သတင်း

ဒေါ်အောင်ဆန်းစုကြည်ပုံနှင့် NLD အလံပုံများ တံဆိပ်ရိုက်လုပ်ငန်းတွင် အရောင်းသွက်နေ

ကိုဗစ်ကြောင့် ရပ်နားထားရသော တံဆိပ်ရိုက်လုပ်ငန်းများမှာ ရွေးကောက်ပွဲကြို ကာလအတွင်း ပါတီများထံမှ ဆက်တိုက် အော်ဒါများရကာ ရောင်းအားမြင့် တက်လျက်ရှိကြောင်း တံဆိပ်ရိုက် လုပ်ငန်း လုပ်ကိုင်သူများထံက သိရသည်။

ဇွန်လခန့်တွင် လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်ငယ်လေးများမှ တဆင့် အပ်နှံခြင်းနှင့် ပြန်လည် စတင်ခဲ့ရကာ ယခု လပိုင်းချိန်တွင်မူ ပါတီအလံ တံဆိပ်များ၊ ပါတီ တံဆိပ်ကပ် တီရှပ်များ၊ ဦးထုပ်များ၊ နှာခေါင်းစီး (Mask) များနှင့် ထီး အစ ရှိသည့်တို့ကို တံဆိပ်ရိုက်နှိပ်ပေးရသည့် အော်ဒါ အမှာများနေကြောင်း ဗဟန်းမြို့နယ် ရွှေဂုံတိုင်ရှိ တံဆိပ်ရိုက်လုပ်ငန်း လုပ်ကိုင်သူများထံက သိရသည်။

တက်လမ်း တံဆိပ်ရိုက်လုပ်ငန်းမှ ဒေါ်ဘေဘီက “တချို့ရက်တွေမှာ ဈေးဦး မပေါက်တဲ့ ရက်တွေတောင် ရှိတယ်။ ဒါပေမယ့် ဇွန်လကုန်က စပြီးတော့ ရွေးကောက်ပွဲကြို ဧရာဝတီတိုင်းဘက်က ကိုယ်စားလှယ် တယောက်ကနေ NLD ပါတီတံဆိပ်နဲ့ တီရှပ်၊ ထီး စတဲ့ တမျိုးကို၂၀၀ ဆီလောက် ရိုက်တယ်။ အန်တီက ပိုလုပ်လိုက်တယ်။ သုံးရက်တောင် မကြာဘူး အဲဒီ ပို ရိုက်တဲ့ ထီးအလက် ၁၀၀ က ကုန်သွားတယ်” ဟု ပြောသည်။

ဈေးကွက်ထဲ၌ ဗိုလ်ချုပ်ပုံအလံများ၊ ဒေါ်အောင်ဆန်းစုကြည်ပုံ အလံများနှင့် NLD အမှတ်တံဆိပ် အလံများက ရောင်းအား အသွက်ဆုံး ဖြစ်ပြီး ယခုကာလတွင် ဒေါ်အောင်ဆန်းစုကြည်ပုံပါ ကလေးဝတ် တီရှပ် တံဆိပ်ရိုက်အထည်များပါ ရောင်းအား ရှိလာကြောင်း ၎င်းက ရှင်းပြသည်။

“အခုရက်မှာ သူတို့ ကြိုက်တဲ့ စတစ်ကာ ပုံစံတွေနဲ့ လာအပ်တာတွေ ရှိတယ်။ နှစ်လကျော်လောက် ငြိမ်နေရတာနေ အခုက တအား ရောင်းအား တက်သွားတယ်။ အင်္ကျီအနီတွေဆို ဝယ်လို့ မရအောင် ဖြစ်သွားတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့၂၀၁၅ ရွေး ကောက်ပွဲနဲ့ ယှဉ်ရင် သုံးပုံတစ်ပုံလောက်ပဲ ရောင်းရသေးတယ်။ ၂၀၁၅ တုန်းကဆိုရင် လက်မလည်အောင် ရောင်းရတယ်” ဟု ပြီးခဲ့သည့် ရွေးကောက်ပွဲနှင့် နှိုင်းယှဉ်၍ ဒေါ်ဘေဘီက ပြောဆိုသည်။

၎င်းက ဆက်၍ “တချို့တွေဆို လှူတာပေါ့နော်။ အရှေ့မှာ အလံနဲ့ ခွပ်ဒေါင်း တံဆိပ် အနောက်မှာတော့ သူတို့ ပရဟိ တ အဖွဲ့က စာနဲ့ပေါ့၊ ဒါမျိုးတွေ လုပ်တာလည်း ရှိတယ်။ ရုံးပိတ်ရက်တွေဆိုရင် တရက်ကို ၁၀ သိန်းကျော်ဖိုး လောက်အထိ ရောင်းရတယ်။ ကျန်တဲ့ ရက်တွေကတော့ ၇ သိန်း၊ ၈ သိန်း ကျော်ဖိုးလောက်ပေါ့။ အများဆုံးက အလံပေါ့။ တရက်ကို ၁ သိန်းကျော်ဖိုး လောက် ရှိတယ်” ဟု ပြောပြသည်။

