ကမ္ဘာ့အကောင်းဆုံး အရည်အသွေးကောင်း ကျောက်စိမ်းများထွက်ရာ ဒေသဟု ကျော်ကြားသော ဖားကန့်မြို့နယ် အတွင်း ကျောက်စိမ်းတူးဖော်ရေးကို ဧက ထောင်နှင့်ချီ တူးဖော်နေသည်မှာ ဆယ်စုနှစ် တခုရှိပြီ ဖြစ်ပြီး တဖက်တွင် လူအသေအပျောက် အများဆုံး ကျောက်တူးဖော်ရေး နေရာ ဖြစ်လာသလို ဒေသခံ ဌာနေတိုင်းရင်းသားများအတွက် တောတောင်နှင့် ချောင်းများ ပျောက်ဆုံးလာသည့် အခြေအနေများ ရင်ဆိုင်နေရသည်။
ကျောက်စိမ်းတူးဖော်သည့် ကုမ္ပဏီများမှ တူးဖော်ပြီးသည့် မြေစာများကို စနစ်တကျ သွန်ခြင်း မရှိသဖြင့် နှစ်စဉ် ရေမဆေး ကျောက် ရှာဖွေသူ ရာနှင့်ချီ မြေစာပုံပိ သေဆုံးနေကြပြီး ဇူလိုင် ၂ ရက်ကလည်း ဂွေခါ မှော်မြေပြိုကျသဖြင့် လူဦးရေ ၂၀၀ နီးပါး သေဆုံးထားသည်။
ဖားကန့်သည် တကမာ္ဘလုံးက ကျောက်စိမ်း ၇၀ ရာခိုင်နှုန်းကို ထုတ်လုပ်ပေးသည့်အပြင် မြန်မာနိုင်ငံအတွက် အခွန် ၁၅ ဘီလီယံလောက်ကို နှစ်စဉ် ရှာဖွေ ပေးနေသည့် ဒေသဖြစ်သော်လည်း မြို့တွင်းမြို့ပြင် လမ်းများမှာ ချိုင့်ခွက်များအပြည့်နှင့် ဖြစ်ပြီး ဌာနေတိုင်းရင်းသားများမှာလည်း ကျောက်စိမ်းထွက်ရှိခြင်းကြောင့်ဟုဆိုကာ အကျိုး ကြီးကြီးမားမား ခံစား ရခြင်း မရှိပါ။
အထက်ပါ အခြေအနေများနှင့် ပတ်သက်၍ ဧရာဝတီ၏ အကြီးတန်းသတင်းထောက် နန်းလွင်နှင်းပွင့်မှ ကချင်အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးအသင်း ဥက္ကဋ္ဌ ဦးလမောင်လတောင်နှင့် တွေ့ဆုံမေးမြန်းထားပါသည်။
ဦးလမောင်လတောင်သည် ဖားကန့်၏ ဒေသခံ ဌာနေ ကချင်တိုင်းရင်းသား ခေါင်းဆောင်တဦး ဖြစ်ပြီး ၁၉၆၂ ခုနှစ် အာဏာ မသိမ်းခင်က ဖားကန့်ကို အုပ်ချုပ်ခဲ့သည့် ကချင်ဒူဝါကြီးများ အနက် လမောင်ဒူဝါကြီး၏ သား ၁ ဦး ဖြစ်သည်။
မေး။ ။ ဂွေခါမှာ မြေပြိုပြီးနောက် အစိုးရရဲ့ ကြည့်ရှုကိုင်တွယ်ပုံကို ဘယ်လို သုံးသပ်ချက် ရှိပါသလဲ။
ဖြေ။ ။ ကျနော့်အမြင်နဲ့ ပြောရရင် သိပ်ပြီး အားမရစရာတွေ အများကြီး ရှိတယ်။ သူတို့က တူးခွင့်သာ ပေးတာ ကုမ္ပဏီ က အောက်ခြေမှာ ဘာတွေ လုပ်နေတယ်။ ဘယ်လို လုပ်နေတယ်ဆိုတာကို လိုက်ကြည့်တာမျိုး မရှိဘူး။ ယန္တရားတွေ လည်း အားလုံး လိုင်စင်မဲ့ပဲ။ အဲဒါတွေကို ခွင့်ပြုသလို ကုမ္ပဏီကလည်း ရတဲ့ အခွင့်အရေးကို အပြတ်ယူတယ်။ အစိုးရက လည်း လာပြီး စစ်ဆေးတာ မလုပ်ဘူး။ ဒါကို ကြည့်ခြင်းအားဖြင့် အားမရဘူးလို့ပဲ ကျနော်ပြောချင်ပါတယ်။
အဓိက ကတော့ မြေပြိုမှုမှာ ကုမ္ပဏီက တာဝန်ရှိသလို အစိုးရမှာလည်း တာဝန်ရှိတယ်လို့ ပြောချင်ပါတယ်။ ကျင်းပြိုပြီး သေတာက သူတို့ တွင်းလုပ်ထားတယ်။ အဲဒီမှာ ရေက အိုင်နေတော့ ရေကတဆင့် မြေပြိုကျပြီး သေတာ။ နှစ်တိုင်း ရာ ကျော် သေနေတာ မနည်းတော့ဘူး။ နှစ်တိုင်း ရာကျော်သေနေတဲ့ အဖြစ်အပျက်ကို ပြန်ကြည့်မယ်ဆိုရင် သွားပြီး စစ်ဆေးတာ၊ မေးမြန်းတာ တခုမှ မရှိဘူးလေ။ ကုမ္ပဏီကိုပဲ စိတ်ကြိုက် လွှတ်ထားတယ်လို့ ကျနော်မြင်တယ်။
