တရုတ် – မြန်မာနယ်စပ်တွင် အခြေစိုက်သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အများစု ပါဝင်သော ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) က ၂၁ ရာစု ပင်လုံ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို မတက်ရောက်နိုင်တော့ကြောင်း သြဂုတ်လ ၁၃ ရက်က ကြေညာခဲ့သည်။
FPNCC ကို ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA က ဦးဆောင်ပြီး ကချင်လွတ်မြောက်ရေး တပ်မတော် (KIA)၊ ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)၊ မြန်မာ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) နှင့် ရက္ခိုင်စစ်တပ် (AA) တို့က အဖွဲ့ဝင်အဖြစ်ပါဝင်သည်။
FPNCC တွင်ပါဝင်သည့် အဖွဲ့များသည် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ်မထိုးရသေးပေ။ ကြေညာချက်တွင် ညီလာခံတက်ရောက်ရန် မလာနိုင်သည့် အကြောင်းပြချက်အဖြစ် ကိုဗစ်ရောဂါကာလ သွားရေးလာရေး ခက်ခဲမှုကို အကြောင်းပြထားသည်။
ထို့ပြင် အကြမ်းဖက်အဖွဲ့ အဖြစ် ကြေညာခံထားရပြီး တပ်မတော်၏ တန်ပြန်အကြမ်းဖက်နှိမ်နင်းမှု စစ်ဆင်ရေး ဆောင်ရွက်ခြင်း ခံနေရသည့် AA ကို အစိုးရဘက်က ညီလာခံတက်ရောက်ရန် မဖိတ်ကြားသည့် အတွက်လည်း စိတ်မကောင်းဖြစ်ရကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
UWSA ၏ ပြင်ပဆက်ဆံရေးတာဝန်ခံ ဦးညီရန်းက AA ကို မဖိတ်ခေါ်သဖြင့် FPNCC အနေနှင့် ညီလာခံမတက်ရောက်ရန် ဆုံးဖြတ်ရခြင်းဖြစ်ကြောင်း ဧရာဝတီသို့ပြောသည်။
ဦးညီရန်း က “အားလုံးတက်ရောက်ချင်တဲ့ဆန္ဒရှိတယ်ဆိုတာ အားလုံးသိကြပါတယ်လေ။ AA မဖိတ်ရင် FPNCC အနေနဲ့တက်မှာမဟုတ်ဘူးဆိုတာ အစိုးရဘက်က သိပြီးသားပါ” ဟု ပြောသည်။
KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကလည်း FPNCC အဖွဲ့များ ပင်လုံညီလာခံကို မတက်ရောက်နိုင် ခြင်းကြောင့် KIO နှင့် အစိုးရကြား ဆွေးနွေးမှုများကို ထိခိုက်မှုမရှိစေချင်ကြောင်းဆိုသည်။
ဗိုလ်မှူးကြီး နော်ဘူ က “ကျနော်တို့ KIO ကတော့ တွေ့ဆုံဆွေးနွေးပွဲကို ဘာမှ ထိခိုက်မှု မရှိစေချင်ဘူးပေါ့။ ညီလာခံမတက်လည်းပဲ ဆွေးနွေးရေးလမ်းစဉ်အတိုင်းပဲ ဆက်သွားချင်တာပေါ့” ဟု ဆိုသည်။
ညီလာခံမတက်ရခြင်းနှင့်ပတ်သက်၍ AA ကို မဖိတ်ခြင်းနှင့် ကိုဗစ်ရောဂါကြောင့် သွားရေးလာရေး ခက်ခဲမှုအပေါ် မြောက်ပိုင်းအဖွဲ့များက အကြောင်းပြနေကြသော်လည်း တကယ်တမ်းတွင် တရုတ်နိုင်ငံ၏ အခန်းကဏ္ဍကြောင့် ညီလာခံမလာခြင်း ဖြစ်နိုင်ကြောင်းလည်း လေ့လာသုံးသပ်သူအချို့က ဆိုသည်။