ဒေါ်အောင်ဆန်းစုကြည်ပုံပါ တံဆိပ်ရိုက် အင်္ကျီတထည်လျှင် အနည်းဆုံး ၂၅၀၀ ကျပ်မှ ကျပ် ၅၀၀၀ ကျော်အထိ အင်္ကျီ စာသားအပေါ် မူတည်၍ ဈေးအမျိုးမျိုးရှိပြီး အလံအသေး တစုံလျှင် ၁၅၀၀ ကျပ်အထိ ဈေးကွက် ပေါက်ဈေး ရှိနေသည်။

ZAM တံဆိပ်ရိုက်လုပ်ငန်းပိုင်ရှင် ကိုထက်ခိုင်စိုးက “ကိုဗစ်ဖြစ်တဲ့ကာလကတော့ ကြပ်ကြပ်တည်းတည်းနဲ့ အလုပ်တောင် သုံးလ နားလိုက်ရတယ်။ ဒီလထဲမှာပဲ ရွေးကောက်ပွဲ နဲ့ ပတ်သက်တဲ့ အင်္ကျီတွေက ဝင်လာတယ်။ အရေအတွက် များများ ရိုက်လေ ဈေးနည်းလေ ဆိုပေမယ့် ဒီကာလမှာ အခုလို လုပ်ရတဲ့အတွက် အလုပ်သမားတွေ အချိန်ပိုဆင်းရတယ်၊ ငွေ ကြေးလည်ပတ်မှု ပိုကောင်းတယ်။ ကျနော်တို့ ငွေပိုငွေလျှံနည်းနည်းလေး ပိုရတယ်ပေါ့။ ဒီလောက်ပါပဲ” ဟု ဧရာဝတီသို့ ပြောသည်။

NLD ပါတီအပြင် တခြားသော လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ (DPNS) တို့မှ ပါတီကိုယ်စားပြု လာရောက် အပ်ခြင်း များ ရှိပြီး ဖုန်းဆက်မေးသည့် တခြား ပါတီများလည်း ရှိနေကြောင်း ၎င်းက ဆိုသည်။

ယင်းပြင် ရွေးကောက်ပွဲ ကမ်ပိန်းသုံး တီရှပ်များက ပုံမှန်အားဖြင့် ဘင်္ဂလားဒေရှ့်၊ တရုတ် စသည့် နိုင်ငံများက လာသည့် ချုပ်ပြီးသား တီရှပ်ထည်များကို အသုံးပြုမှုများပြီး လက်ရှိအချိန်တွင် ကိုဗစ်ကြောင့် လမ်းပိတ်ခြင်းများ ရှိနေသဖြင့် ကုန် သွယ်မှု ခက်ခဲကာ တီရှပ်အဝင် နည်းနေသည့် အခြေအနေ ရှိနေသောကြောင့် ဈေးကွက်သဘောအရ ဈေးတက်မည့် အခြေအနေ ရှိနေကြောင်းလည်း သိရသည်။

ကားလမ်း မီးပွိုင့်များတွင် ဈေးရောင်းချနေသည့် မဝါဝါခိုင်က “ကျမက အစုံတော့ ရောင်းတာပေါ့နော်။ ဒါပေမယ့် အရောင်း ရတာက ခွပ်ဒေါင်း အလံလေးတွေက ပိုရောင်းရတယ်။ အရင်နှစ် ရွေးကောက်ပွဲ ကာလကတော့ ဒေါ်အောင်ဆန်းစုကြည် ပုံအလံတွေက တော်တော် ရောင်းရတယ်။ ယူရောင်းတဲ့ ဆိုင်မှာဆိုရင် ပစ္စည်းပြတ်လို့ မှာခဲ့ရတာတောင် ရှိတယ်”ဟု ဧရာ ဝတီသို့ ပြောပြသည်။

မြန်မာနိုင်ငံအလံနှင့် သာသနာ့ အလံတွဲလျက်များ၊ အမေရိကန်-မြန်မာတွဲလျက် အလံများ၊ ဂျပန်-မြန်မာတွဲလျက် အလံ များ၊ ဗိုလ်ချုပ်ပုံအလံများ၊ ဒေါ်အောင်ဆန်းစုကြည်ပုံ အလံများနှင့် NLD ပါတီ အလံများ အစရှိသည်တို့မှာ ရောင်းအား ရှိကြောင်း ၎င်းက ပြောသည်။

ရွေးကောက်ပွဲနား ပို၍ နီးလာလျှင် ယခုထက် တံဆိပ်ရိုက်လုပ်ငန်းများက အရောင်းအဝယ်ပိုကောင်းလာမည် ဖြစ်ပြီး ပြီးခဲ့ သည့်၂၀၁၅ ရွေးကောက်ပွဲ ကာလ ရောင်းအားကို မကျော်နိုင်လျှင်ပင် မီအောင် ရောင်းချနိုင်သည့် အနေအထား ရှိနိုင်သည် ဟု တံဆိပ်ရိုက် လုပ်ငန်းရှင်များက သုံးသပ်ထားကြသည်။

You may also like these stories:

နယ်စပ် ကုန်သွယ်ရေး စည်းကမ်းတချို့ တရုတ် ပြန်လည် ဖြေလျှော့ရန်ရှိ

လက်နက်ကိုင်တဲ့ အဖွဲ့ ပိုက်ဆံဘယ်က ရသလဲ

PACE အဖွဲ့ကို လာမည့် ရွေးကောက်ပွဲတွင် လေ့လာစောင့်ကြည့်ခွင့် မပြု

Loading