ဥပမာ ဂွေခါမှာ အလောင်းထုတ်လာတာကို ကြည့်ပြီးတော့ပဲ ၁၇၂ ဦး သေပါတယ်လို့ လုပ်တာ။ တကယ်တော့ ကျနော် လိုက်ကြည့်တော့ အလောင်း မထုတ်နိုင်တာတွေ အများကြီး ရှိတယ်။ ထိုနည်းတူ ကျန်တဲ့ မှော်တွေမှာလည်း တယောက်စ၊ နှစ်ယောက်စ သေတာတွေ အများကြီး ရှိတယ်။ မှော်တိုင်းလိုလို လူအများကြီး သေနေတယ်။ နာမည်စာရင်းကလည်း အတိအကျ ရဖို့ မလွယ်ဘူး။ ဒါကို ကြည့်မယ်ဆိုရင် လူဘယ်လောက် သေလို့ သေမှန်း စာရင်းဇယားယူလို့ မလွယ်ဘူး ဆိုတာလည်း တွေ့ရတယ်။
မေး။ ။ ရေမဆေးလာရှာသူတွေဆိုရင်လည်း သူတို့ နေရပ်တွေမှာ အလုပ်အကိုင် အခွင့်အလမ်းမရှိလို့ ဘဝမျိုးစုံနဲ့ ရောက်လာကြတာတွေ့ရတယ်။ ဒီပြဿနာကိုရော ဘယ်လိုဖြေရှင်း သင့်တယ်လို့ မြင်ပါသလဲ ။
ဖြေ။ ။ ဒီကို ရောက်လာတဲ့ လူတိုင်းက သူတို့ နေရပ်၊ သူတို့ ဒေသမှာလည်း အလုပ်မရှိလို့ ဒီကို တက်လာတာပဲလို့ မြင် ပါတယ်။ ဟိုမှာ အလုပ်အကိုင်၊ ဝင်ငွေရှိရင် ဒီကို လာစရာကို မရှိပါဘူး။ လူတိုင်း အလုပ်အက်ိုင် မရှိလို့၊ စားဝတ်နေရေး ခက်ခဲလို့ ဖားကန့်ဒေသကို ရောက်လာတယ်လို့ မြင်ပါတယ်။ ဒီလိုလူတွေကို အစိုးရက တနည်းတဖုံ လုပ်ပေးဖို့လိုတယ်။ အခု ကျနော်ကြည့်နေတာ သူတို့ ရေမဆေးတွေကို လုပ်ခွင့်ပေးပါတယ်ဆိုတဲ့ နေရာ၊ အဲဒါ ကျောက်စိမ်း မထွက်ပါဘူး။
ဂျန်ဂါ့ ဆိုတဲ့ နေရာက ကျောက်စိမ်း မထွက်ဘူးလေ။ အဲဒီနေရာမှာ သွားပြီး နေရာချပေးထားတယ်။ တကယ်တမ်း ကျောက်ထွက်တဲ့ နေရာကျ ကုမ္ပဏီကိုပဲ အစိုးရက ဦးစားပေးပြီး ပေးတယ်။ ဖြစ်နိုင်ရင် တပိုင်တနိုင် အရင်က လုပ်စားခဲ့ သလို အခုလည်း ပြည်သူတွေ စားဝတ်နေရေး အဆင်ပြေဖို့ တပိုင်တန်ိုင်လေး လုပ်ခွင့်ပေးနိုင်ရင် သိပ်ကောင်းမယ်။ ပေးတယ် ဆိုရင်လည်း တကယ်တမ်း ကျောက်စိမ်းထွက်တဲ့ နေရာမှာ ပေးရင်တော့ ပိုပြီး နှစ်ဦးနှစ်ဖက် အကျိုးရှိမယ်လို့ မြင်ပါတယ်။ အခုက ကုမ္ပဏီကျတော့ ပဏ္ဍာ ရလို့လား မသိဘူး။ ကုမ္ပဏီကိုပဲ အဓိက ထားပြီးတော့ ပေးတယ်။ ကျောက်စိမ်း ထွက်တယ်၊ မြေနေရာ ကျယ်ကျယ်ပေးတယ်။ အစိုးရ ကိုယ်တိုင်က ခွဲခြားတဲ့ သဘော မြင်ရပါတယ်။ ပြည်သူ ဖြစ်ရဲ့သားနဲ့ ငွေရှိတဲ့ သူနဲ့ မရှိတဲ့ သူကို ခွဲခြားထားတယ်။ လက်လုပ်လက်စားကိုလည်း ဖြစ်န်ိုင်ရင် ဦးစားပေးပြီးတော့ အားလုံးအဆင်ပြေအောင် လုပ်ပေးနိုင်ရင် အဆင်ပြေမယ်။
မေး။ ။ ကျောက်တူးဖော်ရေးရဲ့ နောက်ဆက်တွဲကို ဌာနေတိုင်းရင်းသားတွေ ခံစားနေရတာက ဘာတွေလဲ။
ဖြေ။ ။ ကျနော်တို့က အရင်ကတည်းက ကျောက်စိမ်းထွက်တဲ့ ဒေသဆိုပေမယ့် ကျောက်စိမ်းကို အဓိက မတူးကြဘူး။ တောင်ယာပဲ လုပ်စားကြတယ်။ တချိန်က ကျနော်တို့ တောင်ယာခုတ်စားခဲ့တဲ့ မြေနေရာက အခု အားလုံး ကျောက်စိမ်း တူးပစ် လိုက်ပြီ မရှိတော့ဘူး။ ကျနော်တို့ နေ့တိုင်း သောက်သုံး နေတဲ့ ရေလည်း မသန့်တော့ဘူး။ အခုနောက်ပိုင်း ထွက်လာတဲ့ ရေကို သောက်တဲ့သူလည်း ကျောက်ကပ်ရောဂါ ရှိတယ်။ ကျနော်လည်း ကျောက်ကပ်ရောဂါ ရှိပါတယ်။ ရေမသန့်လို့ပါ။ ကျနော်တို့ ဖားကန့်က အရင်က တောနဲ့ တောင်နဲ့ ကျားတွေတောင် ရှိပါတယ်။ တနည်းအားဖြင့် ပြောရင် အိန္ဒိယက ပေါက်ချလာတဲ့ ကြံ့တွေတောင် ဒီကို တခါတခါ ရောက်လာတယ်။ အခုက ဘာဆို ဘာမှ မရှိတော့ဘူး။ တောင်တွေလည်း အားလုံး ကတုံး၊ ချိုင့်တွေဖြစ်သွားပြီ။ ဥရုချောင်းလည်း အားလုံး မြင်တဲ့ အတိုင်း နောက်ကျိသွားပြီ။ ဒါက အခုဖြစ်နေတဲ့ ကျနော်တို့ရဲ့ လက်ရှိ အနေအထားပါ ။ လာမယ့် အနာဂတ်မှာ ဒီမှာရှိတဲ့ ဌာနေသားတွေတောင် ဘာလုပ်လို့ ဘာကိုင်စားရမှန်း မသိတော့ဘူး။ အနေအထားက အဲဒီလို ဖြစ်သွားပြီ။ အပင်တွေ၊ ပတ်ဝန်းကျင်တွေ ဘာမှ မရှိတော့ဘူး။
အခုဆို မိုးရွာရင် ရေကြီးတယ်။ အရင်ကဒါတွေ မရှိခဲ့ဘူး။ ရေကြီးရေလျှံတာ အခု နှစ်တိုင်း ခံစားရတယ်။ ကျနော်တို့ တောင်ယာ ခုတ်ခဲ့တဲ့ တောတောင်တွေ တခုမှ မရှိတော့ဘူး။ သူတို့ စွန့်ပစ်တဲ့ ပလတ်စတစ်တွေ စက်အဟောင်းတွေ ပြောရရင် သူတို့ အမှိုက်ပုံကို ကျနော်တို့က ရှင်းနေရတယ်။
နေ့တိုင်းလိုပဲ။ ကုမ္ပဏီတွေကြောင့် ကိုယ်ဝန်သည်တွေဆိုလည်း ကျောက်ကို ဒိုင်းနမိုက်နဲ့ ခွဲရင် မြေကြီးက တုန်ပြီး ကိုယ်ဝန် ပျက်တာ ရှိတယ်။ ကားတွေ နေ့တိုင်း ဖြတ်နေတော့ ဖုန်တွေကလည်း မနည်းဘူး။ ကျနော်တို့ ရှုရှိုက်နေရတော့ အဆုတ် ရောဂါသည်တွေ ရှိလာတယ်။ ကျနော်တို့ ခံစားနေရတာတွေက ပြောမယ်ဆို မနည်းတော့ဘူး။ နောက်ပြီး လူ့အခွင့်အရေး လည်း ချိုးဖောက်ခံရပါတယ်။ ကျနော်တို့ မြေယာပိုင်ဆိုင်မှု အခွင့်အရေးလည်း ဘာမှ မရှိတော့ဘူး။ ဌာနေတိုင်းရင်းသား အခွင့်အရေးလည်း ဘာမှ မရဘူး။ ကျနော်တို့က အရှုံးနဲ့ပဲ ရင်ဆိုင်နေရပါတယ်။
အစိုးရကလည်း ကျနော်တို့ဘက် တချက်လောက် ငဲ့ပေးတာကို မရှိဘူး။ တချိန်က ဗိုလ်ချုပ်ကျော်ဝင်းလား ပြောဖူးပါတယ်။ ကျောက်စိမ်းက နဖူးမှာ ထွက်ရင် နဖူးမှာ တူးမယ်တဲ့။ သူတို့ကတော့ ဖားကန့်ကြောင့် အကျိုးခံစားရတယ်။ သိန်းသန်းချီ ရသွားတယ်။ ကျနော်တို့ ဌာနေသားတွေ ကျတော့ ကုန်းကောက်စရာ ဘာမှ မရှိအောင်ကို ဖြစ်သွားတယ်။ ဒါက ကျနော် တို့ရဲ့ ဒုက္ခတွေပါ။ သူများပြောပြောနေတဲ့ သယံဇာတရဲ့ ကျိန်စာဆိုတာ ကျနော်တို့များ မိနေသလားပေါ့။
မေး။ ။ တဖက်မှာ ကုမ္ပဏီတွေ အပြင် ပြည်နယ်နဲ့ တိုင်းအသီးသီးက အလုပ်မရှိလို့ ကျောက်လာရှာကြ ငွေလာရှာကြ တဲ့ ရေမဆေးတွေရော များလာတော့ သူတို့နဲ့ ယှဉ်တွဲ နေထိုင် ရတာရော ဘယ်လို အခြေအနေရှိပါသလဲ။
ဖြေ။ ။ အခု ကျနော်တို့ ဒေသမှာ ရွှေ့ပြောင်းလုပ်သားပဲ ပြောရမလား။ သူတို့က လူဦးရေ ပိုများတယ်။ ကျနော်တို့က ရှိလှမှ လူဦးရေ တသောင်းကျော်၊ နှစ်သောင်းပဲရှိတာ အခုက လူသိန်းချီ ဝင်လာတော့ ကျနော်တို့ နဂိုရှိနေတဲ့ မြေနေရာ တောင် အားလုံး ဆုံးရှုံးသွားတယ်။ သူတို့ ရောက်လာလို့ ဖြစ်ပေါ်လာတဲ့ အနေအထား၊ ပြီးတော့ အစိုးရဝန်ထမ်းတွေ ရောက်လာတယ်။ အားလုံးကို လိုက်ကြည့်လိုက်ပါ။ အောက်ပိုင်းဒေသတွေကပဲ။ ကချင်ဒေသခံ တယောက်မှ မရှိဘူး။ ကချင်ပြည်နယ်သား တယောက်မှ မရှိတော့ ဒီမှာ ဖြစ်လာတဲ့ ပြဿနာကိုလည်း ရင်ထဲ အသည်းထဲက ဖြေရှင်းတာ တယောက်မှ မရှိဘူး။ သူစိမ်းလိုပဲ။
