ဗမာလူမျိုးများအတွက် ဗမာပြည်နယ်တခု ရှိသင့်ကြောင်း မွန်ပြည်သစ်ပါတီ ဥက္ကဌ နိုင်ဟံသာက မနေ့ နေပြည်တော်တွင်ပြုလုပ်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (၂၁) ရာစု ပင်လုံ ညီလာခံ တတိယနေ့ အခမ်းအနား မစတင်မီတွင် သတင်းထောက်များကို ပြောသည်။
“လူမျိုးတမျိုးအလိုက် သူ့ပြည်နယ်နဲ့သူ ရှိဖို့ သင့်တယ်လို့ မြင်တယ်။ အဲဒါမှလည်း တရားမျှတမှု ရှိမယ်လို့ ကျနော်တို့က မြင်တယ်”ဟု နိုင်ဟံသာက သတင်းထောက်တချို့ ၏ မေးမြန်းချက်ကို ပြန်လည် ဖြေကြားသည်။
လက်ရှိတွင် ၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေအရ ပြည်ထောင်စု၏ ဖွဲ့ စည်းပုံမှာ တိုင်း ၇ တိုင်း၊ ပြည်နယ် ၇ ပြည်နယ်၊ ပြည်ထောင်စု နယ်မြေတခု စုစုပေါင်း ၁၅ ခုဖြင့် ဖွဲ့ စည်းထားပြီး ဗမာလူမျိုးအများစုသည် တိုင်း ၇ တိုင်းတွင် နေထိုင်လျက် ရှိသည်။
“သူ(ဗမာ)လည်း လူမျိုးတမျိုးပဲလေ။ အဲဒီတော့ သူ့ ပြည်နယ်ကျယ်ရင် ကျယ်မှာပေါ့ဗျာ။ ကျယ်တာ၊ ကျဉ်းတာကတော့ အဓိက မဟုတ်ဘူးလေ”ဟု မွန်ပြည်သစ်ပါတီ ဥက္ကဌ နိုင်ဟံသာက ပြောသည်။
ဗမာသည် လူမျိုးတမျိုး ဖြစ်သဖြင့် ဗမာသည်လည်း ပြည်နယ်တခုအဖြစ် ရှိဖို့ လိုကြောင်း၊ ဥပမာအားဖြင့် မန္တလေး၊ စစ်ကိုင်း နှင့် မကွေးကဲ့သို့သော် တိုင်းများကို ပြည်နယ်တခု ဖွဲ့ စည်းသင့်ကြောင်း၊ အခြားလူမျိုးများ ရောနေသည့် နေရာများတွင်မူ တခြားနာမည်တခု ယူ၍ ရကြောင်း၊ ထိုပုံစံကို ပိုပြီး သဘာဝကျမည် ဖြစ်ကြောင်း ၎င်းက အကြံပြုသည်။
၈ ပြည်နယ်မူကို ကိုင်ဆွဲ၍ ပြောဆိုနေသူများသည် ရှေးရိုးစွဲ အဖွဲ့ ၊ ရှေးရိုးစွဲ ဝါဒီများ ဖြစ်ကြောင်း၊ လက်ရှိ ပထဝီ နိုင်ငံရေးအခြေအနေအရ အင်အားကြီး နိုင်ငံ ၂ ခုကြားတွင် ရောက်ရှိနေသည့် တိုင်းပြည်တခု အနေဖြင့် လက်ရှိ ဖွဲ့ စည်းပုံ အတိုင်းသာ ဆက်ရှိနေသင့်ကြောင်း ပအို့ဝ်အမျိုးသား လွတ်မြောက်ရေး အဖွဲ့ ချုပ်မှ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။
“တိုင်းပြည်ရဲ့ ပြည်တွင်းရေး၊ နယ်နမိတ်အရေးတွေ အားလုံးကြည့်လိုက်ရင် အဲဒီလို ပြောလို့တော့ မရဘူး။ ကျနော်တို့ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ အစည်းအဝေးကြီးပေါ့။ ပြည်လုံးကျွတ် တိုင်ပင်ဆွေးနွေးနိုင်တဲ့ အချိန်ကျတော့မှ ဘယ်ဟာကို ဘယ်လိုပုံစံထားမလဲဆိုတာ ဖက်ဒရယ်ပုံစံကျကျ ဘယ်လိုထားမလဲဆိုတာ လုပ်လို့ရမယ်လို့ ကျနော်ထင်တယ်”ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက သုံးသပ်သည်။
၎င်းက ဆက်၍ “အဲဒီကို ချီတက်နိုင်ဖို့ကလည်း အခု ပဏာမ နိုင်ငံရေး သဘောတူညီချက် ရလဒ်တွေ ရသွားဖို့ လိုတယ်။ အဆိုပြုတဲ့သူနဲ့ လက်ရှိ အခြေအနေနဲ့ကြားမှာ ပဋိပက္ခတော့ ကြီးကြီးမားမား မရှိပါဘူး။ မည်သူမဆို ကိုယ်ယူဆတဲ့အဆိုကို တင်နိုင်ပါတယ်။ တင်လာတဲ့အဆိုဟာ ထောက်ခံမှု မရှိရင်လည်း မအောင်မြင်နိုင်ဘူးပေါ့”ဟု ပြောသည်။
