တပ်မတော်နှင့် လက်နက်ကိုင်အဖွဲ့များ တိုက်ပွဲဖြစ်ပွားရာ ပဋိပက္ခဒေသများရှိ စစ်ရှောင်ဒုက္ခသည်များမှာ လာမည့် နိုဝင်ဘာလတွင် ကျင်းပမည့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲအပေါ်၌ စိတ်ဝင်စားမှု လျော့နည်းနေကြောင်း စစ်ရှောင်များ အရေး ဆောင်ရွက်ပေးနေသည့် အရပ်ဘက် အဖွဲ့အစည်းများထံမှ သတင်းရရှိသည်။
တိုက်ပွဲများ ဖြစ်ပွားနေသည့် ကချင်၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့ရှိ စစ်ဘေးရှောင် ဒုက္ခ သည်များမှာ ၎င်းတို့၏ စားဝတ်နေရေးနှင့် တိုက်ပွဲများ အမြန်ရပ်တန့်ရေးကိုသာ အာရုံစိုက်နေကြရပြီး မဲပေးခွင့် ရရှိရေး အတွက် မဲစာရင်း စစ်နိုင်ရန်ပင် စိတ်ဝင်စားမှု မရှိကြကြောင်း သိရသည်။
ရခိုင်ပြည်နယ်ရှိ စစ်ဘေးရှောင်ဒုက္ခသည်များအရေး ဆောင်ရွက်ပေးနေသည့် ရခိုင်တိုင်းရင်းသား မျိုးနွယ်များ အစည်းအရုံး (REC)၏ အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက “စစ်ရှောင်တွေ မဲပေးနိုင်ဖု့ိ အခွင့်အရေးက အရမ်းနည်းတယ်။ တချို့က မဲစာ ရင်းကို ဘယ်မှာ ကပ်ထားမှန်းတောင် မသိကြဘူး။ တချို့က မဲစာရင်းသွားကြည့်ဖို့ကို စိတ်ဆန္ဒ မရှိကြဘူး။ ဒါက မဲစာရင်း ပဲ ရှိသေးတယ်။ မဲထည့်ဖို့ဆိုတာ သူတို့အတွက် အဝေးကြီးပဲ”ဟု ပြောသည်။
၎င်းက “စစ်ဘေးရှောင်တွေ ရွေးကောက်ပွဲကို စိတ်ဝင်စားလာဖို့ အတွက်ကို သက်ဆိုင်ရာ မြို့နယ် ကိုယ်စားလှယ်လောင်းတွေရဲ့ တစုံတရာ အားထုတ်တဲ့ အပိုင်းက အရမ်း အားနည်းတယ်။ စစ်ဘေးရှောင်တွေမှာက စားဝတ်နေရေးနဲ့ နေရေးထိုင်ရေး ကိစ္စတွေက အရမ်းကို ကြပ်တည်းနေတယ်။ အဲဒီလို ဖြစ်နေတော့ ရွေးကောက်ပွဲဆိုတာက သူတို့ခေါင်းထဲမှာ ပေါ်လာပုံ မရဘူး။ ကျနော်တို့ လက်လှမ်းမှီသလောက် မေးကြည့်တဲ့ လူ ၁၀ ယောက်မှာ ၁ ယောက်ပဲ ရွေးကောက်ပွဲ လုပ်ဖို့ရှိတယ်။ မဲစာရင်း ဘယ်မှာ ကပ်ထားတယ်ဆိုတာ သိကြတယ်” ဟု ရှင်းပြသည်။
REC မှ ကောက်ယူထားသည့် စာရင်းများအရ ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၇ မြို့နယ်တွင် တိုက်ပွဲများကြောင့် ထွက်ပြေး ခိုလှုံနေရသော စစ်ဘေးရှောင် အရေအတွက် ၂ သိန်းနီးပါး ရှိနေပြီး ဒုက္ခသည် စခန်းပေါင်း ၁၅၀ ခန့် ရှိသည်။