နောက်ပြီး ဥရုချောင်းဘေးမှာ သွားကြည့်လိုက် မြေနေရာတွေမှာ နေထိုင်တာ တအားတိုးလာတယ်။ အဲဒီမှာ သူတို့ အချင်းချင်း ညှိနှိုင်းပြီး လုပ်စားနေကြတာ။ ကျနော်တို့ ဌာနေသားတွေ အတွက်ကျတော့ စဉ်းစားလေတိုင်း စိတ်မချမ်းသာ စရာတွေပဲ မြင်ရတယ်။ တခါတလေ ဘာလုပ်လို့ ဘာကိုင်ရမှန်းတောင် မသိဘူး။ ကျနော်တို့ အခွင့်အရေးကတော့ အင်မတန်မှ ဆုံးရှုံးနေပါတယ်။ ဒီလိုပဲ ပြောချင်ပါတယ်။
မေး။ ။ ကုမ္ပဏီတွေ ကျောက်တူးဖော်ရေးလုပ်ငန်းတွေ ဝင်လာတဲ့ ကာလကနေ အခုထိဆိုရင် တောတောင်တွေ ချောင်းတွေ ဘယ်လောက်များ ပျောက်သွားသလဲ။
ဖြေ။ ။ အတိအကျရယ်တော့ မဟုတ်ပေမယ့် သတင်းအချက်အလက် စုထားတာ အရဆိုရင် တောင် ၅၀ ကျော်ပြီ။ ရေချောင်းက ၃၀ ကျော်ပြီ ပျောက်သွားတာကလေ။ ဂွေခါ ဆိုရင် ရွာ ၈ ရွာ၊ ချောင်း ၁၀ ချောင်း လုံးဝ ပျောက်သွားတယ်။ နောက်ပြီး တောင်တွေလည်း အားလုံး ကတုံး ဖြစ်သွားပြီ။ နောက်ထပ် ဘယ်လောက်ထိ ဆက်ပျောက်မလဲ ဆိုတာ မသိဘူး။ နောက်ဆုံး ကျနော်တို့ ဖားကန့်က သဲကန္တာရသာသာ ဖြစ်သွားလိမ့်မယ်။ တောင်လည်း အခု မနည်းတော့ဘူး ပျောက်သွားတာ။ မြစ်ချောင်းကလည်း ၃၀ ကျော် ဆိုတာ မနည်းပါဘူး။ အတိအကျ ပြောဖို့ ခက်တယ်။ နောက် ဘယ်လောက်ထိ တောင် ဆက်ပျောက်သွားမလဲ မသိဘူး။ အဲဒါကို ဘယ်သူတာဝန်ယူမလဲ ဆိုတာလည်း မသိဘူး။
မေး။ ။ ဆရာ့ ဖခင် လက်ထက်၊ ကချင်ဒူဝါကြီးတွေ အုပ်ချုပ်တဲ့ ခေတ်ကာလတုန်း က ကျောက်စိမ်းတူးဖော်မှု အခြေအနေနဲ့ ဖားကန့်ဒေသက က ဘယ်လို ရှိခဲ့လဲ။
ဖြေ။ ။ အဲဒီတုန်းက ကျောက်စိမ်းကို အဓိက တူးဖော်တာ မလုပ်ခဲ့ဘူး။ အဓိက ကတော့ တောင်ယာ ခုတ်တာပဲ ။ တောင်ယာခုတ်ရင်းနဲ့ အားတဲ့အခါမှ ကျောက်စိမ်းတူးတယ်။ ရွှေကျင်တယ်။ ကျနော်တို့က တပတ်စာအတွက် ရိက္ခာ လိုတယ် ဆိုရင် တပတ်စာ အတွက်ပဲ ရွှေသွားကျင်ကြတယ်။ တပတ်စာ ရရင် ဆက်မကျင်ကြတော့ဘူး။ စီးပွားရေးအရ လုပ်တာ မဟုတ်ဘူး။ မလုပ်ခဲ့ကြဘူး။ ထိုနည်းတူပဲ ကျောက်စိမ်းကိုလည်း တစိုက်မတ်မတ် တူးတာမရှိခဲ့ဘူး။ ကိုယ့်နယ်မြေ ပတ်ဝန်းကျင်ကို လေးစားတာလည်း ဖြစ်ပါတယ်။
ကျနော်တို့ တောင်ယာခုတ်တာဆိုရင် ၁၀ နှစ် တကြိမ် နဂိုမူရင်း ခုတ်ခဲ့တဲ့ နေရာကို ပြန်လာခုတ်ကြတယ်။ တနှစ်နဲ့ တနှစ် ရွှေ့ပြောင်း ခုတ်သွားပြီး ၁၀ နှစ်ပြည့်ရင် မူရင်းနေရာမှာ ပြန်လာ ခုတ်ပါ တယ်။ ကိုယ့်ပတ်ဝန်းကျင်ကိုလည်း အလေးထားတယ်။ ထိုနည်းတူ ကျောက်စိမ်းကိုလည်း ကျနော်တို့ ကြီးကြီးမားမား မတူးခဲ့ဘူး။တပိုင်တနိုင်ပဲ တူးခဲ့တယ်။ တူးတယ်ဆိုသည့်တိုင်အောင် အခုလို မတန်မရာကြီး မလုပ်ခဲ့ဘူး။
မေး။ ။ ဖားကန့်မှာ တကယ့်ကို တကမာ္ဘလုံးမှာတောင် အဖိုးအတန်ဆုံး ကျောက်စိမ်းတွေ ထွက်တယ်။ ရွှေထွက်တယ်။ ဒီလို သယံဇာတတွေ ထွက်လို့ ဌာနေတိုင်းရင်းသားတွေ ဒေသခံတွေ ဘယ်လို အကျိုးကျေးဇူး ပြန်ရသလဲ။
ဖြေ။ ။ ဘာဆိုဘာမှ မရှိဘူးပဲ ပြောရပါမယ်။ မရှိတဲ့ အပြင် နဂိုပိုင်ထားတဲ့ မြေဧရိယာတောင် သိမ်းခံ ရတယ်လေ။ မြေပေါ်မြေအောက် အကုန် အစိုးရဟာပဲ ဆိုပြီး သိမ်းတယ်။ ကုမ္ပဏီတွေနဲ့ အပေးအယူ လုပ်ပြီး သိမ်းသွားတာပဲ။ ဒေသခံသာ ပြောတယ် မနေ့တနေ့ကမှ ပြောင်းလာသူတွေက အုပ်ချုပ်ရေးမှူးတွေ ဖြစ်တယ်။ အခု NLD က ရွေးကောက်ပွဲ ဝင်မယ့်သူတွေလည်း ထိုနည်းတူပါပဲ။ ဆိုလိုတာက
