ယန်ဇီ Yangtze မြစ်ပေါ်ရှိ တရုတ်နိုင်ငံ၏ လျှိုမြောင် ၃ သွယ် ဆည် (Three Gorges Dam) တွင် ရေပမာဏက စံချိန်တင် မြင့်တက်ခဲ့ပြီး မိုးသည်းထန်စွာ ရွာသွန်း ပြီးနောက်တွင် ရေသိုလှောင်နိုင်မှု အတိုင်းအတာ အမြင့်ဆုံးသို့ နီးကပ်လာနေပြီ ဖြစ်ကြောင်း အစိုးရ၏ တရားဝင် အချက်အလက်များက သြဂုတ်လ ၂၁ ရက်နေ့တွင် ဖော်ပြခဲ့သည်။
သြဂုတ်လ ၂၀ ရက်နေ့တွင် ယန်ဇီမြစ်မှ တစက္ကန့်လျှင် ရေ ကုဗမီတာ ၇၅၀၀၀ စီးဝင်နေခြင်းနှင့်အတူ သြဂုတ်လ ၂၁ ရက်နေ့ မနက်တွင် ရေလှောင်ကန်၏ ရေအနက်က ၁၆၅.၆ မီတာ (၅၄၃ ပေ) သို့ရောက်ရှိခဲ့ပြီး တညအတွင်းတွင် ရေက ၂ မီတာ (၆.၆ ပေ) ကျော်တက်ခဲ့ကာ စိုးရိမ်ရေမှတ်ထက် မီတာ ၂၀ နီးပါး (၆၅.၆ ပေ) ပိုမိုမြင့်မားသွားခဲ့သည်။
တရုတ်နိုင်ငံ၏ အကြီးဆုံးရေလှောင်ကန်ဖြစ်သော လျှိုမြောင် ၃ သွယ်ဆည်၏ အမြင့်ဆုံးအနက်မှာ ၁၇၅ မီတာ (၅၇၄ ပေ) ဖြစ်သည်။
သြဂုတ်လ ၂၀ ရက်နေ့တွင် အာဏာပိုင်များက ရေအမြင့်ကို လျှော့ချရန် ရေလွှတ်ထုတ်သည့် ပမာဏကို တစက္ကန့် လျှင် ၄၈၈၀၀ ကုဗမီတာ အထိ စံချိန်တင် တိုးမြှင့်ခဲ့ပြီး အန္တရာယ် ဖြစ်နိုင်ခြေကို ရှောင်ရှားရန် ထိုပမာဏကို ထပ်မံတိုးမြှင့်ရ ဖွယ်လည်း ရှိသည်။
ကမာ္ဘ့အကြီးဆုံး ရေအားလျှပ်စစ်ဆည် လျှိမြောင် ၃ သွယ်ဆည် စီမံကိန်းကို လေ့လာနေသူ တဦးဖြစ်သည့် Oregon ပြည်နယ်တက္ကသိုလ်မှ ပါမောက္ခ Desiree Tullos က“ သူတို့က ဆည်ကို ရေမလျှံအောင် တားဆီးဖို့ အတွက် သူတို့ လုပ်နိုင်တာတွေ လုပ်ကြပါလိမ့်မယ်” ဟု ပြောသည်။
“ဆည်တခု ရေလျှံသွားတာက အဆိုးဝါးဆုံး အခြေအနေ တခုပါပဲ။ ဘာကြောင့်လဲ ဆိုတော့ အဲဒါက သိသိသာသာကို ထိခိုက်ပျက်စီးမှု ဖြစ်စေပါတယ်။ အားလုံး ပြိုလဲကျသွားတဲ့ဆီကို ဦးတည်သွားစေနိုင်ပါတယ်။”
ယန်ဇီမြစ်ဝှမ်းတွင် မိုးရေချိန်က ယခုနှစ်၌ ရာသီအလိုက်ပျမ်းမျှထက် ၂ ဆ ကျော် သွားခဲ့သည်။ ပြီးခဲ့သည့်အပတ် အထိ လူပေါင်း ၆၃ သန်း ရေလွှမ်းမိုးမှုဒဏ် ခံစားခဲ့ရပြီး စီးပွားရေးအရ ယွမ် ဘီလီယံ ၁၈၀ (ဒေါ်လာ ၂၆ ဘီလီယံ) နစ်နာဆုံးရှုံးခဲ့သည်။
၂၀၁၂ ခုနှစ်တွင် တည်ဆောက် ပြီးစီးခဲ့သော လျှိုမြောင် ၃ သွယ်ဆည်သည် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန် သာမက တရုတ်နိုင်ငံ သမိုင်းတလျှောက်တွင် ထိခိုက်ပျက်စီးခဲ့ရသော ရေလွှမ်းမိုးမှု အများအပြားကို ဖြစ်စေခဲ့သည့် ယန်ဇီမြစ် ရေကြီးမှု အန္တရာယ်ကိုပါ လျော့ချရန် ဒီဇိုင်းပြုလုပ်ထားသည်။
တရုတ်နိုင်ငံ၏ ဧရာမ ရေအားလျှပ်စစ်ဆည်ကြီးများသည် ယခုနှစ်တွင် ရေ ကုဗမီတာ ၁၀၀ ဘီလီယံကျော်ကို သိုလှောင်ထားပြီး ဒေသခံ ၁၈.၅ သန်းကို ရွှေ့ပြောင်းပေးရခြင်းမှ အကာအကွယ်ပေးခဲ့သည်ဟု အစိုးရ၏ စာရင်းများအရ သိရသည်။ လျှိုမြောင် ၃ သွယ်ဆည် စီမံကိန်း တခုတည်းကပင် မြစ်အောက်ပိုင်း ရေလွှမ်းမိုးမှုကို ၃၄ ရာခိုင်နှုန်း လျှော့ချပေးနိုင်ခဲ့သည်ဟု တာဝန်ရှိသူများက ပြောသည်။
သို့သော်လည်း ဆန့်ကျင်သူများကမူ ဆည်၏ ရေလွှမ်းမိုးမှု ထိန်းချုပ်နိုင်စွမ်းက အကန့်အသတ် ရှိနေသည့်အတွက် ရေရှည်တွင် ပြဿနာကို ပိုမို ဆိုးရွားစေနိုင်သည် ဟု ပြောခဲ့ကြသည်။
ကိုးကား။ ။ Reuters
You may also like these stories:
UNESCO စာရင်းဝင် ဗုဒ္ဓခြေတော်ရင်းနားထိ ရောက်လာတဲ့ တရုတ်နိုင်ငံက ရေကြီးမှု
ချင်းတွင်းမြစ်နှင့် ဧရာဝတီ မြစ်ရေ ပြန်လည် မြင့်တက်လာ
ဧရာဝတီ လင်းပိုင်များကို မသတ်ဖြတ်ကြဖို့ အနုပညာရှင်များ တိုက်တွန်း