ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် လက်ကောက်ဈေး ရပ်ကွက်ရှိ ဘုန်းကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော်၂ ပါးနှင့် ကိုရင်၂ ပါးကို ရက္ခိုင်စစ်တပ် (AA) က ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း ဒေသခံများထံက သတင်း ရရှိသည်။
မြောက်ဦးမြို့နယ် လက်ကောက်ဈေးရပ်ကွက်ရှိ မြို့ဦးခေါင်းကျောင်းတိုက် ဆရာတော် ဦးဝဏ္ဏသာရ၊ ရွှေစည်းဝ ကျောင်းတိုက် ကျောင်းထိုင်ဆရာတော် ဦးဓမ္မပီယနှင့်အတူ ကိုရင်၂ ပါးကို ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) အတွက် လူသစ် စုဆောင်းရာတွင် ပါဝင်သည်ဟု ဆိုကာ သြဂုတ်လ ၁၈ ရက် ည ၁၂ နာရီကျော်က ဖမ်းဆီးသွားခြင်း ဖြစ်သည်ဟု အဆိုပါ ရပ်ကွက်အတွင်းရှိ လကြည်တောင်ကျောင်းမှ ကျောင်းထိုင် ဆရာတော် ဦးခေရဝံသက ဆိုသည်။
ဆရာတော်က “ဘုန်းကြီးတွေကို AA ဖမ်းခေါ်တာက ဒါပထမဆုံးပဲ။ မြို့ပေါ် ကျောင်းတိုက်တွေကနေ ခေါ်သွားတာနော်။ AA ခေါ်သွားတယ် ဆိုပြီး အဲဒီ ကျောင်းတိုက်က ဒကာ၊ ဒကာမတွေက ပြောနေကြတယ်။ ကားနဲ့ ခေါ်သွားပြီး လမ်းမှာ တော့ စက်လှေနဲ့ လူဝတ်လဲပြီး ခေါ်သွားတယ်လို့ အနီးအနားက ဒကာတွေက ပြောတာ” ဟု ဧရာဝတီသို့ မိန့်သည်။
အရပ်ဝတ်များ ဝတ်ထားသည့် လူ ၇ ဦးက ဖမ်းဆီးသွားသည့် ဆရာတော်များ၏ မျက်နှာကို အဝတ်များဖြင့် အုပ်ကာ ဖမ်းဆီးသွားခြင်း ဖြစ်သလို ဆရာတော် သီတင်းသုံးသည့် အခန်းကိုလည်း ဝင်ရောက် ရှာဖွေမှု ပြုလုပ်သွားကြောင်း မြို့ဦး ခေါင်းကျောင်းတိုက် ဆရာတော်နှင့် အတူနေထိုင်သူတဦးက ပြောဆိုသည်။
မျက်မြင် တွေ့လိုက်ရသူ တဦးက “ကျောင်းမှာက ဆရာတော်ရဲ့ မယ်တော်လည်း ရှိတယ်။ ကျောင်းသားလေးတွေ လည်း ရှိပါတယ်။ ဒါပေမယ့် သူတို့က ဓားတို့၊ တုတ်တို့ပါတော့ ဘယ်သူမှ ဘာမှမပြောရဲဘူး။ ဆရာတော်တွေကို ကြိုးတုပ်ပြီး ခေါ်သွားတာ” ဟု ပြောသည်။
လက်ရှိ အနေအထားအရ ဒေသခံများအနေဖြင့် ကြောက်ရွံ့မှုများ ရှိနေကြကာ လုံခြုံရေးအရ ၎င်းတို့၏ အမည်များကို ဖော်ပြခြင်း မပြုရန် မေတ္တာရပ်ခံထားသည်။
ဆရာတော် ဦးခေရဝံသက “ဝါတွင်းကာလမှာ ဘုန်းကြီးတွေကို ဒီလိုခေါ်သွားတာ သိပ်တော့ မကောင်းဘူးပေါ့။ တကယ် စစ်ဆေးမေးမြန်းစရာ ရှိတယ်ဆိုရင်လည်း သီတင်းကျွတ်ပြီးမှ ခေါ်သွားပေါ့။ အခုဆိုရင် ဝါဆိုထားတဲ့ ကာလ ဖြစ်တာ ကြောင့် ဒါက မဖြစ်သင့်ဘူး ထင်တယ်” ဟု မှတ်ပြုသည်။
AA အဖွဲ့သည် ၎င်းတို့ လှုပ်ရှားရာ နယ်မြေရှိ ဒေသခံများထံမှ ဆက်ကြေးကောက်ခြင်း၊ ရိက္ခာတောင်းခြင်း၊ အရပ်သားများ ကို ဖမ်းဆီး သတ်ဖြတ်ခြင်းများ မကြာခဏ ပြုလုပ်သောကြောင့် ဒေသခံများသည် ဘေးလွတ်ရာသို့ ရှောင်ပြေးနေထိုင်နေ ကြကြောင်း သိရသည်။
You may also like these stories:
AA ဖမ်းဆီးသွားသည့် ALP အဖွဲ့ဝင် ၅ ဦး ပြန်လည် လွတ်မြောက်လာ