နေပြည်တော်တွင် ယနေ့စတင်ကျင်းပသည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစုပင်လုံ စတုတ္ထအစည်း အဝေး ဖွင့်ပွဲအခမ်းအနားတွင် ပြသရန် ရည်ရွယ်ထားသည့် “ငြိမ်းချမ်းခွင့်ပေးပါ” သီချင်းရုပ်သံမှာ ပြသခွင့် မရခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါ သီချင်းကို ယနေ့ပြုလုပ်သည့် ၂၁ ပင်လုံ ဖွင့်ပွဲအခမ်းအခမ်းအနား အစီအစဉ်ထဲတွင်ပြသရန် ကနဦး ရွေးချယ်ခဲ့ပြီးမှ စစ်ပွဲနှင့် ပတ်သက်သည့် ရုပ်ပုံများ ပါရှိနေခြင်း အကြောင်းပြချက်ဖြင့် ပြသရန် တားမြစ်ခြင်း ဖြစ်ကြောင်း ညီလာခံတက်ရောက်သည့် သတင်းရင်းမြစ်များက ပြောသည်။
ဧရာဝတီ သတင်းရင်းမြစ်တဦးက “စစ်ပွဲနဲ့ပတ်သက်တဲ့ အရုပ်တွေအကုန်ပြောင်းခိုင်းတယ်။ (သီချင်းဆိုမည့်) ကလေးတွေဖက်ရှင်တွေပါ ပြောင်းခိုင်းတာ အနက်ရောင် မဝတ်ရဘူးတဲ့။ ဖိုင်နယ်ရီဟာဇယ်မှာ ဘယ်ကညွှန်ကြားချက်မှန်းမသိဘဲ ဘမ်းခံလိုက်ရတာ” ဟု ဆိုသည်။
ကြာမြင့်ချိန် ၇ မိနစ်ခန့်ရှိသော ထိုသီချင်းထဲတွင် ယုံကြည်ချက်ကြောင့် လက်နက်ကိုင်ထားသော သားများနှင့် သူတို့ မိခင်များ၏ သောကအကြောင်းထည့်သွင်းထားပြီး ရှေ့တန်းတွင် မိုင်းထိမှု၊ ပစ်ခတ်ခံရမှုတို့ မိခင်ထံ မပြန်နိုင်တော့သည့် ဘဝများကို ပဋိပက္ခ ဒေသများတွင် ကြုံတွေ့နေကြ ပုံစံများကို ပုံဖော်ထားသည်။
အဆိုပါသီချင်းကို တေးရေး သစ်လွင်အောင် (လွိုင်ကော်)၊ အဆိုတော် နော်ဂူးဂူး က သီဆိုထားပြီး သီချင်းစာသားများကို အင်္ဂလိပ် ဘာသာပြန်ထားသူကတော့ မသီတာ (စမ်းချောင်း) ဖြစ်သည်။
ဒါရိုက်တာကတော့ မင်းသိုက် ဖြစ်ပြီး သူသည် မြန်မာနိုင်ငံတွင် ၂၀၁၂ ခုနှစ်က ပထမဆုံး ကျင်းပခဲ့သော လွတ်လပ်ခြင်းအနုပညာ ရုပ်ရှင်ပွဲတော် (The Art OF Freedom Film Festival) တွင် “ကြိုး” ဇာတ်ကားဖြင့် အကောင်းဆုံး ဇာတ်လမ်းတို ဇာတ်ကားဆု ရရှိခဲ့သူဖြစ်သည်။
နေပြည်တော်တွင် ယနေ့ ပြုလုပ်သည့် ၂၁ ပင်လုံ စတုတ္ထအစည်းအဝေး ဖွင့်ပွဲ အခမ်းအနားတွင် “ငြိမ်းချမ်းခွင့်ပေးပါ” တေးသီချင်းရုပ်သံ အစား ၂၀၁၉ ခုနှစ် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ၄ နှစ်ပြည့် နှစ်ပတ်လည်တွင် အခမ်းအနားတွင် သီဆိုခဲ့သည့် “မငြိမ်းချမ်းလို့မဖြစ်ဘူး” ဆိုသည့် တေးသီချင်း ရုပ်သံကို ပြန်လည်သီဆို ဖော်ပြခွင့်ပြုခဲ့သည်။
ထိုတေးသီချင်းရုပ်သံသည်လည်း “ငြိမ်းချမ်းခွင့်ပေးပါ” သီချင်းရုပ်သံ အတွက် ရေးသား၊ တီးခတ်၊ သီဆို၊ ပုံဖော် ရိုက်ကူးခဲ့သူများပင်ဖြစ်သည်။ သို့သော်လည်း ထိုသီချင်းရုပ်သံတွင် စစ်ကြောင့် ဒုက္ခရောက်သူများ၏ ရုပ်ပုံများကိုသာ ဖော်ပြထားသည်။
