ဟာသ သရုပ်ဆောင် အောင်ရဲထွေး အသတ်ခံရမှုနှင့် ပတ်သက်၍ အာမခံဖြင့် အမှုရင်ဆိုင်နေသူ ကျော်ဇောဟန်အပါအဝင် ၃ ဦးအား အာမခံရုပ်သိမ်း ပြီး ယနေ့ ပြန်လည် ဖမ်းဆီးလိုက်ကြောင်း သိရသည်။
“၃၀၂ က အာမခံ မရတော့ အာမခံ ပြန်ရုပ်လိုက်တယ်။ ပြန်ဖမ်းလိုက်ပြီပေါ့။ စွဲချက်တင်ပြီး ပြန်ရှင်းမယ်” ဟု ကျော်ဇော ဟန် ဘက်မှ အမှုလိုက်ပါ ဆောင်ရွက်သူ တရားလွှတ်တော်ရှေ့နေ ဦးချစ်ကိုကိုက ဧရာဝတီကို အတည်ပြု ပြောဆိုသည်။
ရန်ကုန် အရှေ့ပိုင်းခရိုင် တရားရုံးက သန်းထွဋ်အောင်(ခ)သားကြီး၊ ပြည့်ဖြိုးအောင်(ခ)အောင်လေးနှင့် ကျော်ဇောဟန် (ခ) ကျော်ဇောတို့အား လူသတ်မှု၊ အားပေးကူညီမှု (ရာဇသတ်ကြီးပုဒ်မ ၃၀၂(၂)၊ ၃၀၂(၂)/၁၁၄)များဖြင့် ၂၀၁၉ ဇန်နဝါရီတွင် စွဲချက်တင်ခဲ့ရာ ၎င်းတို့ ၃ ဦးက ကျေနပ်မှု မရှိ၍ တိုင်းတရား လွှတ်တော်သို့ စွဲချက်အား ပယ်ဖျက်ပေး ရန် လျှောက်ထား ခဲ့ရာ တိုင်းတရားလွှတ်တော်မှ အပြင်းအထန်နာကျင်စေမှု ပုဒ်မ ၃၂၅ သို့ ပြောင်းလဲပေးခဲ့သည်။
ထို့နောက် ၎င်း တို့ ၃ ဦးသည် ကျပ်သိန်း ၁၀၀ တန် ပိုင်ဆိုင်မှုဖြင့် အာမခံရယူကာ အရှေ့ပိုင်းခရိုင် တရားရုံး၌ အမှုရင်ဆိုင် နေခြင်း ဖြစ်သည်။
ထိုကဲ့သို့ တိုင်းတရား လွှတ်တော်မှ ပုဒ်မ ၃၂၅ သို့ ပြောင်းလဲပေးလိုက်ခြင်းအပေါ် ပြည်ထောင်စု ရှေ့နေချုပ်ရုံးက မကျေနပ်သဖြင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ် (နေပြည်တော်)သို့ ပြင်ဆင်မှုတက်ရာ ခရိုင်တရားရုံး၏ အမိန့်ကို ပြန်လည် အတည်ပြုလိုက်သောကြောင့် ပုဒ်မ ၃၀၂(၂) ပြန်ဖြစ်ကာ စွဲချက်တင်သည့်အဆင့်မှ ပြန်လည်စစ်ဆေးမှုများ ပြုလုပ်သွားရမည် ဖြစ်ကြောင်း ဦးချစ်ကိုကိုက ရှင်းပြသည်။
သန်းထွဋ်အောင်၏ ဖခင် ဦးခင်မောင်လေးကလည်း “လက်ရှိအခြေအနေကတော့ ၃၀၂ ဖြစ်တဲ့အတွက် ၃၀၂ ကို ပြန်ရင် ဆိုင်ရမှာပေါ့လေ။ အာမခံ ရုပ်သိမ်းလိုက်တာပေါ့။ သူတို့ ဒီနေ့ပဲ အင်းစိန်ပြန်ခေါ်သွားပြီ။ တရားဥပဒေအတိုင်းပဲ ဆက်လက် ပြီး ရင်ဆိုင်သွားရမှာပါ” ဟု ဧရာဝတီကို ပြောသည်။