၂၀၁၈ ခုနှစ် ဇူလိုင်လက ကျင်းပခဲ့သည့် ၂၁ ပင်လုံတတိယအကြိမ်မြောက်အစည်းအဝေးတွင် တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်ပေးမှုဖြင့် AA အပါအဝင်မြောက်ပိုင်းအဖွဲ့များသည် တရုတ်နိုင်ငံမှ စင်းလုံးငှားလေယာဉ်ဖြင့် နေပြည်တော်သို့ လာရောက်ကာ ညီလာခံတက်ခဲ့သည်။
သို့သော် လက်ရှိကာလတွင် တရုတ်၏ ကြားဝင်စေ့စပ်ပေးမှုကဏ္ဍမှာ မည်သည့် အသံမှ မကြားဘဲ တိတ်ဆိတ်နေသည်။ နိုင်ငံရေးလေ့လာသုံးသပ်သည့် ဒေါက်တာအောင်မျိုးကမူ တရုတ်နိုင်ငံ သည် မြန်မာ့ငြိမ်းချမ်းရေး ကိစ္စနှင့် ပတ်သက်ပါက စိတ်ဝင်စားမှုလျော့နည်းလာနေသည်ဟု ဆိုသည်။
တရုတ်အစိုးရဘက်က အကောင်အထည်ဖော်ချင်နေသည့် မြစ်ဆုံစီမံကိန်းကို မြန်မာအစိုးရဘက်က အကောင်အထည်ဖော်ရန်တွန့်ဆုတ်နေခြင်း၊ ယူနန်ပြည်နယ်၏ ပင်လယ်ထွက်ပေါက်ဖြစ်လာမည့် ကျောက်ဖြူရေနက်ဆိပ်ကမ်းမှ တရုတ်နိုင်ငံကူမင်းအထိ ဆက်သွယ်မည့် ရထားလမ်းစီမံကိန်းကိစ္စ များတွင် မြန်မာဘက်က တက်တက်ကြွကြွ သိပ်မရှိလှခြင်းတို့သည် မြန်မာ့ငြိမ်းချမ်းရေးတွင် တရုတ်ဘက်က သွေးအေးစေသည့် အကြောင်းအရင်းများ ဖြစ်ဟန်ရှိကြောင်း ဒေါက်တာအောင်မျိုးက ဆိုသည်။
တပ်မတော်ဘက်က ၎င်းတို့ကို တိုက်ခိုက်နေသည့် AA နှင့် TNLA ကဲ့သို့သော အဖွဲ့များထံတွင် တရုတ်လုပ်စစ်လက်နက်ပစ္စည်းများ ရောက်နေသည့် အပေါ်တွင် စိတ်မချမ်းမသာဖြစ်နေပြီး အဆိုပါ လက်နက်များသည် တရုတ်ထံမှဟု တိုက်ရိုက်နာမည်မတပ်သော်လည်း အိမ်နီးချင်းနိုင်ငံကြီး တခုမှလာသည်ဟု ပြောဆိုထားသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ရုရှားခရီးစဉ်တွင်လည်း မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော အကြမ်းဖက်မှုများတွင် ၎င်းတို့ကိုထောက်ပံ့နေသည့် ခိုင်မာသည့်အင်အားစုများ တည်ရှိနေသည်ဟု သတင်းမီဒီယာအချို့က မေးမြန်းစဉ် ပြောကြားခဲ့သည်။
ကာကွယ်ရေးဦးစီးချုပ်၏ ပြောဆိုချက်သည် တရုတ်ကို ရည်ညွှှန်းသည်ဟု နိုင်ငံရေး အကဲခတ်များက မှတ်ချက်ပြုကြသည်။
ထိုသို့ တပ်မတော်ဘက်က ထုတ်ပြောလာသည့် ပြောဆိုချက်များနှင့် ပတ်သက်၍ တရုတ်နိုင်ငံဘက်ကလည်း စိတ်မသက်မသာဖြစ်ရပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် မြောက်ပိုင်းအဖွဲ့များ ပါဝင်လာရေးကို ယခင်ကကဲ့သို့ တွန်းတွန်းတိုက်တိုက် မဆောင်ရွက်တော့ခြင်းဖြစ်နိုင်ကြောင်း ဒေါက်တာအောင်မျိုးက ဆိုသည်။
ဒေါက်တာ အောင်မျိုး က “တပ်မတော်ဘက်က မကျေနပ်တာကို သူက အင်အားကြီး ဖြစ်တဲ့အခါကျတော့ သူ့ဘက်ကလည်း နှာကောက်မှာပေါ့။ ဒါကြောင့် ထဲထဲဝင်ဝင်မပါတော့ဘူး” ဟု မှတ်ချက်ပေးသည်။
