ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် မြောင်ကြီးကျေးရွာအနီးတွင် ရက္ခိုင်စစ်တပ် (AA) က ဖမ်းဆီးခေါ်ဆောင်ခဲ့သည့် ရခိုင် ပြည် လွတ်မြောက်ရေး ပါတီ (ALP) အဖွဲ့ဝင် ၅ ဦး သြဂုတ်လ ၁၈ ရက် ညနေ ၄ နာရီခန့်က ပြန်လည် လွတ်မြောက်လာ ကြောင်း သိရသည်။
ထို ၅ ဦးမှာ ALP ၏ တွဲဖက် အတွင်းရေးမှူး(၁) ခိုင်အောင်စိုးသန်း၊ ဆက်ဆံရေးရုံး ဝန်ထမ်း ခိုင်ဌေးနှင့် ဆေးဘက်ဆိုင်ရာ လူထု အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်နေသော ရခိုင်လူထု ကျန်းမာရေးလုပ်သားအဖွဲ့ (RCHWA) မှ ဆေးဝန်ထမ်းများ ဖြစ်ကြသည့် ခိုင်မျိုးဇံ၊ ခိုင်မိုးဇက်နှင့် ခိုင်ဟိန်းဇော် တို့ဖြစ်ကာ၊ သြဂုတ်လ ၁၀ ရက်တွင် ၎င်းတို့ကို ဖမ်းဆီးသွားကြောင်း ALP အဖွဲ့က သြဂုတ်လ ၁၁ ရက်၌ ထုတ်ပြန်ခဲ့သည်။
ALP မှ ဒု ဗိုလ်မှူးကြီး ခိုင်ကျော်လှိုင်က “
AA က ဖမ်းသွားတာ ဟုတ်ပါတယ်။ မနေ့က ဆေးမှူး ခိုင်မိုးဇက်က ကျနော့်ကို ၄ နာရီလောက်မှာ ဖုန်းဆက်လာလို့ ကျနော်တို့က အတိအကျ သိရတာပါ။ သူတို့ကို မေးကြည့်တော့ ဒဏ်ရာရတယ်တော့ မကြားဘူး။ အားလုံး ကျန်းကျန်းမာမာပဲလို့ ပြောတယ်”
ဟု ဧရာဝတီသို့ ပြောသည်။
လက်ရှိ ALP အဖွဲ့ တာဝန်ရှိသူများသည် နေပြည်တော်တွင် ကျင်းပနေသည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ တက်ရောက်နေခြင်း ကြောင့် ဖမ်းဆီးခံရသူများနှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်များကိုမူ မသိရသေးကြောင်း ဆိုသည်။
အစိုးရနှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့တွင် တဖွဲ့ အပါအဝင် ဖြစ်သော ALP ပါတီဝင်များကို ယခုကဲ့သို့ AA က ဖမ်းဆီးသည်မှာ လူထုအားကိုးယုံကြည်မှု ကျ ဆင်းစေရန် ရည်ရွယ်ခြင်းဖြစ်နိုင်ကြောင်း ရခိုင်အရပ်ဘက် အဖွဲ့အစည်းများက မှတ်ချက်ပြု ပြောဆိုကြသည်။
ရခိုင် လူထု ကျန်းမာရေး လုပ်သားအဖွဲ့ (RCHWA) မှ ဆေးဝန်ထမ်း ခိုင်ကျော်ဆန်းက
“ကျနော်တို့ဆီက ဖမ်းသွားတဲ့ ၅ ယောက်လုံး ပြန်လွတ်လာတာပါ။ သူတို့ကို AA က စစ်ဆေးမေးမြန်း စရာရှိလို့ ခေါ်သွားတာဖြစ်လို့ မေးမြန်းစစ်ဆေးပြီး ပြန် လွှတ်လိုက်တာပါ။ သူတို့မှာ ထိခိုက်ဒဏ်ရာ ရထားတာတော့ မတွေ့ဘူး”
ဟု ဧရာဝတီသို့ ပြောသည်။
AA အဖွဲ့သည် အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးထားသည့် ALP အဖွဲ့ဝင်များကို အလားတူ ဖမ်းဆီးမှုမျိုးအား ၂၀၁၇ ခုနှစ်တွင်၂ ကြိမ်နှင့်၂၀၂၀ တွင်၂ ကြိမ် ကျူးလွန်ထားကြောင်း ALP က ဆိုထားသည်။
ဖမ်းဆီးမှု ၄ ကြိမ်တွင် ALP အဖွဲ့ဝင် ၁၂ ဦး ဖမ်းဆီးခံခဲ့ရပြီး၂ ဦးမှာ ထွက်ပြေး လွတ်မြောက်လာခဲ့ကြောင်း၊ ကျန် ၁၀ ဦးမှာ လွတ်မြောက်လာခြင်း မရှိသလို ဖမ်းခံထားရသည့် ALP အဖွဲ့ဝင်တချို့ကို AA က သတ်လိုက်ပြီဆိုသည့် သတင်းများလည်း ထွက်ပေါ်နေကြောင်း သိရသည်။
၂၀၁၇ ခုနှစ်က AA မှ ဖမ်းဆီးခေါ်ဆောင်သွားသည့် ALP အဖွဲ့ဝင်များကို ဖမ်းသွားခြင်းမှာ ကြာပြီဖြစ်သည့်အတွက် မျှော် လင့်ချက် မထားတော့ကြောင်း၊ သို့သော်၂၀၂၀ မေလက ဖမ်းဆီးခံရသည့် ALP တပ်ဖွဲ့ဝင်များကို ပြန်လွှတ်ပေးစေ လို ကြောင်း ဒု ဗိုလ်မှူးကြီး ခိုင်ကျော်လှိုင်က ဆိုသည်။
လက်ရှိတွင် မလွတ်မြောက်သေးသည့် ALP အဖွဲ့ဝင်များ၏ အခြေအနေနှင့်ပတ်သက်ပြီး တစုံတရာ မကြားသိရသဖြင့် မိသားစုများက စိုးရိမ်ပူပန်လျက်ရှိကာ ကျန်သည့် အဖွဲ့ဝင်များကိုလည်း အမြန်ဆုံး ပြန်လွှတ်ပေးရန် ALP အဖွဲ့ဝင်များက တောင်းဆိုလျက်ရှိသည်။
ဆက်စပ်ဖတ်ရှုရန်
ALP အဖွဲ့ဝင်များကို AA က ထပ်မံ ဖမ်းဆီး
AA ဖမ်းဆီးထားသည့် ALP တပ်ဖွဲ့ဝင်သုံးဦး အသတ်ခံရဟုဆို
AA ဖမ်းသွားသည့် ချင်းရွာလူကြီး သေဆုံးလျက် ပြန်တွေ့