ဒါရိုက်တာ မင်းသိုက် ကတော့ ယမန့်နေ့ညပိုင်းက ၎င်း၏ Facebook လူမှုကွန်ရက် စာမျက်နှာထက်တွင် “အိပ်မပျော်ဘူးဗျာ၊ မနက်ဖြန် (၁၉ ဩဂုတ်) နေ့ခင်း ၁၂ နာရီ မြန်မြန်ထိုးချင်ပြီ၊ ရန်ကုန် ပြန်ချင်ပြီ”ဟု ညီးတွား ရေးသားထားသည်ကိုတွေ့ရသည်။
“ငြိမ်းချမ်းခွင့်ပေးပါ” သီချင်းရုပ်သံကို ကန့်သတ်သူမှာ တပ်မတော်ကမဟုတ်ဘဲ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ ကညွှန်ကြားခြင်း ဖြစ်ကြောင်း ပြောဆိုနေကြသော်လည်း ဧရာဝတီ အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါ။
နေပြည်တော် အစိုးရအဖွဲ့ ထိပ်တန်းတာဝန်ရှိသူ တဦးက တော့ “သူပုန်က စစ်သားကို ပစ်တဲ့ ပုံပါလို့ အဲဒီအခန်းမပါရင် ဒါမှမဟုတ် စစ်သားက သူပုန်ကို ပစ်တဲ့ အခန်းဆိုရင် Pass ဖြစ်တယ်” ဟု ပြောသည်။
ထိုသီချင်းစာသားကို စာတန်းထိုးဖော်ပြရန် ဘာသာပြန်ပေးခဲ့သော မသီတာ (စမ်းချောင်း) က “ယုံကြည်ချက်ကြောင့် အိမ်နဲ့ဝေးသွားတဲ့ သားတယောက် နဲ့ပတ်သက်ပြီးတော့ ပူဆွေးရတဲ့ အမေတွေရဲ့ မျက်ရည်တွေကို တိတ်စေချင်တယ်ဆိုတဲ့ အကြောင်းလေးပဲ။ အဲဒီမှာ မြန်မာ့တပ်မတော်တို့ တိုင်းရင်းသားလက်နှက်ကိုင်တို့ အမည်တပ်ထားခြင်း မရှိဘူး။ ကျမမြင်တွေ့ရသလောက်ကတော့ လက်ရှိ ကိုယ့်တိုင်းပြည်ထဲမှာ ဖြစ်နေတဲ့ ဖြစ်ရပ်တွေကို ထင်ဟပ်တာပဲ ရှိတယ်။ သပ်သပ် လုပ်ကြံဖန်တီးထားတာ ရှိမနေဘူး” ဟု ဧရာဝတီသို့ ပြောသည်။
နေပြည်တော်တွင် ကျင်းပနေပြီဖြစ်သည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစုပင်လုံ စတုတ္ထ အစည်းအဝေးကို ယနေ့မှ စ၍ ၂၁ ရက်နေ့ အထိ ၃ ရက်ကြာ ကျင်းပသွားမည်ဖြစ်ပြီး ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း ၃ ချုပ်ဆိုနိုင်ရေးအတွက် ဆုံးဖြတ်ချက်များ ချမှတ်ကြမည်ဖြစ်သည်။
ယခုညီလာခံသို့ အစိုးရနှင့် NCA ရေးထိုးထားသော အပစ်ရပ် ၁၀ ဖွဲ့သာ တက်ရောက်ပြီး UWSA နှင့် KIA တို့ ဦးဆောင်သည့် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) အဖွဲ့ဝင် ၇ ဖွဲ့မှာ တက်ရောက်ကြခြင်း မရှိပေ။
You may also like these stories:
တရုတ်နယ်စပ်က လက်နက်ကိုင်အဖွဲ့တွေ ဘာကြောင့်ပင်လုံညီလာခံ မတက်သလဲ
အကြမ်းဖက်မှုဖြင့် တရားစွဲခံ တောင်ကုတ်ဒေသခံ ၅ ဦး လွတ်မြောက်
စခန်းမှူး လုပ်ကြံသတ်ဖြတ်ခံရသည့် ကျောက်တော်တွင် လုံခြုံရေးတိုးမြှင့်