သတင်း

ပြည်ပမှ ကြိုတင်မဲပေးရန် ကနဦး လျှောက်ထားသူ ၅ သောင်းကျော်ရှိ

၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ကြိုတင်မဲ ပေးရန် ပြည်ပနိုင်ငံအသီးသီးမှ လတ်တလော ရရှိထားသည့် ပုံစံ ၁၅ လျှောက်ထားလွှာ ၅၀၁၃၂ စောင်အား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ လွှဲပြောင်းပေးခဲ့ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက ယနေ့ သတင်းထုတ်ပြန်လိုက်သည်။

နိုင်ငံခြားရေးဝန်ကြီးဌာန အနေဖြင့် ယင်းတို့ လက်ခံရရှိခဲ့သည့် ပုံစံ ၁၅ ဖောင်များအား ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံသို့ သံရုံး၊ အမြဲတမ်းကိုယ်စားလှယ်ရုံး၊ ကောင်စစ်ဝန်ရုံးများမှ ဩဂုတ် ၁၄ ရက်နေ့ က ၄၆၃၁၇ စောင်၊ ယနေ့ ဩဂုတ်လ ၁၈ ရက်နေ့တွင် ၃၈၁၅ စောင် လွှဲပြောင်း ပေးခဲ့ခြင်းဖြစ်ပြီး သက်ဆိုင်ရာနိုင်ငံ အသီးသီးထံမှ ဆက်လက် ပေးပို့ လာမည့် ပုံစံ ၁၅ နှင့် ပုံစံ ၃ လျှောက်ထားလွှာ များကိုလည်း ရွေးကောက်ပွဲကော်မရှင်ထံ ထပ်မံလွှဲပြောင်းပေးမည် ဖြစ်ကြောင်းလည်း ဆိုထားသည်။

ယင်းအပြင် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ မဲစာရင်းများတွင် နာမည် မပါဝင်သည့်အတွက် မဲစာရင်းတွင် ထည့် သွင်းပေး ရန် တောင်းဆိုလွှာ ပုံစံ ၃ ဖြင့် လျှောက်ထားသည့် ၁၉၃၈ စောင်ကိုလည်း ယနေ့တွင် လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် ပြည်ပရောက်ကြိုတင်မဲပေးရန် ပုံစံ ၁၅ လျှောက်လွှာများအား ဩဂုတ် ၅ ရက်နေ့ နောက်ဆုံးထား လက်ခံရန် မူလက သတ်မှတ်ခဲ့သော်လည်း မဲပေးလိုသူများ မကျန်ရှိစေရေးအတွက် လက်ခံသည့်ရက်အား ထပ်မံတိုးမြှင့်ပေးထားခြင်း ဖြစ်သည်။

၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲအား နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည်ဖြစ်ပြီး ပြည်ပရောက် မြန်မာနိုင်ငံသားများ လုံခြုံလွယ်ကူစွာ ကြိုတင်မဲပေးနိုင်ရေးအတွက် မဲရုံအရေအတွက် တိုးမြှင့်ဖွင့်လှစ်ပေးရန် ပြည်ပရောက် မြန်နိုင်ငံသားများက တောင်းဆိုထားကြသည်။

You may also like these stories:

မဲပေးခွင့် မဆုံးရှုံးစေရေး စီမံချက်ချပြီး ဆောင်ရွက်နေတယ်

နေရပ်ပြန်လာသူတွေကို မဲစာရင်းမှာ ပါနိုင်အောင် လုပ်နေပါတယ်

Loading