ရခိုင်ပြည်နယ် စစ်တွေမြို့မှ ကိုရိုနာဗိုင်းရပ် ရောဂါပိုးတွေ့သူများထဲတွင် စစ် တွေပြည်သူ့ဆေးရုံကြီးမှ ဆရာဝန်ကြီး ၁ ဦး ပါဝင်ကြောင်း သိရသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ သြဂုတ်လ ၂၀ ရက်နေ့ မနက်ပိုင်းက ထုတ်ပြန်ချက်တွင် စစ်တွေမြို့မှ လူနာအမှတ် ၃၉၅ အသက် ၄၀ အရွယ် အမျိုးသား ၁ ဦးနှင့် လူနာအမှတ် ၃၉၆ အသက် ၂၉ နှစ်အရွယ် အမျိုးသမီး ၁ ဦးတို့ ပိုး တွေ့ရှိ ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။
အဆိုပါ ပိုးတွေ့ရှိသူ လူနာအမှတ် ၃၉၅ မှာ စစ်တွေပြည်သူ့ဆေးရုံမှ ဆရာဝန် ၁ ဦး ဖြစ်ပြီး လူနာအမှတ် ၃၉၆ မှာ ထွေအုပ်ဝန်ထမ်း ၁ ဦးဖြစ်ကြောင်းလည်း စစ်တွေပြည်သူ့ ဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာဇော်လွင်က ပြောသည်။
စစ်တွေ ဆေးရုံအုပ်ကြီး ဒေါက်တာဇော်လွင်က
“ မနေ့က ပိုးတွေ့တဲ့ နှစ်ယောက်မှာ တယောက်က ကျနော်တို့ဆေးရုံက ဆရာဝန်ပါ။နောက်တယောက်ကတော့ ထွေအုပ် ဝန်ထမ်း ဖြစ်ပါတယ်”
ဟု ဧရာဝတီသို့ ပြောသည်။
လူနာအမှတ် ၃၉၅ မှာ CB Bank ဝန်ထမ်း အမျိုးသမီးနှင့်ထိတွေ့ခဲ့သူဖြစ်သည့်အတွက် အသွားအလာ ကန့်သတ်ထားသူ ဖြစ်ပြီး လူနာအမှတ် ၃၉၆ မှာ စောင့်ကြည့်လူနာ ဖြစ် ကြောင်း လက်ရှိအချိန်တွင် ၎င်းတို့ ၂ ဦးလုံးကို စစ်တွေဆေးရုံကြီးတွင် ကြပ်မတ် ကုသလျက် ရှိကြောင်းလည်း သိရသည်။
ထိုသို့ စစ်တွေမြို့တွင် ပိုးတွေ့လူများ ထပ်မံထွက်ပေါ်လာသည့်အတွက် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ နေထိုင်ရာ ရပ်ကွက်ရှိ လမ်းများကို လော့ဒေါင်းချရန် ပြည်နယ် အစိုးရအဖွဲ့ အစည်းအဝေး တရပ်ပြုလုပ်ခဲ့ပြီး ဆုံးဖြတ်ခဲ့ ကြောင်းပြည် နယ်အစိုး ရအဖွဲ့ဝင် စည်ပင် ဝန်ကြီး ဦးဝင်းမြင့်က ပြောသည်။
စည်ပင်ဝန်ကြီး ဦးဝင်းမြင့်က “ မနေ့က ကျနော်တို့ အစည်းအဝေး ဆုံးဖြတ်ချက်အရ သူ (ပိုးတွေ့လူနာ ) နဲ့ပတ်သက်ပြီး နေထိုင်တဲ့ ရပ်ကွက်တခုလုံးတော့ မဟုတ်ဘူး။ ရပ်ကွက်ထဲက လမ်းတချို့ကိုတော့ လော့ဒေါင်းချမယ်။ ပြည်သူတွေကိုလည်း အသိ ပေးမယ်။ အိမ်တွင်း အိမ်ပြင်ထွက်ရင် Mask တပ်ဖို့ရယ်။ ကိစ္စမရှိရင် အိမ်ပြင် မထွက်ဖို့ရယ်။ အဲဒီလိုမျိုး စည်းကမ်းမလိုက်နာရင် ဒဏ်ကြေးငွေ တပ်ဖို့ ကိစ္စတွေကို ကြော်ငြာ ပေးဖို့ လုပ် နေပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ထိုသို့ ရပ်ကွက်တချို့ရှိ လမ်းများကို လော့ဒေါင်းချမည် ဖြစ်သော်လည်း မြို့ဝင် မြို့ ထွက်များကို ပိတ်ထားမည် မဟုတ်ဘဲ ကျန်းမာရေး စစ်ဆေးမှုများကို ပြုလုပ်ကာ ဝင်ခွင့် ပြုသွားမည် ဖြစ်ကြောင်း ဝန်ကြီး ဦးဝင်းမြင့်က ဆက်လက်ပြောကြားသည်။
ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနအနေဖြင့် ပိုးတွေ့လူနာများနှင့် ထိတွေ့ ဆက်စပ်သူများကို စာရင်းများ ကောက်ယူပြီး တချို့ကို Quaranitine Center များတွင် ထားရှိသလို တချိုကို နေအိမ်အတွင်း အသွားအလာကန့်သတ်ပြီး စောင့်ကြည့် အနေဖြင့် ထားရှိထားကြောင်းလည်း ဦးစီးဌာန တာဝန်ရှိသူများက ပြော သည်။
ယနေ့ နံနက်ပိုင်းတွင် ပိုးတွေ့လူနာများ နေထိုင်ရာ စစ်တွေမြို့ ကုန်တန်း ရပ်ကွက်၊ မြို့သူကြီး ရပ်ကွက်၊ ဓညဝတီ ရပ်ကွက်၊ ရွာကြီးတောင် ရပ်ကွက်ရှိ လမ်း တချို့ ကို လော့ဒေါင်းချပြီး သွားလာမှုများကို ကန့်သတ်ထားသည်။
လက်ရှိအခြေအနေတွင် သြဂုတ်လ အတွင်း စစ်တွေမြို့၌ ကိုရိုနာဗိုင်းရပ်ပိုးတွေ့ရှိသူ ၆ ဦးအထိ ရှိလာသည့်အတွက် မြို့ခံများအကြားတွင် စိုးရိမ်မှုများ မြင့်တက်နေသည်။
စစ်တွေမြို့မှ ရန်ကုန်မြို့သို့ လာရောက်သူများအား အသွားအလာ ကန့်သတ်စောင်ကြည့်ခြင်း(Quarantine) ၂၁ ရက်နေထိုင်ရမည့် အစီအစဉ်အား ယနေ့ ဩဂုတ် ၂၀ ရက်မှ စတင်သတ်မှတ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ပြောသည်။
ပြည်တွင်းလေကြောင်းပို့ဆောင်ရေး ဦးစီးဌာနအနေဖြင့်လည်း လတ်တလောတွင် ရန်ကုန်-စစ်တွေ လေကြောင်းလိုင်း ပိတ်ထားရန် ညွန်ကြားချက် မရှိသေးကြောင်းနှင့် စစ်တွေမှ လာရောက်သူများအား Quarantine ထားရှိရေးဆောင်ရွက်ရန်သာ ကျန်းမာရေးဝန်ကြီးဌာနက ညွန်ကြားထားကြောင်း ညွန်ကြားရေးမှူး ဦးနေဝင်းက ပြောသည်။
လက်ရှိရောဂါ ကူးစက်နိုင်မှုအခြေအနေများနှင့် ပတ်သက်၍လည်း နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတွင် အစည်းအဝေးတရပ်အား ယနေ့ ကျင်းပမည်ဖြစ်ပြီး အသေးစိတ် စည်းကမ်းချက်များ ထပ်မံထုတ်ပြန်လာနိုင်ကြောင်းလည် သိရသည်။
(သတင်းထောက် ထွန်းထွန်း ပါဝင်ရေးသားသည်။)
You may also like these stories:
စစ်တွေပိုးတွေ့သူများ၌ ဒုက္ခသည် စခန်းသွားခဲ့သူ INGO ဝန်ထမ်း ၁ ဦး ပါဝင်
စစ်တွေ ပိုးတွေ့လူနာနှင့် ထိတွေ့ခဲ့သူ ၁၅၀ ကျော်ကို ကန့်သတ်စောင့်ကြည့်နေ
မုံရွာတွင် ကိုဗစ်ညွှန်ကြားချက် မလိုက်နာသည့် ဆိုင် ၅၀ ကျော်ကို ဒဏ်ရိုက်