနွေနေ့က ဆန္ဒပြပွဲစင်မြင့်သို့ရောက်လာပြီး “ကျနော်တို့ရဲ့တာဝန်က ထိုင်းနိုင်ငံကို စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံဖြစ်အောင်လုပ်ဖို့ပဲ။ ဒီတာဝန်ကို ကျနော်တို့မျိုးဆက်မှာ ပြီးစီးအောင်လုပ်ဆောင်သင့်တယ်” ဟု ပြောသည်။
ကိုဗစ်-၁၉ ကြောင့် စီးပွားရေးပိုမိုခက်ခဲလာချိန်တွင် နိုင်ငံရေး မကျေနပ်မှုများ ပေါ်ပေါက်လာခြင်းဖြစ်သည်။ အရှေ့တောင်အာရှတွင် ဒုတိယအကြီးမားဆုံး စီးပွားရေးဖြစ်သည့် ထိုင်းစီးပွားရေးသည် ယခုနှစ်အတွင် ၈.၁ ရာခိုင်နှုန်း ကျုံ့သွားကြောင်း ထိုင်းနိုင်ငံ ဗဟိုဘဏ်၏ အဆိုအရ သိရသည်။
ကျောင်းသားများက အများပြည်သူမကျေနပ်မှုများကို အသုံးချပြီး ချမ်းသာကြွယ်ဝသူများနှင့် အာဏာကြီးမားသူများကို အပြစ်ကင်းလွတ်ခွင့်ပေးသည့် တရားဥပဒေ စနစ်ကို အာရုံစိုက်အောင် လုပ်ဆောင်ခဲ့သည်။ Red Bull ကို ပူးတွဲတည်ထောင်သူ ဘီလျှံနာ သူဌေး ချာလီယို ယိုဗီဒါ၏ မြေးဖြစ်သူ ဗိုရာယုသ် ယိုဗီဒါ သည် ၂၀၁၂ ခုနှစ်က မူးယစ်ပြီး ကားတိုက်ထွက်ပြေးချိန်တွင် ရဲတဦးကို သတ်ဖြတ်ခဲ့သော်လည်း အဖမ်းမခံရမီ ပြည်ပသို့ ထွက်ပြေးသွားခဲ့သည်။ ထိုအမှုကို ရှေ့နေချုပ်ရုံးက ဇန်နဝါရီလတွင် တိတ်တဆိတ် ပယ်ဖျက်ခဲ့ပြီး သူ့ကို တရားဝင် ကင်းလွတ်ခွင့်ပေးသည့်သတင်းမှာ ဇူလိုင်လတွင် ပေါ်ထွက်လာခဲ့သည်။
အာဏာပိုင်များသည် တက်ကြွလှုပ်ရှားသူများကို ဖြိုခွဲမှုများ လုပ်ဆောင်နေပြီးဖြစ်သည်။ ဘုရင်စနစ်ကို ပုန်ကန်မှုအပါအဝင် စွဲချက်အများအပြားဖြင့် အာနွန်ကို သြဂုတ်လ ၇ ရက်နေ့က ဖမ်းဆီးခဲ့သည်။ သူ့ကို ဖမ်းဆီးထားသည့် ရဲစခန်းပြင်ပတွင် ကျောင်းသား ၂၀၀ ခန့်စုရုံးပြီးနောက် သူနှင့် အခြားလုပ်ဖေါ်ကိုင်ဖက်တဦးကို လွန်ခဲ့သော ရက်သတ္တပတ်ကုန်က အာမခံဖြင့် ပြန်လွှတ်ပေးခဲ့သည်။
ဖမ်းဆီးမှုများကို နိုင်ငံတကာက အာရုံစိုက်လာသည်။ အမေရိကန်အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ (HRW) က ပါရစ်အပေါ်စွပ်စွဲချက်များကို ပယ်ဖျက်ပြီး သူ့ကိုချွင်းချက်မရှိ လွှတ်ပေးရန် ထိုင်းအာဏာပိုင်များကို တောင်းဆိုသည်။ “ဒီမိုကရေစီလိုလားသော ငြိမ်းချမ်းသည့်တက်ကြွလှုပ်ရှားသူများအား ဖမ်းဆီးမှု သစ်တိုင်းသည် ထိုင်းအစိုးရ၏ အာဏာရှင် သဘောသဘာဝနှင့် လူ့အခွင့်အရေး လေးစားမှုကင်းမဲြ့ခင်းကို ပြသနေသည်” ထိုအဖွဲ့၏ ကြေညာချက်တွင် ဖေါ်ပြထားသည်။
ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ ဒုတိယပြောခွင့်ရသူ ရဲမှူးကြီး ကစ္စန ဖါသန်နာချာရွန်က လူထုစုဝေးပွဲများနှင့်ပတ်သက်ပြီး စိုးရိမ်ကြောင်းနှင့်လုံခြုံရေးတိုးမြှင့်ရန် တနင်္ဂနွေနေ့တွင် ရဲတပ်ဖွဲ့ဝင်များ တိုးမြှင့်ချထားမည်ဖြစ်ကြောင်း ကြာသပတေးနေ့က ပြောကြားသည်။
ကြာသပတေးနေ့က ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတခုတွင် ဝန်ကြီးချုပ် ပရာယွဒ် ချန်အိုချာက ထိုလူထု စုဝေးပွဲများအကြောင်း ပြောကြားခဲ့သည်။ ထိုစုဝေးပွဲများကို ငွေကြေးထောက်ပံ့မှုများအား စုံစမ်းစစ်ဆေးဖေါ်ထုတ်ရန် အာဏာပိုင်များကို သူတောင်းဆိုသည်။ ထိုသို့လုပ်ဆောင်ခြင်းသည် စံလုပ်ထုံးလုပ်နည်းဖြစ်ကြောင်း သူ့ထံမှ အမိန့်ကို စောင့်ရန် မလိုကြောင်း သူပြောသည်။