လာမည့် သြဂုတ်လ၂၅ ရက်တွင် အရှေ့ပိုင်းခရိုင်တရားရုံး၌ ရုံးချိန်းရှိပြီး စစ်ဆေးမှုများ ဆက်လက် ပြုလုပ်သွားမည် ဖြစ် ကြောင်း သိရသည်။
ဟာသ သရုပ်ဆောင် အောင်ရဲထွေးသည် ၂၀၁၇ ဒီဇင်ဘာ ၃၁ ရက်ညက The One Entertainment Park တွင် ပြုလုပ် သည့် နှစ်သစ်ကူးပွဲ၌ လူတစု၏ ဝိုင်းဝန်းထိုးကြိတ်ခံရပြီးနောက် ဦးခေါင်းဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ပြီး၂၀၁၈ ဇန်နဝါရီ ၂ ရက်တွင် ကွယ်လွန်ခဲ့ခြင်း ဖြစ်သည်။
ယင်းအမှုအား အရှေ့ပိုင်းခရိုင် တရားရုံးက ၆ လခန့် စစ်ဆေးပြီးနောက် ၂၀၁၈ ဇူလိုင် ၂၅ ရက်တွင် ရာဇဝတ် ကျင့်ထုံး ဥပဒေ ပုဒ်မ ၄၉၄(က)အရ အမှု ရုပ်သိမ်းကာ လွှတ်ပေးခဲ့သည်။
ထိုသို့ လွှတ်ပေးမှုအပေါ် ပြည်သူများကြား ဝေဖန်မှုများ မြင့်တက်ခဲ့ပြီး အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က ဝင် ရောက် ကိုင်တွယ်စစ်ဆေးခဲ့ရာ ရန်ကုန်တိုင်း ဒေသကြီး ဥပဒေချုပ်ဟောင်း ဦးဟန်ထူး အပါအဝင် ဥပဒေအရာရှိတချို့နှင့် ရဲတပ်ဖွဲ့ဝင် တချို့ အဂတိမှုဖြင့် အရေးယူခံခဲ့ရပြီး ယနေ့တိုင် အမှု ရင်ဆိုင်နေရဆဲ ဖြစ်သည်။
အဂတိ တိုက်ဖျက်ရေး ကော်မရှင်က အရေးယူပြီးနောက် ၎င်းတို့ ၃ ဦးအား အောက်တိုဘာ ၉ ရက်မှ စတင်ကာ နောက် တကြိမ် ထပ်မံ စစ်ဆေးခဲ့ပြီး၂၀၁၉ ဇန်နဝါရီလတွင် သန်းထွဋ်အောင်(ခ)သားကြီးနှင့် ပြည့်ဖြိုးအောင်(ခ) အောင်လေး တို့ အား လူသတ်မှု ပုဒ်မ ၃၀၂(၂) ဖြင့် လည်းကောင်း၊ ကျော်ဇောဟန်(ခ)ကျော်ဇောအား လူသတ်ရန် အားပေးမှု ပုဒ်မ ၃၀၂ (၂)/၁၁၄ ဖြင့် လည်းကောင်း စွဲချက်တင်ခဲ့ခြင်း ဖြစ်သည်။
You may also like these stories:
အောင်ရဲထွေး အမှု ဖမ်းထားသူ ၃ ဦးကို အာမခံဖြင့် ပြန်လည်လွှတ်ပေး
အောင်ရဲထွေး သေဆုံးမှု အပြစ်မရှိကြောင်း တရားစွဲခံရသူ ၃ ဦး ငြင်းဆို
အောင်ရဲထွေးအမှု လူသတ်မှုမှ အပြင်းအထန် နာကျင်စေမှုသို့ ပြောင်းလဲ စွဲချက်တင်