ကျနော်တို့ ဌာနေသားတွေကို ဘက်ပေါင်းစုံကနေ အနိုင်ကျင့်တယ်လို့ပဲ ကျနော်တို့က ခံယူတယ်။ အခု သူတို့က ရောက်လာတယ်။ ရာအိမ်မှူး သူတို့ပဲ လုပ်သွားတယ်။ အုပ်ချုပ်ရေးပိုင်း အကုန် သူတို့ ယူတယ်။ ကျနော်တို့ နဂိုရှိတဲ့ မြေလည်း သိမ်းတယ်။ အခွင့်အရေးတွေယူပြီး လုပ်စားတာလည်း မနည်းဘူး။ နောက် အုပ်ချုပ်ရေးမှူးတွေနဲ့ ရာအိမ်မှူးတွေ ပေါင်းပြီးတော့ လုပ်ပိုင်ခွင့်တွေ ရထားတာ၊ ကျောက်စိမ်းတွေကို ပိတ်ထားလည်း တူးနေတာ အများကြီးပဲ။
အဲဒါကို အုပ်ချုပ်ရေးမှူးတွေ ရာအိမ်မှူးတွေ သိတယ်လေ။ ဒါပေမယ့် ချိတ်ဆက် လုပ်စားနေတာပဲ။ ဆိုလိုတာက ဒီဒေသကို ရောက်လာတဲ့ သူတွေက ဒီဒေသကို စေတနာ မရှိဘူး။ သူတို့ ရသမျှ သိမ်းကျုံးပြီး သူတို့ဒေသကို ပြန်မယ်။ ဒါပဲ။ ကျနော်တို့ ဌာနေသားတွေကတော့ နယ်မြေရော အခွင့်အရေးရော အားလုံး ဆုံးရှုံးပြီး တနည်းအားဖြင့် ပြောရင် မုဒိမ်းကျင့်ခံရသလိုပဲ ခံစားနေရပါတယ်။ ဒီလိုပဲ ပြောချင်တယ်။
မေး။ ။ NLD အစိုးရ လက်ထက် ၅ နှစ်တာမှာ ဖားကန့်နဲ့ ပတ်သက်ရင် ဆရာတို့ သုံးသပ်ချက်က ဘယ်လို ရှိပါသလဲ။
ဖြေ။ ။ လုံးခင်းက ဦးတင့်စိုး ဆိုရင် သူ့ကို တချို့က ကုမ္ပဏီဘက် ပါတယ်ဆိုပြီး ဆန္ဒဖော်ထုတ်တာ ရှိတယ်။ နောက် ရွေးချယ်လိုက်တဲ့ အမျိုးသားလွှတ်တော် အမတ်တွေက အစပေါ့။ သူတို့ ရောက်သွားတာနဲ့ ဒီမှာ ဘာမှ လာလုပ်ပေးတာ မရှိဘူး။ ဟောင်ဖွာ ဟောင်ဖွာ ပြောပြီး ပြန်သွားမယ်။ သူတို့ ကိုယ်တိုင် လုပ်ပေးတာ ဘာမှ မရှိဘူး။ ကုမ္ပဏီက လူတွေနဲ့ လည်း သူတို့ အကုန်သိတယ်။ သူတို့ ပဏ္ဍာစားတယ်။ ဒီက လွှတ်တော်ကို ကျနော်တို့ အားကိုးတကြီးနဲ့ ရွေးချယ် လိုက် တယ်။ နောက် ဘာမှ အားကိုးစရာ ဖြစ်မလာဘူး။ ကျနော်တို့ အားလုံး ပုံအောပြီး ထည့်မိတာ သူတို့ကို ရွေးချယ် လိုက်တာ မှားသလားလို့ တွေးမိတယ်။ ကျနော်ကတော့ မှားတယ်လို့ပဲ ခံယူတယ်။
နောက်ပြီး NLD က လုပ်ဆောင်ချက်လည်း ဘာမှ လက်ညိုးထိုးစရာ ဖားကန့်မှာ မရှိဘူး။ တနည်းအားဖြင့် ပြောရင် မှားတယ်လို့ပဲ မြင်တယ်။ ကျနော်တို့ အတွက် ကောင်းကျိုး ဘာမှ မလုပ်ပေးဘူးလေ။ ကျနော် NLD အမတ်ကို မေးတယ်လေ။ မင်းတို့ လုပ်သွားတာ ဘာရှိလဲလို့။ သူက ပြောတယ်။ နောက်တခါ တကယ်လုပ်တော့မယ်တဲ့။ အဲဒီလိုပဲ ပြောတယ်လေ။ ခုတခါ တကယ်လုပ်မယ် ဆိုတာ ဘာကို လုပ်မှာလဲ ။ အခု ရွေးကောက်ပွဲ ဝင်မယ့် သူတွေကလည်း ဖားကန့် အကြောင်းကို ဘာမှ မသိတဲ့ သူတွေလေ။
အခု ပြည်သူ့လွှတ်တော်ကနေ ဝင်ပြိုင်မယ့် သူကလည်း ဖားကန့်ကို ရောက်လာတာ ၃ နှစ်၊ ၄ နှစ်ပဲ ရှိသေးတယ်။ သူ့ကို ရွေးချယ်ထားကြတယ်။ သူ ဘာသိမလဲ။ ခုနက ပြောသလို ဖားကန့် အတွက် NLD က လုပ်ပေးတာ ဘာမှ မရှိဘူး။ ဒီမှာရောက်လာလို့သာ သူတို့က အခြေအနေ ကြည့်ပြီး က သွားတာ။ ကျနော်တို့အတွက် NLD က အကျိုးမရှိသလို အစိုးရတွေ အဆက်ဆက် လုပ်သွားတဲ့ အရာကလည်း ကျနော်တို့ အတွက် ဘာမှ အကျိုးမရှိဘူး။
