ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ်ရှိ တရုတ်နိုင်ငံသားပိုင် စက်ရုံများ ဖြစ်ကြသော Myanmar Royal Apollo အထည်ချုပ် စက် ရုံနှင့် လှိုင်သာယာမြို့နယ်ရှိ Su Xin (Myanmar) Garment Co.Ltd ကုမ္ပဏီတို့ရှိ စက်ပစ္စည်းများကို လာမည့် ရက်ပိုင်း အတွင်း လေလံတင် ရောင်းချသွားမည် ဖြစ်ကြောင်း ယနေ့ ပြုလုပ်သော အလုပ်ရှင်ပိုင် ပစ္စည်းများအား လေလံတင် ရောင်း ချရေး လုပ်ငန်း ညိုနှိုင်းအစည်းအဝေးက သိရသည်။
အဆိုပါ စက်ရုံ၂ ရုံ၏ အလုပ်ရှင်များသည် ကုန်ကြမ်း ပြတ်လပ်သည်ကို အကြောင်းပြကာ အလုပ်သမားများအား လစာရှင်း ပေးရမည့် မတ်လ ၅ ရက် မတိုင်မီ ထွက်ပြေးသွားခြင်း ဖြစ်သည်။
လေလံတင် ရောင်းချရေး လုပ်ငန်း ညိုနှိုင်းအစည်းအဝေးတွင် ပါဝင်ခဲ့သည့် သွေးစည်း ညီညွတ်သော သမဂ္ဂများ အဖွဲ့ချုပ် (STUM) စည်းရုံးရေးမှူး ကိုစောခိုင်ဝင်းက “ဒီနေ့ အစည်းဝေးက ရောင်းချဖို့အတွက် ရက်တွေ သတ်မှတ်တယ်။ စက်ရုံ နှစ် ခုလုံးကို တပြိုင်တည်း ဖိတ်ပေမယ့် ခွဲပြီးတော့ အစည်းအဝေးက လုပ်ပါတယ်။ အခုလ၂၁ ရက်မှာ နိုင်ငံပိုင် သတင်းစာ တွေကနေ စက်ရုံရှိ ပစ္စည်းတွေကို လေလံတင်ဖို့ ကြေညာထည့်မယ်” ဟု ဧရာဝတီသို့ ပြောသည်။
ထိုသို့ ကြေညာထည့်ပြီးပါက သြဂုတ်လ၂၄ ရက်မှ၂၈ ရက်အထိ ၅ ရက်အတွင်း ဝယ်ယူလိုသော သူများအနေနှင့် စက်ရုံ တွင်းရှိ ပစ္စည်းများကို လာရောက် ကြည့်ရှုနိုင်ရန် စီစဉ်ထားပြီး စက်တင်ဘာလ ၃ ရက်တွင် Myanmar Royal Apollo အထည်ချုပ်စက်ရုံကို လေလံတင် ရောင်းချပွဲ ကျင်းပမည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
လေလံတင် ရောင်းချမည့် စက်ရုံများ၏ ကာလပေါက်ဈေး တန်ဖိုး အကြမ်းဖျင်းကို သတ်မှတ်ထားခြင်း မရှိကြောင်း၊ ဝယ်ယူ သူ၏ သတ်မှတ်သည့် ဈေးနှုန်းကို ကြည့်၍ အလုပ်ရှင်၊ အလုပ်သမား၊ အစိုးရ သုံးပွင့်ဆိုင် ဖွဲ့စည်းထားသော လေလံဦး ဆောင်မှုကော်မတီမှ ဆုံးဖြတ်ဆွေးနွေးကာ ထုတ်ပြန်သွားမည် ဖြစ်ကြောင်း လှိုင်သာယာမြို့နယ် အလုပ်သမားရေးရာ ဆက်ဆံရေး ဦးစီးဌာန ဦးစီးမှူး ဦးသိန်းမင်းထွန်းက ဧရာဝတီသို့ ပြောသည်။
အစိုးရဘက်က ဆက်လက် လုပ်ဆောင်သွားမည့် အခြေအနေ၊ လေလံကြမ်းခင်း သတ်မှတ်ချက်များနှင့် ပတ်သက်၍ ဦး ဆောင် ဆွေးနွေးသည့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကော်မတီများ ညွှန်ကြားမှု ဦးစီးဌာန (DICA)၊ ရန်ကုန်တိုင်း ဒေသကြီး ဦးစီးမှူးရုံး ညွှန်ကြားရေးမှူး ဦးမျိုးခိုင်ဦးအား ဧရာဝတီမှ ဆက်သွယ် မေးမြန်းရာတွင် “ကြေညာတဲ့ အချိန်ကျ သိပါလိမ့်မည်” ဟုသာ ပြန်လည် ဖြေကြားခဲ့သည်။
စက်ရုံထဲရှိ ပစ္စည်းများကို ခွဲခြားထားသော်လည်း လက်ရှိ လေလံပစ်မည့် ပစ္စည်းများ၏ ကြမ်းခင်းဈေးကို သတ်မှတ်ထား ခြင်း မရှိသေးကြောင်း၊ လေလံတင် ရောင်းချမည့်နေ့မှသာ ဝယ်သူအနေနှင့် ကြိုက်ဈေးပေး၍ ဝယ်ယူနိုင်ကြောင်း သိရ သည်။
