ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ အမှတ် ၆ ရပ်ကွက်ရှိ ဂျင်ဝိုင်းလောင်းကစား ပြုလုပ်နေသော နေအိမ်အား ဧရာဝတီ တိုင်းရဲတပ်ဖွဲ့မှူး ကိုယ်တိုင် ဦးဆောင်၍ သြဂုတ်လ ၂၀ ရက်နေ့ ညနေ ၄ နာရီခန့်က ဝင်ရောက် ဖမ်းဆီးခဲ့ရာ လောင်းကြေး ငွေကျပ် ၆၉ သိန်းကျော်နှင့်အတူ တရားခံဟု ယူဆရသူ ၃၃ ဦး ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။
ဧရာဝတီတိုင်းရဲတပ်ဖွဲ့က လောင်းကစားသတင်းအရ ပုသိမ်မြို့၊ အမှတ် ၆ ရပ်ကွက်၊ ရွေးဗိုလ်တပ်လမ်းရှိ အိမ်အမှတ် ၃၂ (က) အား ဖမ်းဝရမ်းဖြင့် ဝင်ရောက်ဖမ်းဆီးရာ နေအိမ်ပိုင်ရှင် တိုးမင်းအောင်နှင့်အတူ ဂျင်ဝိုင်း လောင်းကစား ပြုလုပ်သည်ဟု ယူဆရသူ ၃၃ ဦးကို ရဲတပ်ဖွဲ့က ပိတ်ဆို့ဖမ်းဆီးပြီးနောက် ရဲစခန်းသို့ ခေါ်ဆောင်ခဲ့ကြောင်း သိရသည်။
ပုသိမ်မြို့၊ နယ်မြေစခန်းမှူး ရဲအုပ် ထွန်းထွန်းဝင်းက “ဂျင်ဝိုင်းလောင်းကစား ပြုလုပ်နေတဲ့ သတင်းအရ ဧရာဝတီတိုင်း ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး တင်ဇော်မိုးရဲ့ဦးဆောင်မှုနဲ့ ကျနော်တို့ သွားရောက်ဖမ်းဆီးရာမှာ နေအိမ်အောက်ထပ်မှာ လူအ ယောက် ၃၀ လောက် ဂျင်ဝိုင်း ပြုလုပ်နေတာ တွေ့ရပါတယ်။ ဆက်လက်ပြီး နေအိမ်အပေါ်ထပ်ကို ရှာဖွေရာမှာ ကွန်ပျူတာ လက်ပ်တော့ကို အသုံးပြုပြီးတော့ ၂ လုံးထီ၊ ၃ လုံးထီ ရောင်းချနေတာကို ရှာဖွေ ဖမ်းဆီးခဲ့ပါတယ်”ဟု ဧရာဝတီကို ပြောသည်။
အဆိုပါ ဖမ်းဆီးရမိမှုမှာ ပုသိမ်မြို့ပေါ်တွင် တန်ဖိုးငွေ အများဆုံး ဖမ်းမိသည့် လောင်းကစားမှု ဖြစ်ကြောင်းလည်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဒုရဲမှူးကြီး ထွန်းရွှေက “အဲဒီလောင်းကစားဝိုင်းမှာ တပ်ဖွဲ့ဝင် တဦးကို အရပ်ဝတ်နဲ့တွေ့ရလို့ ဖမ်းဆီး စစ်ဆေးနေပါတယ်။ သူက လောင်းကစားသူ ၃၃ ဦးထဲမှာ မပါပါဘူး။ စစ်ဆေး ပေါ်ပေါက်ချက်အရ ဥပဒေအတိုင်း အရေးယူ ဆောင်ရွက်သွားမှာပါ”ဟု ပြောသည်။
ဂျင်ဝိုင်းလောင်းကစား ပြုလုပ်မှုဖြင့် နေအိမ်ပိုင်ရှင် တိုးမင်းအောင် အပါအဝင် အမျိုးသား ၂၈ ဦးနှင့် အမျိုးသမီး ၅ ဦးတို့အား ပုသိမ်မြို့၊ နယ်မြေရဲစခန်းတွင် လောင်းကစားဥပဒေပုဒ်မ ၁၆၊ ၁၇ ဖြင့်လည်းကောင်း၊ တရားမဝင် နှစ်လုံးထီ၊ သုံးလုံးထီ ရောင်းချမှုဖြင့် တိုးမင်းအောင်ကို လောင်းကစားဥပဒေပုဒ်မ ၁၈ (က) အရ အမှုဖွင့် အရေးယူထားကြောင်း ပုသိမ်မြို့ နယ်မြေရဲစခန်းထံမှ သိရသည်။
You may also like these stories:
အောင်ရဲထွေး သေဆုံးမှုမှ အာမခံပေးထားသူ ၃ ဦးကို ပြန်လည်ဖမ်းဆီး
မြေဂရန်အတု ပြုလုပ်မှုဖြင့် မန္တလေးစည်ပင် အရာရှိများအပါအဝင် ၁၁ ဦးကို အရေးယူ
ပင်လည်ဘူးမြို့နယ်တွင် လူဆိုးစာရင်း ကောက်ယူနေ