COVID-19 ရောဂါ ကာကွယ်ရေးအတွက် ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်ရှိ ပြည်သူများ အနေဖြင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် အမိန့်များကို လိုက်နာရန် လိုအပ်ပြီး Mask နှာခေါင်းစည်း မတပ်ဘဲ အပြင် သွားလာပါက တည်ဆဲဥပဒေများဖြင့် အရေးယူမည်ဟု ပြည်နယ်အစိုးရ အဖွဲ့ဝင်၊ စည်ပင် ဝန်ကြီး ဦးဝင်းမြင့်က ဧရာဝတီ သို့ ပြောသည်။
စည်ပင်ဝန်ကြီး ဦးဝင်းမြင့်က “mask တပ်တာကတော့ အခု တီဗွီကလည်း ကြေငြာနေတယ်။ ထပ်ပြီးတော့လည်း ကြေငြာ မယ်။ mask မတပ်ဘဲ အပြင်ထွက်ရင် တည်ဆဲဥပဒေတွေနဲ့ အရေးယူမယ်။ မကွေးတိုင်းကတော့ ရခိုင် တိုင်းရင်း သားတွေ ဝင်ထွက်ခွင့်ပိတ်မယ်လို့တော့ ကြားတယ်။ ချင်းပြည်နယ်ဘက်တော့ သိပ်ပြီး အသွားအလာ မရှိပါဘူး။ ဘင်္ဂလားဒေ့ရှ် နယ်စပ် ကတော့ အရင်ကလည်း သူတို့ ကန့်သတ် ပိတ်ထားပြီးသားဖြစ်တယ်”ဟု ပြောသည်။
စစ်တွေမြို့တွင် ပိုးတွေ့လူနာဦးရေမှာ တပတ်အတွင်း ၁၉ ဦးအထိ ရှိလာသဖြင့် လက်ရှိတွင် ပိုးတွေ့လူနာများ နေထိုင်ရာ ရပ်ကွက်ရှိ လမ်း ၅ ခုကို အသွားအလာကန့်သတ်ထားကြောင်း၊ ပြည်နယ်လွှတ်တော် ကျင်းပမည့် ရက်ကို ရက်အကန့် အသတ် မရှိ ရွှေ့ဆိုင်းထားသလို စာသင်ကျောင်းများလည်း ယာယီပိတ်လိုက်ကြောင်း ပြည်နယ်အစိုးရအဖွဲ့ ထံက သိရသည်။

စစ်တွေ ဒေသခံ ဒေါ်အုန်းလှက “အပြင်တော့ တတ်နိုင်သမျှ မထွက်ဘူး။ အပြင်ကလာတဲ့သူတွေလည်း အိမ်ထဲ ပေးမဝင်ခိုင်းဘူး။ လက်ဆေးပြီးမှ အိမ်ထဲဝင်။ ဒီရောဂါက ကိုယ်တစ်ယောက်တည်းပြီးတဲ့ ရောဂါမဟုတ်တော့ ကြောက်တယ်။ အိမ်မှာက အဘိုးအဘွားတွေ၊ ကလေးတွေများတော့ ပိုစိုးရိမ်တယ်။ တအိမ်လုံး ဗီတာမင်စီ သောက်ကြတယ်။ စားစရာတွေ ကိုလည်း အတတ်နိုင်ဆုံး အများကြီး ဝယ်ထားတယ်” ဟု ပြောသည်။
ဒေသခံများမှာ စားသောက်ကုန် ဝယ်ယူစုဆောင်းမှုများရှိသဖြင့် အခြေခံ စားသောက်ကုန်အချို့နှင့် Mask မှာ ယခင်နေ့များထက် ဈေးတက်သွားကြောင်း ဒေသခံအချို့က ပြောဆိုနေကြသည်။
လက်ရှိတွင် စစ်တွေမြို့ကို Lockdown ချမည် မဟုတ်သလို ခရီးသည်တင်ကားများ ဝင်ထွက်ခွင့် ပိတ်ထားမည် မဟုတ်ကြောင်း၊ စစ်တွေမြို့သို့ ဝင်ရောက်လာမည့်သူများ Quarantine ဝင်ရမည်ဖြစ်ပြီး ကားများကိုလည်း ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်ကာ ဝင်ခွင့် ပြုသွားမည် ဖြစ်ကြောင်း စည်ပင်ဝန်ကြီး ဦးဝင်းမြင့်က ဆိုသည်။

ထို့ပြင် လေကြောင်းလိုင်းများကို အစိုးရက ပိတ်မထားသော်လည်း ခရီးသည် သွားလာမှု နည်းသွားသည့်အတွက် ပြေးဆွဲမှု မရှိတော့ရာ အရေးပေါ် အခြေအနေအတွက် လေကြောင်းလိုင်း တခု ပြေးဆွဲပေးရန် ပြည်ထောင်စုအစိုးရထံ တင်ပြ တောင်းဆိုထားသည်ဟု သိရသည်။