ကိုစောခိုင်ဝင်းက “အဲဒီလို ဝယ်သူက ဈေးပြောပြီးမှ ကျနော်တို့က ဒီဈေး သင့်/မသင့်ကို သုံးသပ်ပြီးတော့ ပြန်ဆုံးဖြတ်မှာ ဖြစ်ပါတယ်။ လောလောဆယ် ကြမ်းခင်းဈေး သတ်မှတ် မထားပါဘူး။ ဈေးကို ဆုံးဖြတ်တဲ့အခါမှာ လေလံ ဦးဆောင်မှု ကော်မတီက လုပ်မှာပါ။ Apollo က လုပ်သား ၄၅၉ ဦးကို ဖေဖော်ဝါရီလစာ ပေးရမှာပါ” ဟု ပြောသည်။
အထက်ပါ အထည်ချုပ် စက်ရုံ နှစ်ရုံကို လေလံတင်ရာ၌ နိုင်ငံပိုင် သတင်းစာတွင် ကြေညာထည့်ခြင်းနှင့် စက်ရုံတွင်းရှိ ပစ္စည်းများ ကြည့်ရှုနိုင်မည့် ရက်တို့ကို တပြိုင်ထဲ ရက်သတ်မှတ်ထားသော်လည်း Su Xin (Myanmar) ကို သြဂုတ်လ ၃၁ ရက်တွင် လေလံတင်ရောင်းချမည် ဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် (CTUM)၊ လှိုင် သာယာမြို့နယ် ညှိနှိုင်းဖျန်ဖြေရေး အလုပ်သမား ကိုယ်စားလှယ် မကြည်ကြည်ထွန်းက ပြောသည်။
၎င်းက “လာမယ့် တပတ် တနင်္လာနေ့ကနေ သောကြာနေ့အထိ ၅ ရက်ကို အရောင်းဖွင့်မယ်ပေါ့။ ဝယ်မယ့်သူက လာကြည့်လို့ ရ အောင်လုပ်မယ်။ ပြီးရင် ၃၁ ရက်မှာ စက်ရုံကို လေလံတင်မယ်။ Su Xin မှာက လုပ်သား ၃၂၇ ယောက် ရတယ်။ လေလံ တင် ရောင်းချလို့ ရမယ့် ပိုက်ဆံနဲ့ လုပ်သားတွေကို ပေးဖို့ လောက်ငှမှုက အပြည့်အဝ ရှိနိုင်လား၊ မရှိနိုင်ဘူးလား ဆိုတာ သေချာ အတိအကျတော့ မပြောနိုင်သေးဘူး” ဟု ဆက်လက် ပြောဆိုသည်။
စက်ရုံ နှစ်ရုံပေါင်း အလုပ်သမား ၇၈၀ ကျော်မှာ အလုပ်ရှင် ထွက်ပြေးသည့် မတ်လ မှစတင်၍ ယနေ့ ၅ လကျော် အချိန် အထိ နစ်နာကြေးနှင့် ၎င်းတို့ လုပ်ကိုင်ခဲ့သည့် ဖေဖော်ဝါရီလ၏ လုပ်ခလစာ တစုံတရာ ရရှိထားခြင်း မရှိသေးကြောင်း STUM က သိရသည်။
မြန်မာ့အထည်ချုပ် လုပ်ငန်းများတွင် လုပ်ကိုင်နေသည်မှာ လုပ်သားဦးရေ ၅ သိန်းကျော် အထိရှိပြီး တရုတ်အထည်ချုပ် စက်ရုံ ၂၃၆ ရုံ၊ ကိုရီးယား အထည်ချုပ် စက်ရုံ ၆၇ ရုံ၊ ဂျပန် အထည်ချုပ်စက်ရုံ၂၀ နှင့် မြန်မာပိုင်အထည်ချုပ် စက်ရုံ ၉၂ ရုံ၊ စုစုပေါင်း ၄၂၀ ခန့် ရှိကြောင်း သိရသည်။ ယင်းစာရင်းသည် အသင်းသို့ ဝင်ရောက်ထားသည့် စာရင်းသာ ဖြစ်သည်။
ယခု ၂၀၂၀ ဇန်နဝါရီလ ၁ ရက်မှ ဇူလိုင်လ ၂၁ ရက်အထိ ယာယီပိတ်သိမ်းခြင်း၊ အပြီးပိတ်သိမ်းခြင်း၊ အလုပ်ရှင် ထွက်ပြေး ခြင်း စသည့် အကြောင်းအမျိုးမျိုးကြောင့် ပိတ်သိမ်းလိုက်ရသည့် CMP စက်ရုံပေါင်း ၁၀၀ နှင့် အခြားစက်ရုံ ၆၃ ရုံ ရှိပြီး အလုပ်သမား ၅ သောင်း ၄ သောင်းကျော် အလုပ်လက်မဲ့ ဖြစ်ပွားခဲ့သည်။
ယင်းတို့အနက် ပြန်ဖွင့်သည့် စက်ရုံမှာ ၁၀၁ ရုံ ရှိပြီး အလုပ်သမား ၁ သောင်း ၅ ထောင်ကျော်ကို အလုပ်အကိုင် အခွင့်အ လမ်း ပြန်ပေးနိုင်ခဲ့သည် ဟု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နံှမှု ကော်မရှင် စာရင်းများ အရ သိရသည်။
You may also like these stories:
ရွှေပြည်သာရှိစက်ရုံ ၌အလုပ်ရှင် ထွက်ပြေး၍ လုပ်သား ၄၆၀ ကျော် လစာမရ အခက်တွေ့
စက်ရုံတွေ ပိတ်လို့ အလုပ်လက်မဲ့ဖြစ်လာကြတဲ့အခါ