မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံအကြား ရေပြင်သို့ ပို့ဆောင်မည့် ကျပ် ၁၁၂ ဘီလီယံနီးပါး တန်ဖိုးရှိ ICE မူးယစ်ဆေး များအား ကျိန္တလီကမ်းခြေနှင့် လက်ခုပ်ကုန်းကျေးရွာအုပ်စု၊ ဆယ်အိမ်တန်းကမ်းခြေ အနီးတွင် ဖမ်းမိခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားသည်။
ရခိုင်ပြည်နယ်တောင်ပိုင်း ကျိန္တလီမြို့ အနောက်တောင်ဘက်၊ မောင်းဒေါက်ချောင်းဝအနီး ရပ်ထားသည့် စက်လှေပေါ်မှ ICE မူးယစ်ဆေး ၁၃၈၀ ကီလို(တန်ဖိုးကျပ် ၃၁ ဒဿမ ၇၄ ဘီလီယံ) အား ဩဂုတ် ၁၆ ရက်နေ့က ဖမ်းမိခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ဖမ်းမိသည့် မူးယစ်ဆေးများအား သံတွဲမြို့နယ်၊ မော်ကင်းရွာအနီးရေပြင်တွင် အခြားစက် လှေ ၁ စင်းပေါ်မှ လွှဲ ပြောင်း တင်ဆောင်လာခဲ့ခြင်း ဖြစ်ပြီး မူးယစ်ဆေးများ သယ်ဆောင်လာသည့် ထွန်းထွန်းဝင်း၊ ကျော်မိုးဆွေ၊ ဖြိုးမင်းအောင်၊ စန်းလင်း၊ လှငွေတို့ ၅ ဦးကိုလည်း ဖမ်းမိခဲ့ကာ ကွင်းဆက်ပါဝင်သူများ စုံစမ်းလျှက်ရှိကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန် ထား သည်။
ကွမ်းခြံကုန်းမြို့နယ်၊ ဆယ်အိမ်တန်းကမ်းခြေ၊ တံငါလှေဆိပ်အနီးတွင်လည်း ICE ၉၉၉ ဒဿမ ၈ ကီလို (တန်ဖိုးကျပ် ၇၉ ဒဿမ ၉၈ ဘီလီယံ) အား ဇူလိုင် ၃၁ ရက်နေ့က ဖမ်းမိခဲ့ခြင်းဖြစ်ပြီး ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့မှ သယ်ဆောင် လာခဲ့ခြင်း ဖြစ်ကာ ကွမ်းခြံကုန်းမြို့နယ် ကမ်းခြေမှတဆင့် မလေးရှားရေပြင်သို့ ပို့ဆောင်ရန်ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ကြေညာထားသည်။
ယင်းအမှုတွင် ပူးပေါင်းပါဝင်ခဲ့ကြသည့် ရဲဝေလင်း၊ လင်းလင်းထိုက်၊ စိုင်းထွန်းလှိုင်၊ ကျော်ဦး၊ မိုးသူဇာ၊ သိန်းရာဇာ၊ ချစ်ပိုပို တို့အား ဟိုပုံးမြို့နယ်၊ တောင်ကြီးမြို့နယ်၊ လိပ်သိုမြို့နယ်၊ မင်္ဂလာဒုံမြို့နယ်၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်တို့တွင် ဖမ်းမိ ခဲ့ပြီး Speed Boat တစီး၊ ကား ၉ စီး၊ နေအိမ် ၃ လုံးတို့ကိုလည်း ယာယီချိတ်ပိတ်ကာ စစ်ဆေးလျှက်ရှိကြောင်း သိရသည်။