ပြည်သူများ၏ လိုအပ်ချက်အရ ဈေးများ၊ စားသောက်ဆိုင်များနှင့် ဆေးဆိုင်များကို ကျန်းမာရေးဝန်ကြီး ဌာနက ထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့် အညီဖွင့်လှစ်ထားမည်ဖြစ်ကြောင်း၊ စစ်တွေဆေးရုံတွင် ဆေးဝါး၊ ဆေးပစ္စည်း၊ PPE ဝတ်စုံ၊ ဆရာဝန်၊ ဆေးဝန်ထမ်း လုံလောက်နေသေးသော်လည်း လူနာ ယခုထက်ပိုများလာပါက အဆိုပါကိစ္စများ ထပ်ဖြည့်ပေးရန် ပြည်ထောင်စုအစိုးရထံ တင်ပြတောင်းဆိုသွားမည်ဟု ဝန်ကြီးက ဖြည့်စွက်ပြောကြားသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် စစ်တွေမြို့ရှိ အစိုးရဌာန၊ ကုမ္ပဏီဝန်ထမ်း၊ စက်ရုံ၊ အလုပ်ရုံများမှအပ အခြားသော ပြည်သူများ အနေဖြင့် Stay at Home (အိမ်မှာနေထိုင်ရန်) အစီအစဉ်ကို လိုက်နာရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သြဂုတ်လ ၂၀ ရက်နေ့ ညက အမိန့် ထုတ်ပြန်ထားသည်။
ထိုအမိန့်ကြေညာချက်တွင် မဖြစ်မနေ ဈေးဝယ်ပါက တဦးသာ သွားရန်၊ ဆေးရုံ ဆေးခန်း သွားရောက်ပါက နှစ်ဦးသာ သွားရမည် ဖြစ်သည်။
အပြင်ထွက်ပါကလည်း နှာခေါင်းစည်း(mask) တပ်ရန်၊ တာဝန် ထမ်းဆောင်ရန်နှင့် သွားရောက်သူ၊ ပြန်လာမည့်သူများနှင့် ဖြတ်သန်း ခွင့်ပြုထားသော ယာဉ်များသာ ရပ်ကွက် ကျော်လွန် သွားလာခွင့်ပြုရန်၊ ဈေးဝယ်ထွက်ခြင်းအတွက် ယာဉ်မောင်း အပြင် ယာဉ်ပေါ်တွင် တဦး၊ ဆေးရုံ ဆေးခန်း သွားရောက်ခြင်း အတွက် ယာဉ်မောင်းအပြင် ယာဉ်ပေါ်တွင် နှစ်ဦးသာ သွားရောက်ရန်တို့လည်း ပါဝင်သည်။
ထို့ပြင် သတ်မှတ်ဦးရေထက် ပိုမိုရန်နှင့် အရေးပေါ်ကိစ္စများ ရှိပါက သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့၏ ခွင့်ပြု ချက်ဖြင့် သွားလာရန်၊ တာဝန် ထမ်းဆောင်ရန် သွားရောက်သူ၊ ပြန်လာသူများမှအပ ရပ်ကွက်အတွင်း အဝင်အထွက် ခွင့်မပြုရန် နှင့် အဆိုပါ စည်းကမ်းချက်များ လိုက်နာရမည် ဖြစ်သည်။
ထိုအမိန့်များအား မလိုက်နာပါက ကူးစက်ရောဂါများ ကာကွယ် နှိမ်နင်းရေး ဥပဒေအရ အရေးယူသွားမည် ဖြစ်ပြီး အမိန့်သည် သြဂုတ်လ ၂၀ ရက်နေ့ ည ၈ နာရီက စတင် အာဏာသက်ရောက်ပြီ ဟု သိရသည်။
ကူးစက်ရောဂါများ ကာကွယ် နှိမ်နင်းရေး ဥပဒေအရ ကူးစက်မြန်ရောဂါ (သို့) တိုင်ကြားရမည့် ကူးစက်ရောဂါနှင့် ပတ်သက်ပြီး နီးစပ်ရာကျန်းမာရေး ဌာန (သို့) ဆေးရုံတို့ကို အသိပေးတိုင်ကြားရန် ပျက်ကွက်ပါက ထောင်ဒဏ် ၁ လ အထိဖြစ်စေ၊ ကျပ်သုံးသောင်းထက်မပိုသည့် ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ပါကြောင်း ပြဌာန်းထားသည်။
ကူးစက်မြန်သည့် COVID-19 ဗိုင်းရပ်စ်ပိုး သယ်ဆောင်ထားသူနှင့် နီးကပ်စွာနေသူများသည် လေထုမှ တဆင့် ကူးစက်နိုင်သဖြင့် လူစုလူဝေးပြုလုပ်ခြင်းများကို ရှောင်ရှားနိုင်ရန် ကျန်းမာရေးဝန်ကြီးဌာနက အမိန့်များ ထုတ်ပြန်ကာ တားမြစ်ထားခြင်း ဖြစ်သည်။
မြန်မာနိုင်ငံတွင် ကူးစက်မြန် ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့လူနာဦးရေမှာ ယနေ့ သြဂုတ် ၂၁ ရက်နေ့ မနက်အထိ စုစုပေါင်း ၄၀၉ ဦးအထိ ရှိပြီ ဖြစ်သည်။
You may also like these stories:
ရခိုင်က ပိုးကူးစက်မှု ကိုဗစ် ဒုတိယလှိုင်း အစလား
မန္တလေးမှ စစ်တွေသို့ ပြေးဆွဲနေသည့် ခရီးသည်တင်ယာဉ်လိုင်းများ ယာယီရပ်နား
ကိုဗစ်အတွက် လစ်ဟာနေသော ကွက်လပ်