မေး။ ။ ဖားကန့်ဒေသနဲ့ ပတ်သတ်ရင် အစိုးရအနေနဲ့ ဘာတွေ လုပ်ပေးတာမျိုးကို လိုချင်တာလဲ။
ဖြေ။ ။ သူတို့ရဲ့ခေါင်းစဉ်က ပြောင်းလဲချိန်တန်ပြီလို့ ပြောခဲ့တယ်။ ကျနော်တို့က လူမှုရေး၊နိုင်ငံရေး၊ အစစ အားလုံး ပြောင်းလဲမယ်လို့ ထင်ခဲ့တယ်။ ခံယူတယ်။ လက်တွေ့နဲ့ အပြောနဲ့က တခြားစီ ဖြစ်နေတယ်။ အရင် ပါလီမန် ခေတ်တုန်းက ရာဖြတ်ရုံးဆိုတာ မိုးကောင်းမှာ ရှိတယ်။ ဒီမှာ ထွက်သမျှ ကျောက်စိမ်းက မိုးကောင်းမှာ ရာဖြတ်ရင် ဘယ်နိုင်ငံ၊ ဘယ်ဒေသကို ဖြစ်ဖြစ် သယ်ဆောင်သွားခွင့် ရှိတယ်။ အခုက အဲဒီလို မဟုတ်တော့ဘူး။ အခု ကျနော်တို့က ဌာနေသား သာ ပြောတာ ကျောက်စိမ်းကို မသိပဲ သွားကိုင်မိရင် သူ့ဥပဒေနဲ့ ငြိသွားပြီ။ ဆိုတော့ တကယ်တမ်း ဖြစ်သင့်တာက ကျနော် တို့ ဌာနေသားအတွက် သူတို့ ထည့်စဉ်းစားပေးရမယ်လေ။ တူးတဲ့အခါလည်း သူ့စည်း၊ သူ့ကမ်းနဲ့ သွားရမယ်။
အခုက ပရမ်းပတာလေ။ တကယ်လို့ ပြောင်းလဲချိန်တန်ပြီဆိုရင် အားလုံးအတွက် သူတို့အနေနဲ့ လူမှုရေး၊ နိုင်ငံရေး၊ စီးပွား ရေး၊ အစစအရာရာ ပြောင်းလဲပြီးတော့ ဦးဆောင်သွားမယ်လို့ ကျနော်တို့က တထစ်ချ ယုံခဲ့လို့ ပုံအောပြီး ထည့်ခဲ့ကြတာ။ ကျနော်တို့ ကချင်ပါတီတောင် မဲမထည့်ခဲ့ဘူး။ သူတို့ကိုပဲ ထည့်ခဲ့တာ။ အခုက လက်တွေ့မှာ အပြောနဲ့ တခြားစီ ဖြစ်နေ တယ်။
ကျနော်ကြုံလို့ တခုပြောချင်တယ်။ ၁၉၈၉ တုန်းကဖြစ်မယ်။ ကျနော်က အသက် ၂၀ ဝန်းကျင်ပါ။ အောင်ဆန်းစုကြည် လာပါတယ်။ မြစ်ကြီးနား၊ စီတာပူမှာပါ။ ကျနော်တို့ အားလုံး သွားကြည့်တော့ အန်တီစုကြည်၊ ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသားများ ချုပ်ဆိုထားတဲ့ ပင်လုံစာချုပ်ကို အန်တီစုကြည် အာဏာ ရလာတဲ့ တနေ့ ဘယ်လို လုပ်ဖို့ စိတ်ကူး ထားလဲ လို့ မေးလိုက်တယ်။ သူက ပြောတာ ပထမ ပင်လုံစာချုပ် ဆိုတာ ရှိလို့ ဒုတိယပင်လုံစာချုပ်လည်း လုပ်ခဲ့တယ်။ ကျမတို့က တတိယပင်လုံစာချုပ်ကို လုပ်သင့်ရင် လုပ်သွားမှာပဲလို့ သူက ပြန်ပြောတယ်။
ကျနော်က ဒါဆို ပြည်နယ် အခွင့်အရေးကို အပြည့်အဝ ပေးမလားဆိုတော့ ရှင်ဘာသဘောနဲ့ မေးတာလဲတဲ့ စကားကို တုံးတိတိနဲ့လေ။ ကျနော် လည်း ပြန်ပြောခဲ့တယ်။ အရင်တုန်းကလည်း အယုံအကြည်မရှိဘူး၊ အခုလည်း အယုံအကြည် မရှိဘူး။ နောက်လည်း အယုံအကြည် မရှိဘူးလို့ ပြောခဲ့တယ်။ သူက ဘာပြန်ပြောလဲဆိုတော့ မင်းကိုယ်တိုင် မပါဝင်နိုင်ပဲ ဘာမှ ဝင်မပြောပါနဲ့တဲ့။ စကားကို တုံးတိတိနဲ့ ကျနော်ဘာမှ အဖြေမရခဲ့ဘူး။ အဲဒီကတည်းကတော့ သိပ် အထင်မကြီးခဲ့ဘူး။ ဒါပေမယ့် နောက်ပိုင်းမှာတော့ ပြောင်းလဲချိန်တန်ပြီ ဆိုတော့ ကျနော်ကိုယ်တိုင် လိုက်မဲထည့်ဖို့ စုစည်းပေးခဲ့တယ်။
အခုလည်း ငါတို့ NLD က လွဲလို့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြောင်းလဲနိုင်တဲ့သူ မရှိဘူးလို့ ပြန်ပြောလာပြန်ပြီ။ အခုကတော့ ခဲထိဖူးတဲ့ စာသူငယ်ဖြစ်နေပါပြီ။ သိပ်မယုံတော့ပါဘူး။ တချိန်က NLD တွေကို အားကိုးခဲ့ပေမယ့် အခုတော့ အားကိုးချင်စရာ သိပ်မရှိတော့ပါဘူး။