ထိုနေ့တွင်ပင် အမျိုးသား ရုပ်သံလိုင်းမှ ပြောကြားရာတွင်မူ ဝန်ကြီးချုပ်သည် ပိုမိုပျော့ပြောင်းသော စကားကို ပြောလာသည်။ “အမျိုးသားအကျပ်အတည်းအတွင်း ကျနော်တို့နဲ့ သဘောထားမတိုက်ဆိုင်တဲ့လူတွေနဲ့ ခက်ခဲတဲ့ ပူးပေါင်းဆောင်ရွက်ရေးလမ်းကြောင်း ဘယ်လိုလျှောက်ရမယ်ဆိုတာကို ပြဖို့ လူငယ်တွေက ဦးဆောင်ပြီး စိတ်ပိုင်းဆိုင်ရာခေါင်းဆောင်မှုပေးပါစေ” ဟု သူပြောသည်။
ဆန္ဒပြသူများက စိတ်အနှောင့်အယှက်ပေးလာပါက စိတ်ရှည်ရန်နှင့် ထိန်းချုပ်နေရန် ပရာယွဒ်က အာဏာပိုင်များအား ပြောကြားထားသည်ဟုအစိုးရ ဒုတိယပြောခွင့်ရသူ ထရိုင်ဆူရီသိုင်ဆာရန်နာကူက ပြောသည်။ အတင်းအကျပ်ထိန်းချုပ်သည့် နည်းလမ်းများကို ရှောင်ရှားမည်ဖြစ်ကြောင်း သူပြောသော်လည်း ဆန္ဒပြသူများအနေဖြင့် အခြားသူများ၏ အခွင့်အရေးများကို မချိုးဖေါက်ရန် သတိပေးသည်။
ပရာယွဒ်သည် မတ်လက ကိုဗစ်-၁၉ ဖြစ်ပွားချိန်မှ စတင်ပြီး နိုင်ငံကို အရေးပေါ်အခြေအနေဖြင့် အုပ်ချုပ်နေသည်။ အရေးပေါ်အခြေအနေကြောင့် သူသည် လွတ်လပ်စွာ စုဝေးခွင့်အပါအဝင် ပုံမှန်အခွင့်အရေးများကို ကန့်သတ်ခွင့်ရနေသည်။
လွန်ခဲ့သော နှစ်လအတွင်း ပြည်တွင်းဗိုင်းရပ်စ်ကူးစက်မှု မတွေ့ရတော့ဘဲ ဝန်ကြီးချုပ်သည် လက်ရှိအချိန်အထိ လူထုစုဝေးမှုကို ထိန်းချုပ်ရန် သူ၏ အရေးပေါ်အခြေအနေအာဏာများကို အသုံးပြုခြင်း မရှိသေးပေ။
ကျောင်းသားများဦးဆောင်သည့် လှုပ်ရှားမှုများသည် လတ်တလော အရှိန်အဟုန်ရလာသည်။
အဆိုပြုထားသော ပြုပြင်ပြောင်းလဲမှုများသည် ဘုရင်နှင့်ပတ်သက်သည့် ရာဇဝတ်မှု ဥပဒေကို ချိုးဖေါက်ခြင်းမရှိကြောင်း တနိုင်ငံလုံးမှ တက္ကသိုလ်များမှ ဆရာ ၁၄၇ ဦး ပါဝင်သောအဖွဲ့ ပြောကြားသည်။ “ထိုင်းလူ့အဖွဲ့အစည်းအနေဖြင့် သည်းခံမှု အတိုင်းအတာမြှင့်တင်ရန်နှင့် လူ့အဖွဲ့အစည်းတွင် ဒီမိုကရေစီ တည်တံ့ရေး ဆင်ခြင်တုံတရားဖြင့် ဆွေးနွေးရန် လေ့လာသင့်သည်” ဟု ၎င်းတို့ပြောသည်။
ထိုင်းနိုင်ငံသားအခွင့်အရေး ပညာရပ်ဆိုင်ရာကွန်ရက်မှ အခြားပညာရှင် ၃၅၈ ဦးကလည်း ဆန္ဒပြသူများနှင့် ရပ်တည်သည်။ “တက္ကသိုလ်များသည် မေးခွန်များမေးရန်နှင့် ငြိမ်းချမ်းသောအဖြေကို အတူတကွရှာရန် နေရာများ ဆက်လက်ဖြစ်နေသင့်သည်” ဟု ထိုအဖွဲ့က ပြောသည်။
ထိုင်းနိုင်ငံမှ ငယ်ရွယ်သော ထင်ရှားကျော်ကြားသူများကလည်း လွတ်လပ်စွာထုတ်ဖေါ်ပြောဆိုခွင့်ကို လူမှုကွန်ရက်တွင် ထောက်ခံကြသည်။ ထိုသူများအနက် ထင်ရှားသောအဖွဲမှာ လူကြိုက်များသောအမျိုးသမီးတီးဝိုင်း BNK 48 ဖြစ်သည်။
ကိုးကား။ ။ Bangkok Post, Nikkei Asian Review
မှုန်ဝါးနေဆဲ ရှစ်လေးလုံး ရည်မှန်းချက်များ
ရွေးကောက်ပွဲကို No Vote လှုပ်ရှားမှုဖြင့် သပိတ်မှောက်မည်ဟု ဗကသများအဖွဲ့ချုပ်ပြော
တရုတ်အရေးကျွမ်းကျင်သူ အလိုရှိသည်