စစ်ရှောင်များအနေဖြင့် ၎င်းတို့ဘဝအတွက် အပြောင်းအလဲကို လိုချင်သောကြောင့် ၂၀၁၅ ရွေးကောက်ပွဲ၌ မဲပေးခဲ့သော် လည်း ၎င်းတို့မျှော်လင့်သည့်အတိုင်း ဖြစ်မလာခဲ့ခြင်းကြောင့် စိတ်ပျက်လက်ပျက် ဖြစ်ကာ ရွေးကောက်ပွဲအပေါ် စိတ်ဝင်စား မှု လျော့ကျသွားခြင်း ဖြစ်နိုင်သည်ဟု ရခိုင်ပြည်နယ်ရှိ ချင်းစစ်ရှောင်များအရေးကို ဆောင်ရွက်ပေးနေသော ချင်းတက္ကသိုလ် ကျောင်းသား/ သူများ အဖွဲ့ (CUSR) မှ ဥက္ကဋ္ဌ ဆလိုင်း ထွန်းလှကျော်ကလည်း မှတ်ချက်ပြုသည်။
အမ်းမြို့နယ်တွင် စစ်ရှောင်နေရသည့် ရှမ်းကုန်းရွာ ဒေသခံ ဒေါ်စိန်အေးကလည်း စစ်ရှောင်ခြင်း၊ နေရပ်ပြန်ခြင်းကို မကြာခ ဏ ပြုလုပ်နေရခြင်း၊ ၎င်းနှင့်အတူ တိုက်ပွဲရှောင်နေရသူများကလည်း ရွေးကောက်ပွဲအကြောင်း ပြောဆိုမှု မရှိသည့်အတွက် လာမည့် ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှု မရှိသလို သတင်းအချက်အလက်များလည်း မသိရှိပါဟု ဆိုသည်။
ရခိုင်ပြည်နယ်တွင် မဲရုံပေါင်း ၂၅၀၀ ကျော်ရှိပြီး မဲပေးပိုင်ခွင့်ရှိသူ လူဦးရေ ၁၆ သိန်းကျော် ရှိကြောင်း၊ အစိုးရ တရားဝင် ဖွင့်လှစ်သည့်စစ်ရှောင်စခန်းများတွင် မဲစာရင်းကပ်ထားပြီး အသိအမှတ် မပြုရသေးသော စခန်းများတွင် မဲစာရင်း မကပ်နိုင်ကြောင်း ရခိုင်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။
ထို့အတူ ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်ရှိ စစ်ဘေးရှောင်တချို့က ရွေးကောက်ပွဲအပေါ် စိတ်မဝင်စားသူ ရှိသလို တချို့က ရွေးကောက်ပွဲမလုပ်နိုင်မှာကိုပင် စိုးရိမ်နေကြကြောင်း၊ လက်ရှိအနေအထားအရ ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှုမရှိသည့် စစ်ရှောင်အရေအတွက်က ပိုမိုများပြားနေကြောင်း ပလက်ဝဒေသခံများထံက သိရသည်။
ချင်း လူ့အခွင့်အရေး အဖွဲ့(CHRO)မှ သတင်းအချက်အလက် ရှာဖွေရေးဌာန၏ တာဝန်ခံ ဆလိုင်းတေရ ကလည်း “ပလက်ဝမှာ ဆိုရင် ရွေးကောက်ခံ ကိုယ်စားလှယ်တွေအပေါ်မှာ အများအားဖြင့် လက်ရှိအစိုးရကို အားမလို အားမရတဲ့ အခြေအနေရှိတယ်။ သူတို့ စိတ်ဝင်စားတာက သူတို့စားဝတ်နေရေး ဖူလုံဖို့နဲ့ လုံလုံခြုံခြုံနေဖို့ပဲ” ဟု ပြောပြသည်။
