၂၀၂၀ ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ်မှ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက် ယှဉ်ပြိုင်မည့် ဦးဌေးအောင်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် ဖမ်းဆီး အရေးယူလိုက်ကြောင်း သိရသည်။
ပုဇွန်တောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေမှူး ဦးချမ်းငြိမ်းအောင်က တရားလိုပြုလုပ်ကာ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄(က)ဖြင့် တရားစွဲဆိုခဲ့ပြီးနောက် ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံး၌ ယနေ့ (သြဂုတ် ၂၁ ရက်)တွင် ယမန်ယူခဲ့ပြီး အင်းစိန်ထောင် ပို့လိုက်ကြောင်း သိရသည်။
တရားလို ဦးချမ်းငြိမ်းအောင်က “ရာဇသတ်ကြီးပုဒ်မ ၁၂၄ နဲ့ အရှေ့ပိုင်းခရိုင် တရားရုံးမှာ ဒီနေ့ပဲ ဦးတိုက်လျှောက်လိုက် တာ။ နိုင်ငံရေးပါတီတွေကို ဖိတ်ပြီး facebook (လူမှုကွန်ရက်စာမျက်နှာ)မှာ live လွှင့်ပြီးပြောတဲ့ကိစ္စတွေကြောင့် ဦး တိုက်လျှောက်တာပါ” ဟု ဧရာဝတီကို အတည်ပြု ပြောဆိုသည်။
ဦးဌေးအောင်သည် ပြီးခဲ့သည့် သြဂုတ်လ ၈ ရက်တွင် ၎င်းပိုင် Orchid ဟိုတယ်၌ သတင်းစာရှင်းလင်းပွဲတခု ပြုလုပ်ခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရသည် နိုင်ငံတကာ အထောက်အပံ့များ ရယူထားကြောင်း ရှင်းလင်း ပြောဆိုခဲ့ သည်။
ထို့ပြင် သြဂုတ် ၁၂ ရက်တွင် ဦးဌေးအောင်သည် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံခြားအထောက်အပံ့ ယူ သည်ဟုဆိုကာ ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်စားလှယ်လျှောက်လွှာကို ကန့်ကွက်လွှာ တင်သွင်းခဲ့သော်လည်း ရန် ကုန်တောင်ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ့က ပယ်ချခဲ့သည်။
လွန်ခဲ့သည့် ၂ နာရီခန့်တွင် ဦးဌေးအောင်က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာ၌ “သတ္တိရှိရှိ ဆောင်ရွက်သွားပါမည်” ဟု ပို့စ်တခု တင်ခဲ့သည်။
ယခုကဲ့သို့ ဦးဌေးအောင် တရားစွဲဆို ဖမ်းဆီးခံရမှုနှင့် ပတ်သက်၍ NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဒေါက်တာမျိုးညွန့် အား ဧရာဝတီက ဆက်သွယ်မေးမြန်းရာ ပါတီအနေဖြင့် တရားစွဲဆိုထားခြင်း မရှိပါကြောင်း ပြောဆိုသည်။
ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၂၄(က)တွင် မည်သူမဆို နှုတ်ဖြင့်ဖြစ်စေ၊ စာဖြင့်ဖြစ်စေ၊ အမှတ်အသားဖြင့်ဖြစ်စေ၊ ထင် ရှားသော ပုံသဏ္ဍာန်ဖြင့်ဖြစ်စေ၊ အခြားနည်းဖြင့်ဖြစ်စေ ပြည်ထောင်စု (သို့) ပြည်ထောင်စု အဖွဲ့ဝင်များအတွက် ဥပဒေအရ တည်ထောင်ထားသော အစိုးရကို မုန်းထားအောင်၊ မလေးစားအောင် ပြုလျှင် (သို့) ပြုရန်အားထုတ်လျှင် (သို့) မေတ္တာ ပျက်အောင် လှုံ့ဆော်လျှင် (သို့) လှုံ့ဆော်ရန် အားထုတ်လျှင်ဟု ဖော်ပြထားသည်။
ပြစ်မှုထင်ရှားပါက ထိုသူကို ငွေဒဏ်နှင့်တကွ တသက်တကျွန်းဒဏ်ဖြစ်စေ၊ ငွေဒဏ်နှင့်တကွ တသက်တကျွန်းအောက် လျော့သည့် တကျွန်းဒဏ်ဖြစ်စေ၊ ငွေဒဏ်နှင့်တကွ သုံးနှစ်ထိ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်သက်သက်ဖြစ်စေ ချမှတ်ရမည် ဟု ပြဋ္ဌာန်းထားသည်။