မေး။ ။ NLD အစိုးရလက်ထက် ငြိမ်းချမ်းရေး နဲ့ ပတ်သက်လို့ ဆောင်ရွက်မှု အပေါ်မှာရော ဘယ်လို သုံးသပ်ချက် ရှိပါသလဲ။
ဖြေ။ ။ နိုင်ငံရေးသမား မဟုတ်လို့ သေချာ မပြောလိုပေမယ့် တခုရှိတာကတော့ သူတို့ ကတိမတည်ဘူး။ သူတို့ရဲ့ တပ်က ထုတ်ထားတဲ့ ငြိမ်းချမ်းရေးမူ ၆ ချက်က လိုက်နာဖို့ မလွယ်ဘူး။ စစ်တပ်က တခုတည်း ရှိရမယ်ဆိုတာ ဟုတ်ပေ မယ့် ပွင့်ပွင့်လင်းလင်း ပြောရရင် တိုင်းရင်းသားတွေ အားလုံးက အခွင့်အရေး နစ်နာဆုံးရှုံးနေတာပဲ။ ဒီ ၂၀၀၈ အခြေခံ ဥပဒေကို ပြောင်းလဲဖို့ကလည်း မလွယ်ဘူး။ လမ်းပေါ်ထွက် ဆန္ဒဖော်ထုတ်ရင်လည်း ဥပဒေတွေနဲ့ ဖမ်းတယ်။ ကျနော်တို့ တိုင်းရင်းသားတွေက နောက်ဆုံး လက်နက်ကိုင်ရုံက လွဲလို့ ဘာမှ မရှိဘူး။ ဒါအပွင့်လင်းဆုံးပြောတာ။
လက်နက်ကိုင်ပြီး တိုက်မယ်ဆိုတာ ကျနော်တယောက်တည်း ပြောတာ မဟုတ်ဘူး။ ဒါက အဖြေ၊ နောက်ဆုံး လွတ်မြောက်ခြင်း၊ လိုချင်တဲ့ အခွင့်အရေးကိုရဖို့ လက်နက်ကိုင်တိုက်ရုံက လွဲပြီး တခြားလမ်းမရှိတော့ဘူးလို့ မြင်တယ်။ ကေအိုင်အေကို သူတို့က ငြိမ်းချမ်းဖို့ ဆိုပြီး လုပ်ပေမယ့် ထောင်ခြောက် ဆင်ထားတယ်။ ဘယ်သူက ဝင်မလဲ။ ကေအိုင်အေလည်း ခံခဲ့ရပေါင်း မနည်းတော့ဘူး။ ၁၉၉၄ တုန်းကလည်း လက်မှတ်ထိုးတယ်။ ဘယ်သူ ဖောက်သလဲ။ အဲဒီလို အယုံအကြည်တွေ မရှိကြတော့လို့လည်း ဒီလိုတွေ ဖြစ်နေတယ်လို့ မြင်တယ်။
မေး။ ။ ကျောက်စိမ်းတူးဖော်ရေးကနေ ကေအိုင်အေကလည်း အခွန်ငွေကြေး သိန်းရာချီ ကောက်တယ်။ သူတို့လည်း အများကြီး ရနေတယ်။ ဒီတော့ ဖားကန့်ရဲ့ အရေးကိစ္စတွေမှာ ကေအိုင်အေရဲ့ ဆောင်ရွက်မှု ၊ ရပ်တည်ချက်တွေကိုရော ဘယ်လိုမြင်လဲ။
ဖြေ။ ။ ကေအိုင်အေက တနည်းအားဖြင့် ပြောရင် သူက လုပ်ပိုင်ခွင့်၊ ပြောပိုင်ခွင့်၊ ဆိုပိုင်ခွင့်ရှိသူ မဟုတ်ဘူး။ သူတို့က သူပုန်လို့ သတ်မှတ်ထားတာကိုး။ အခွန်ကတော့ ကောက်ရမယ်လို့ မြင်ပါတယ်။ အခွန်ကောက်တယ်ဆိုတာက သူ့မှာ အာဏာရှိတယ် ဆိုတာကို သူက ပြတာကိုး။ တကယ့် တကယ် ကုမ္ပဏီတွေကို လုပ်ပိုင်ခွင့်တွေ ပေးထားတာက ကေအိုင်အေ မဟုတ်ဘူးလေ။ ကေအိုင်အေက သူတို့ လုပ်ပိုင်ခွင့် ပေးတဲ့ ကုမ္ပဏီတွေဆီက တဆင့် ပြန်ကောက်တာ။ တကယ်တမ်း တာဝန်ရှိတာက အစိုးရပဲလို့ ကျနော်တို့က မြင်တယ်။ ကေအိုင်အေက တခုခု ဖြစ်လည်း လုပ်ပိုင်ခွင့်၊ ပြောပိုင်ခွင့် မရှိတော့ မဆိုင်ဘူးလားလို့ ကျနော်တို့က မြင်တယ်။
အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လည်း ဖြစ် သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီ အဖွဲ့ဝင်လည်း ဖြစ်သူ ဦးခင်မောင်မြင့်နှင့် ဧရာဝတီ အင်တာဗျူး
မေး။ ။ ဖားကန့်လို သယံဇာတ ထွက်ပေမယ့် ဒေသ အကျိုးဘာမှ မရဘဲ ဌာနေသားတွေက ငုတ်တုတ် ထိုင်ကြည့် နေရတာက နိုင်ငံရဲ့ ဗဟိုချုပ်ကိုင်မှု စနစ်ကြောင့်လို့ အပြစ်တင်သူတွေလည်းရှိတယ်။ ဖက်ဒရယ်စနစ် ပြောင်းလဲမှ ကိုယ့် ဒေသက သယံဇာတ ထွက်ရင် ဒေသမှာ ပြည်နယ်မှာ အကျိုးခံစားနိုင်မယ်လို့ ဆိုကြတယ်။ ဗဟိုချုပ်ကိုင်မှု အောက်မှာရော အစိုးရက ဒေသ အတွက် မလုပ်နိုင်ပေးနိုင်ဘူးလား။ ဒီရှုထောင့်အရဆိုရင်ရော ဘယ်လို မြင်ပါသလဲ။