အစိုးရနှင့် အပစ်ရပ်လက်မှတ်ထိုးထားသည့် ပအို့ဝ်အမျိုးသားအဖွဲ့ချုပ် PNLO ဦးဆောင်နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာကမူ တရုတ်က မလာခိုင်းသဖြင့် မြောက်ပိုင်းအဖွဲ့များ ပင်လုံညီလာခံမတက်ရောက်ခြင်းဆိုသည့် ယူဆချက်သည့် အကျိုးအကြောင်းဆီလျော်မှု သိပ်မရှိဟု ဆိုသည်။
ပို၍ဖြစ်နိုင်သည်က တရုတ်နိုင်ငံသည် မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့များကို ညီလာခံမတက်ပါနှင့် ဟု တားခြင်း မရှိသလို ညီလာခံတက်ပါဟု တိုက်တွန်းမှုမရှိခြင်းလည်း ဖြစ်နိုင်ကြောင်း ၎င်းက ဆိုသည်။
ဗိုလ်မှူးကြီး ခွန်ဥက္ကာက “ဘာကြောင့်လဲဆိုတော့ အားလုံးမပါတာ တခုပေါ့။ နောက်တခုက အခင်းအကျင်းပေါ့။ အရင်က ၅ ရက်ပေါ့။ ရောက်တဲ့ရက်ရယ်။ ဆွေးနွေးတဲ့ ရက်ရယ်။ ကြားမှာ ဟိုလည်၊ ဒီလည်ပေါ့ဗျာ။ နောက်ပြီးတော့ ပြန်ပေါ့။ အခုက ၃ ရက်ပဲ လုပ်တယ်။ ခပ်ကြဲကြဲပဲပေါ့။ အချိန်နည်းမှာလည်း ရှိတယ်” ဟု ပြောသည်။
ထိုပြင် တရုတ်ဘက်က တွန်းတွန်းတိုက်တိုက် သိပ်မပြောဘဲ ညီလာခံ တက်ရေး၊ မတက်ရေးကို ကိုယ့်ဘာသာ ဆုံးဖြတ်ရသည့် အခြေအနေတွင် FPNCC အနေနှင့် ညီလာခံမတက်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်နိုင်ကြောင်း ၎င်းက ပြောသည်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းကမူ မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့များအနေနှင့် ညီလာခံတက်လာပါကလည်း NCA ထိုးထားသည့် အဖွဲ့များကဲ့သို့ ဆွေးနွေးပွဲတွင် ထိထိရောက်ရောက် ဆွေးနွေးခွင့် ရမည်မဟုတ်သဖြင့် ညီလာခံတက်လျှင်လည်း အကျိုးသိပ်မထူးဟု ယူဆကာ မလာခြင်းဖြစ်နိုင်သည်ဟု ဆိုသည်။
မြောက်ပိုင်းအဖွဲ့များ လာသည်ဖြစ်စေ မလာသည်ဖြစ်စေ ၂၁ ရာစုပင်လုံညီလာခံကို အစိုးရက သြဂုတ်လ ၁၉ ရက်မှ ၂၁ ရက်အထိ နေပြည်တော်တွင်ကျင်းပသွားမည်ဖြစ်သည်။
ညီလာခံကို အစိုးရနှင့် တပ်မတော်မှကိုယ်စားလှယ်များအပါအဝင်၊ NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် (၁၀) ဖွဲ့မှ ခေါင်းဆောင်ပိုင်းများတက်ရောက်မည်ဖြစ်ပြီး ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း (၃) ချုပ်ဆိုနိုင်ရေးအတွက် ဆုံးဖြတ်ချက်များ ချမှတ်ကြမည်ဖြစ်သည်။
You may also like these stories:
အကြမ်းဖက်မှုဖြင့် တရားစွဲခံ တောင်ကုတ်ဒေသခံ ၅ ဦး လွတ်မြောက်
စခန်းမှူး လုပ်ကြံသတ်ဖြတ်ခံရသည့် ကျောက်တော်တွင် လုံခြုံရေးတိုးမြှင့်
NLD ပါတီ ရခိုင်၌ မဲဆန္ဒနယ်အပြည့် ဝင်ပြိုင်မည်