လူဦးရေ ၁ သိန်းကျော်သာရှိသည့် ပလက်ဝမြို့နယ်တွင် တိုက်ပွဲများကြောင့် လူဦးရေ ၂ သောင်းနီးပါးသည် နေရပ်စွန့်ခွာ ထွက်ပြေးနေပြီး ပလက်ဝမြို့ပေါ်၊ ဆမီးမြို့နှင့် မီးဇာ ကျေးရွာများရှိ စာသင်ကျောင်းများ၊ ဘာသာရေး ကျောင်းများနှင့် နီးစပ်ရာ ဆွေမျိုး၏ အိမ်များတွင် ခိုလှုံနေထိုင်နေကြရသည်။ ၎င်းတို့မှာ နေရပ်ပြန်ကာ မဲပေးရမည်ကို တိုက်ပွဲများ ရှိနေ သဖြင့် ကြောက်ရွံ့နေကြသည်ဟုလည်း သိရသည်။
ထို့ပြင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူစစ်ရှောင်စခန်းရှိ စစ်ရှောင်များသည် မဲစာရင်း သွားရောက် စစ်ဆေးကြသော်လည်း မဲပေးရန် စိတ်ဝင်စားမှု လျော့နည်းနေကြသည်။
နမ္မတူ စစ်ရှောင်စခန်းရှိ စခန်း ၃ ခု၏ တာဝန်ခံ၊ တိုက်ပွဲရှောင်ပြည်သူများ ကူညီထောက်ပံ့ရေးကော်မတီ တွဲဖက် အတွင်း ရေးမှူး ဦးအောင်ဆန်းမြင့်က “သူတို့က ရွေးကောက်ပွဲအပေါ်မှာ သိပ်တော့ စိတ်ဝင်စားမှု မရှိဘူး။ ဘာလို့လည်းဆိုတော့ ဒီမှာ NGO တွေက ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး သင်တန်းတွေ လာပေးပေမယ့် သင်တန်း ပြီး ပြီးတာပဲ။ အရင်လို စိတ်ဝင် တစား ပြောနေတာ မတွေ့ရဘူး။ ပေးဆိုရင် ပေးလိုက်မယ် ဆိုတာမျိုး”ဟု ပြောသည်။
မန်တုံမြို့နယ်မှ နမ္မတူစစ်ရှောင်စခန်းသို့ ရောက်ရှိလာနေသည့် ဒေါ်နန်းမို့ဝေ က ကိုဗစ်ကာလ အတွင်း အလှူရှင်များ လာရောက် လှူဒါန်းမှု မရှိတော့သဖြင့် စားသောက်နေထိုင်ရေးကို ဦးစားပေးနေရသလို ရွေးကောက်ပွဲက ၎င်းတို့ဘဝ ပြောင်းလဲရေးကို စွမ်းဆောင်မပေးနိုင်သောကြောင့် စိတ်မဝင်စားခြင်း ဖြစ်ကြောင်း ပြောသည်။
အလားတူ ပဋိပက္ခဖြစ်ပွားရာဒေသ တခုဖြစ်သည့် ကချင်ပြည်နယ် ရှိ အင်ဂျန်းယန်မှ စစ်ရှောင်လာသည့် ဒေါ်ခေါန်တောင် ကလည်း “ ပြီးခဲ့တဲ့ ရွေးကောက်ပွဲကြောင့် အစိုးရ အပြောင်းအလဲ ဖြစ်သွားပေမယ့် ကျမတို့ လူနေမှုဘဝတွေက ယခင် အတိုင်း ခက်ခဲနေဆဲ ဖြစ်သလို ကျမတု့ိရဲ့ အဆင်မပြေမှုတွေကို တာဝန်ခံ ဖြေရှင်းပေးနိုင်တာတွေ မရှိတာကြောင့် မဲပေးဖို့လည်း ဆန္ဒမရှိပါဘူး” ဟု ရှင်းပြသည်။