ဖြေ။ ။ ဌာနေသားအခွင့်အရေးနဲ့ ပတ်သက်ရင် လုပ်ပိုင်ခွင့်ရှိတာက အစိုးရပါ။ အစိုးရက တမင်သက်သက် မပေးချင်လို့ မပေးတာပဲ ဖြစ်နိုင်တယ်။ ဥပမာ မကွေး၊ ရေနံ ထွက်တယ်နော်။ သူ့ဒေသက ထွက်တာကို သူသုံးလို့ ဖြုန်းလို့ရတယ်။ နောက် ပညာရေးလည်း သုံးလို့ ရတယ်။ ကျနော်တို့မှာက မရှိဘူးလေ။ နောက် ဥရုချောင်းရှင်းလင်းရေးမှာ ကျနော်အဖွဲ့ဝင် ဖြစ်တယ်။ မြေစာတွေစွန့်ပစ်လို့ ချောင်းတိမ်ကောလာတာကို ရှင်းတယ်။ ရန်ပုံငွေ တပြားသားမှ မရှိဘူးလေ။ ပြည်နယ် ရန်ပုံငွေ မရှိဘူး။ ပေးတာ၊ မပေးတာ၊ ရတာ၊ မရတာကို ပြောတာ မဟုတ်ဘူး။ ခွဲခြားခြင်း ခံရတဲ့ အကြောင်းကို ပြောတာပါ။ ကျနော်တို့ ပြည်နယ်ကသာ ကျောက်စိမ်းက ထွက်တဲ့ အခွန် ခွဲတမ်းသာ ပေးကြည့်၊ ကျနော်တို့ ပြည်နယ်က ဒီထက်မက တိုးတက်တယ်။ အခု အဲဒီလိုလည်း မလုပ်ဘူး။ ရှိလည်း မရှိဘူးလေ။ ဒီငွေတွေ ဘယ်ရောက်သွားလဲ။ ဒါကြောင့် အစိုးရ ကိုယ်တိုင်က တမင်သက်သက် နှိပ်ကွပ်ထားသလား။ ဒါပါပဲ။
မေး။ ။ ဖားကန့်မှာ တောင်တွေက သယံဇာတ ထုတ်ယူပြီး ဖြိုချဖျက်ဆီးခံနေရတယ်။ လူတွေလည်း အစုလိုက် အပြုံလိုက်ကို နှစ်စဉ် သေနေတယ်။ ဒီဒေသက သယံဇာတရဲ့ ကျိန်စာ သင့်နေပြီလို့ ပြောကြတာရှိတယ်။ လက်ခံပါသလား။
ဖြေ။ ။ ကျိန်စာ သင့်နေသလားလို့ မြင်လည်း မြင်စရာပေါ့။ တကယ်တမ်း ပြောမယ်ဆိုရင် လူတွေ လုပ်တဲ့ ဘေးပါ။ သူ့သဘာဝအတိုင်းသာ လုပ်မယ်ဆိုရင် ဒီလောက်လည်း ဖြစ်စရာမရှိပါဘူး။ ဖြစ်ရင်တောင်မှ လူလည်း ဒီလောက်ထိ သေချင်မှ သေမှာပါ။ အခုက ကျောက်တူးတဲ့ ကုမ္ပဏီက အားလုံးကို ပရမ်းပတာ လုပ်တယ်။ စေတနာလည်း မရှိဘူး။ လိုက်ကြည့်လိုက်ရင် တကယ့်ကို မြေစာတွေ ပေ ၁၀၀၀ နီးနီး ဒီတိုင်း စွန့်ပစ်ထားတယ်။ လူနှစ်တိုင်း သေတယ် ဆိုတာ ကျိန်စာ ဆိုသည့်တိုင်အောင် လူတွေ နှစ်တိုင်းသေရတာ လူတွေလုပ်တဲ့ ကျိန်စာကြောင့်ပဲ ။ နှစ်တိုင်းရာချီပြီးကို သေနေတာ။ မနှစ်ကလည်း သေတယ်။ ဟိုးနှစ်တွေကလည်း သေတယ်။ အဲဒါတွေ အားလုံးက လူကလုပ်နေတဲ့ ကျိန်စာပဲ။
မေး။ ။ နောက်ဆုံးမေးခွန်းပါ။ အခု ရွေးကောက်ပွဲလည်း နီးပြီဆိုတော့ လာမယ့် အစိုးရကို ဌာနေတိုင်းရင်းသား တဦး အနေနဲ့ ဆိုရင် ဘာတွေများ အကြံပြုချင်ပါသလဲ။
ဖြေ။ ။ ကျနော်တို့က ဌာနေသားပါ။ ကျနော်တို့က ဘာအခွင့်အရေးမှ မရသည့်တိုင် ကိုယ်တွေ ရှိနေတဲ့ မြေနေရာလည်း အားလုံး ကုန်ပြီ။ ကျောက်စိမ်းတူးပစ်လိုက်ကြပြီ။ ဘာပဲဖြစ်ဖြစ် ခိုင်မာတဲ့ ကျောက်မျက်ဥပဒေကို ထုတ်ပြီး ကျနော်တို့ ဌာနေသားများကို တချက်လောက် ပြန်ကြည့် ပေးပါလို့။ ကျနော်တို့ ဌာနေသားများ သက်သာချောင်ချိရေးကိုလည်း ထည့်စဉ်းစားပေးဖို့ ပြောချင်ပါတယ်။
You may also like these stories:
ဖားကန့်ဒေသက ၅ နှစ်အတွင်း လူသေဆုံးမှုဖြစ်ရပ်များ
မတန်တဆ ပေးဆပ်နေရသော မြန်မာ့ကျောက်စိမ်းဒေသ ဖားကန့်
အစိုးရ ကိုင်တွယ်ရခက်မည့် ကရင်လက်နက်ကိုင်များနှင့် တရုတ်တို့၏ စီမံကိန်းများ