ဖမ်းဆီးရမိသည့် ICE မူးယစ်ဆေးအားလုံးသည် တရုတ်လက်ဖက်ခြောက်တံဆိပ်များဖြစ်သည့် GUAN YIN WANG၊ Refined Chinese Tea စသည့်တံဆိပ်ပါ အိတ်များဖြင့် ထုပ်ပိုးထားခြင်းဖြစ်ပြီး ၂၀၁၉ ခုနှစ်၊ ဩဂုတ် ၂၂ ရက်နေ့ကလည်း နမ့်စန်မြို့နယ်၊ နားပွဲကျေးရွာ အနောက်ဘက် မီတာ ၁၀၀၀ ခန့်အကွာတွင် ICE မူးယစ်ဆေးချက်စခန်းတခုအား တပ်မ တော် က ဖမ်းဆီးခဲ့ပြီး ၎င်းတံဆိပ်ပါ အိတ်ခွံများနှင့် ချက်လုပ်သည့်ပစ္စည်းများ ဖမ်းမိခဲ့သည်။
ယခုနှစ် ဩဂုတ် ၁၅ ရက်နေ့က နမ့်စန်မြို့မြောက်ဘက် ကျေးသီးမြို့နယ်အတွင်း ICE နှင့် ဘိန်းဖြူ ကျပ် တန်ဖိုး ၁၁.၅၂၄ ဘီလီယံအားလည်းကောင်း၊ ဩဂုတ် ၁၃ ရက်နေ့တွင် နမ့်စိန်မြို့အရှေ့ဘက် တာချီလိတ် မြို့နယ် အတွင်း ICE တန်ဖိုး ကျပ် ၂၅.၀၂၅ ဘီလီယံနှင့် ဩဂုတ် ၂ ရက်နှင့် ၃ ရက်နေ့တို့တွင် တာချီလိတ် မြို့နယ် အတွင်း ICE တန်ဖိုးကျပ် ၇၉၇ သန်းအား လည်းကောင်း ဖမ်းမိခဲ့သည်။
ယင်းအပြင် ဇွန်လ ၇ ရက်နေ့က နမ့်စန်မြို့အရှေ့ဘက် ကျိုင်းတုံ–လွိုင်မွေ–ဝမ်လုံးရွာလမ်းဆုံတွင် ICE နှင့် ဘိန်းဖြူ တန်ဖိုး ကျပ် ၂၄.၅၇ ဘီလီယံကျော်အား လည်းကောင်း၊ မေလ ၂၄ ရက်နေ့က နမ့်စန်မြို့အနောက်ဘက် လွိုင်လင်–တောင်ကြီး အသွား ကားလမ်းပေါ်နှင့် မေလ ၂၉ ရက်နေ့တွင် တောင်ကြီး–ကလောသွား ကားလမ်းပေါ်တွင်လည်း ကွင်းဆက်ဖမ်းမိမှု အနေဖြင့် ICE မူးယစ်ဆေးတန်ဖိုးကျပ် ၇၈.၇၂၅ ဘီလီယံအား လည်းကောင်း ဖမ်းမိခဲ့သည်။
ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်၊ မတ်လအတွင်းကလည်း ရခိုင်ပြည်နယ်တောင်ပိုင်း၊ ဂွမြို့နယ်အတွင်းက ထွက်ခွာလာသည့် စက်လှေပေါ်မှ ကျပ် ၄၃ ဘီလီယံကျော်တန်ဖိုးရှိ ICE မူးယစ်ဆေးများကို တနင်္သာရီကမ်းရိုးတန်း၊ မြောက်တော်ဝင်ကျွန်း အနောက်ဘက် ပင်လယ်ပြင်တွင် တပ်မတော်ရေက ဖမ်းမိခဲ့သေးသည်။
ထိုနှစ်အတွင်း၌ မြန်မာနိုင်ငံသားများ လိုက်ပါလာသည့် စက်လှေများပေါ်မှ ထိုင်း နိုင်ငံရေပြင်၊ မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှား နိုင်ငံအကြား ရေပြင်တို့ထံ ပို့ဆောင်ရန် တင်ဆောင်လာသည့် ICE မူးယစ်ဆေးများအား တပ်မတော်(ရေ)က တနင်္သာရီကမ်းရိုးတန်း ပင်လယ်ပင်တွင် ၃ ကြိမ်ထက်မနည်း ဖမ်းဆီးရမိခဲ့ပြီး စုစုပေါင်းတန်ဖိုးမှာ ကျပ်ဘီလီယံ ရာချီ ရှိခဲ့သည်။
You may also like these stories:
ကျပ် ၁၂၁၇ ဘီလီယံ တန်ဖိုးရှိ မူးယစ်ဆေးနှင့် ဆက်စပ်ပစ္စည်းများ မီးရှို့ဖျက်ဆီး
မူးယစ်သံသယ တပ်ရင်းမှူးကို ရဲထံအစစ်ခံရန် အစိုးရအသိပေးမှု DKBA မတုံ့ပြန်
မောင်တော၌ တန်ဖိုး ကျပ်သိန်းပေါင်း ၂သိန်းခန့်ရှိ WY များ ဖမ်းမိ၊ ပိုင်ရှင်ထွက်ပြေး