Htoi Gender and Development Foundation ၏ ဒါရိုက်တာ ဒေါ်နန်ပူကလည်း “စစ်ရှောင်တွေ ရွေးကောက် ပွဲ အပေါ်မှာ စိတ်ဝင်စားမှုနည်းတယ်။ နည်းတယ်ဆိုတာထက် သူတို့အခွင့်အရေး ဆုံးရှုံးနေတယ် ဆိုတာကို မသိကြဘူး။ မဲပေးရမယ်ဆိုတာကို မသိကြဘူး။ အဲဒါအပြင် မြစ်ကြီးနားမှာရှိတဲ့ စစ်ရှောင်စခန်းတချို့ကလူတွေ နေရပ်ပြန်သွားကြတာ။ သူတို့ မဲပေးခွင့်ရမလားဆိုတာလည်း မသေချာဘူး”ဟု ပြောသည်။
အဆိုပါစစ်ရှောင်များ မဲမပေးနိုင်ပါက၊ မဲပေးမည့်သူ နည်းပါးက ဒီမိုကရေစီအရ မိမိ၏ မဲပေးခွင့် ဆုံးရှုံးသွားမည် ဖြစ် ကြောင်း၊ မဲတပြား၏ တန်ဖိုးက နိုင်ငံတနိုင်ငံကို ပြောင်းလဲသွားပေးနိုင်သလို မဲလာမထည့်သူများပါက မဲမသမာမှု ပြုလုပ် ချင်သူများအတွက် လုပ်ကွက် ဖြစ်နိုင်သွားနိုင်ကြောင်း ဒေါ်နန်ပူက ထောက်ပြသည်။
စစ်ရှောင်များ မဲပေးခွင့် မဆုံးရှုံးရေးနှင့် ပတ်သက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင် ကမူ “ကျနော်တို့ဘက်ကတော့ မဲပေးခွင့် မဆုံးရှုံးစေရေး စီမံချက်တွေချပြီး ဆောင်ရွက်နေပါတယ်။ အခုကတော့ ၃ လကျော် ကျော်လည်း လိုသေးတဲ့အတွက် အခြေအနေ အပြောင်းအလဲပေါ်လည်း မူတည်နေပါသေးတယ်။ ကျနော်တို့ ကတော့ ရအောင် ကြိုးစားနေပါတယ်။ တိုက်ပွဲရှောင်စခန်းတွေရဲ့ အခြေအနေကြည့်ပြီးတော့ ဘယ်လိုမဲ ပေးနိုင်မလဲ၊ အဲဒီနေရာမှာပဲ မဲပေးနိုင်မလားဆိုတာတွေကို ကြည့်ပြီးတော့ မဲပေးခွင့်မဆုံးရှုံးစေရအောင် လုပ်နေပါတယ်” ဟု ဧရာဝတီသို့ ပြောထားသည်။
၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် မဲပေးနိုင်သူ ဦးရေ ၃၄ သန်းကျော်ရှိသည့်အနက် စုစုပေါင်း၏ ၇၀ ရာခိုင်နှုန်းနီးပါး မဲပေးနိုင်ခဲ့ပြီး လာမည့် ရွေးကောက်ပွဲတွင် လတ်တလောစာရင်းများအရ မဲပေးခွင့်ရှိသူ ၃၇ သန်းကျော် ရှိကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ သိရသည်။
You may also like these stories:
မဲပေးခွင့် မဆုံးရှုံးစေရေး စီမံချက်ချပြီး ဆောင်ရွက်နေတယ်
နိုင်ငံသား အခွင့်အရေး မဆုံးရှုံးစေချင်ရင် မဲစာရင်း ပါ၊ မပါ သွားကြည့်ပါ
၂၀၂၀ ရွေးကောက်ပွဲ မဲပေးခွင့်ရှိသူ ၃၇ သန်းကျော်ရှိ UEC ပြော
ပြည်သူများ မဲပေးကြရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း
တိုင်းရင်းသားအမတ်များ ရွေးကောက်ပွဲ အသုံးစရိတ် ကျပ်သိန်း ၁၅၀ တိုးမြှင့်ထား