လာမည့် ရွေးကောက်ပွဲတွင် မန္တလေးတိုင်း မဲဆန္ဒနယ် အသီးသီးမှ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ၅၄၃ ဦး ရှိသည့်အနက် ၁ ဦးမှာ ကိုယ်စားလှယ်လောင်း အရည်အချင်းနှင့် မကိုက်ညီဟုဆိုကာ ပယ်ချထားကြောင်း တိုင်းရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သတင်းရရှိသည်။
တိုင်းကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးရှိန်ဝင်းက “မိဘဖြစ်သူ နိုင်ငံသားဖြစ်မှု၊ မဖြစ်မှု ဥပဒေနဲ့ ငြိစွန်းနေတဲ့အတွက် ကိုယ်စားလှယ်လောင်းအဖြစ် ရွေးကောက် တင် မြှောက် ခံပိုင်ခွင့် မရှိလို့ ခရိုင်ကော်မရှင်က ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။ ကိုယ်စားလှယ်လောင်းက မည်သူ မည်ဝါ ဆိုတာကတော့ သူ့ဂုဏ်သိက္ခာအရ လောလောဆယ် ထုတ်ပြောလို့မရသေးပါဘူး” ဟု ဧရာဝတီကို ပြောသည်။
သက်ဆိုင်ရာရွေးကောက်ပွဲ ဥပဒေပုဒ်မ ၁၀ (င) အရ မွေးဖွားစဉ်က နိုင်ငံသား မဖြစ်သေးသော မိဘ တပါးပါးမှ ဖြစ်စေ၊ နှစ်ပါးလုံးမှ ဖြစ်စေ မွေးဖွားသည့် နိုင်ငံသားသည် လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ရွေးကောက် တင်မြှောက် ခံပိုင်ခွင့်မရှိဟု ပြဌာန်းထားသည်။
ထိုသို့ ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်မရှိဟု ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ ဆုံးဖြတ်ချက်အပေါ် တိုင်းကော် မရှင် အဖွဲ့ခွဲထံ ကိုယ်စားလှယ်လောင်း စာရင်းထုတ်ပြန်သည့် သြဂုတ် ၁၈ ရက်နေ့မှ ၇ ရက်အတွင်း အယူခံ တင်နိုင်မည်ဖြစ်သည်။
“အခုထိတော့ အယူခံ လာမတင်သေးဘူး။ လာတင်ရင်တော့ တိုင်းကော်မရှင်က စစ်ပေးမယ်။ ဒီ ၇ ရက်အတွင်းမှာ အယူခံ မတင်ရင်တော့ ကိုယ်စားလှယ်လောင်းစာရင်းက ၅၄၂ ဦး ဖြစ်ပါတယ်” ဟု ဦးရှိန်ဝင်းက ပြောသည်။
ပြည်သူ့ရှေ့ဆောင်ပါတီ ကမူ အဆိုပါ ပယ်ချခံရသော ကိုယ်စားလှယ်လောင်းမှာ ၎င်းတို့ပါတီ ကိုယ်စားပြုကာ တိုင်းဒေသကြီး လွှတ်တော် မဟာအောင်မြေမြို့နယ် မဲဆန္ဒနယ်မြေ ၂ မှ အရွေးခံချယ်မည့် ကိုယ်စားလှယ်လောင်း အမျိုးသမီး ဖြစ်ကြောင်း ပြောပြသည်။
“သူ့မိဘက တရုတ်အနွယ်ဖွားလူမျိုးလို့ ပြောလို့ရမယ်။ ကိုယ်စားလှယ်လောင်းကတော့ ခရိုင်ကနေ တိုင်းကော်မရှင်ကို အယူခံတက်မယ်လို့ ပြောပါတယ်” ဟု ပြည်သူ့ရှေ့ဆောင်ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးဆက်သွေးက ဧရာဝတီကို ပြောသည်။
လာမည့် ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီတို့ အပါ အဝင် နိုင်ငံရေးပါတီ ၂၀ က ကိုယ်စားလှယ်လောင်း ၅၂၈ ဦးနှင့် တသီးပုဂ္ဂလကိုယ်စားလှယ်လောင်း ၁၆ ဦးတို့ ဝင်ရောက် အရွေးချယ်ခံရန် အမည် စာရင်း တင်သွင်းခဲ့သည်။
ထိုအထဲမှ ညီညွတ်သော ဒီမိုကရက်တစ်ပါတီက တိုင်းဒေသကြီး လွှတ်တော် ချမ်းအေးသာစံမြို့နယ် ၁ မှ ဝင်ရောက် အရွေးခံမည့် ကိုယ်စားလှယ်လောင်း ၁ ဦး ရုတ်သိမ်းလွှာ တင်ခဲ့ပြီး ကိုယ်စားလှယ်လောင်း အရည်အချင်း နှင့် မကိုက် ညီသဖြင့် ပယ်ချခံရသူ တဦး ရှိသည့်အတွက် လက်ရှိတွင် ကိုယ်စားလှယ်လောင်း စုစုပေါင်း ၅၄၂ ဦးရှိကြောင်း သိရသည်။
လက်ရှိစာရင်းအရ မန္တလေးတိုင်း အမျိုးသားလွှတ်တော်မဲဆန္ဒနယ်မြေအတွက် ၅၀ ဦး၊ ပြည်သူ့ လွှတ်တော်အတွက် ၁၆၆ ဦး၊ တိုင်းဒေသကြီး(၁) ၁၆၀ ဦး၊ တိုင်းဒေသကြီး (၂) ၁၆၁ ဦး၊ ရှမ်းတိုင်းရင်းသား လူမျိုးရေးရာ မဲဆန္ဒနယ် အတွက် ၅ ဦး အမည်စာရင်း တင်သွင်းထားခြင်းဖြစ်သည်။
လာမည့် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲအတွက် မန္တလေးတိုင်း၌ မဲဆန္ဒရှင် စုစုပေါင်း ၄၅ သိန်းကျော် (၄,၅၇၈,၄၆၉ ဦး) ရှိကြောင်း ဇူလိုင်လကုန်က ထုတ်ပြန်ခဲ့သော ပထမ အကြိမ် မဲစာရင်းများအရ သိရသည်။
You may also like these stories:
ပဋိပက္ခဒေသက စစ်ရှောင်များ ရွေးကောက်ပွဲအပေါ် စိတ်မဝင်စား
ပြည်ပမှ ကြိုတင်မဲပေးရန် ကနဦး လျှောက်ထားသူ ၅ သောင်းကျော်ရှိ
တပ်ချုပ်နှင့် ၃၄ ပါတီ တွေ့ဆုံမှုအပေါ် သူတို့အမြင်