တိုင်းပြည်၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး ရရှိရန် အဓိက တာဝန်ယူ ဆောင်ရွက်နေသည့် နိုင်ငံတော်၏ အတိုင်ပင်ခံရုံး ဝန်ကြီးဌာန၏ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက တိုင်းပြည်၏ ဖွဲ့ စည်းတည်ဆောက်ပုံကို လက်ရှိတွင် ဆွေးနွေးဦးမည် မဟုတ်ကြောင်း ၂၁ ပင်လုံ ညီလာခံ ကာလအတွင်း ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲ တခုတွင် ပြောသည်။

ချုပ်ဆိုခဲ့ပြီး ဖြစ်သည့် ပြည်ထောင်စု သဘောတူစာချုပ်များတွင်လည်း ယင်းကိစ္စကို မှတ်ချက်ဖြင့် ကျော်ခဲ့ကြောင်း၊ ယခု စာချုပ် အပိုင်း ၃ တွင်လည်း မှတ်ချက်ထည့်ထားကြောင်း၊ လက်ရှိ သွားနေသည့် ပုံစံသည် ၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေကို အသစ်ရေးရန် မဟုတ်ဘဲ ပြင်ဆင်ရန်သာ ဖြစ်ကြောင်း ၎င်းက ပြောသည်။
ဦးဇော်ဌေးက“အဲဒီအဆင့်ကို မရောက်သေးဘူး။ ပြည်နယ်တွေချည်းပဲလို့ ခေါ်ချင်တဲ့ ဆွေးနွေးချက် ရှိတယ်။ တိုင်းလို့ မခေါ်တော့ဘူး။ ဥပမာ ဧရာဝတီပြည်နယ်၊ ပဲခူးပြည်နယ်ပေါ့နော်။ အဲဒါဆိုလည်း ပဲခူးမဟုတ်ဘူး။ တခြားအမည်နဲ့ပေါ့နော်။ အဲလို ဖြစ်သင့်တယ် ဆိုတဲ့ ဆွေးနွေးချက်တွေ ရှိတယ်”ဟု ရှင်းပြသည်။
လွတ်လပ်ရေး မရမီက ရေးဆွဲခဲ့သည့် ၁၉၄၇ ဖွဲ့စည်းပုံ တိုင်းဒေသ အခေါ်အဝေါ်များ မပေါ်ပေါက်သေးဘဲ ကရင်နီနယ်ကို ပြည်ထောင်စု မြန်မာနိုင်ငံအတွင်းသို့ ထည့်သွင်းထားသလို ပဒေသရာဇ် ရှမ်းပြည်နယ်စုနှင့် ဝ နယ်တို့ကို ရှမ်းပြည်နယ် အ ဖြစ်လည်းကောင်း၊ မြစ်ကြီးနားနှင့် ဗန်းမော်ခရိုင်တို့ကို ကချင်ပြည်နယ်ဟု နောင်တွင် ခေါ်ရန်၊ ကန္တာရဝတီ၊ ဘော်လခဲနှင့်ကယ်ဖိုးကြီးတို့ ပါဝင်သော ကရင်နီနယ်များကို နောင်တွင် ကရင်နီနယ်ဟု ခေါ်ရမည်ဟု ရေးသားထားသည်။
၁၉၇၄ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေတွင် တိုင်း ၇ တိုင်းနှင့် ပြည်နယ် ၇ ပြည်နယ် စတင်ပေါ်ပေါက်လာပြီး ကော်သူးလေကို က ရင် ပြည်နယ်ဟု လည်းကောင်း၊ ချင်းဝိသေသတိုင်းကို ချင်းပြည်နယ်ဟုလည်းကောင်း၊ တနသာၤရီတိုင်း (၁)ကို မွန်ပြည် နယ်ဟုလည်းကောင်း၊ တနသာၤရီတိုင်း (၂)ကို တနသာၤရီတိုင်းဟုလည်းကောင်း၊ ရခိုင်တိုင်းကို ရခိုင်ပြည်နယ်အဖြစ် သတ်မှတ်ပေးခဲ့သည်။
တိုင်းရင်းသားအရေး လေ့လာသူ ဦးမောင်မောင်စိုးကမူ အစိုးရနှင့် တပ်မတော်က တိုင်းပြည်၏ ဖွဲ့ စည်းပုံကို လက်ရှိ ၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေအပေါ်တွင် ဆက်လက် ရပ်ခံထားသော်လည်း ယင်းအခြေခံ ဥပဒေအောက်တွင် ပြည်ထောင်စု ဖွဲ့ စည်းပုံကို မထိဘဲ အာဏာခွဲဝေရေးကို စဉ်းစားလျက်ရှိကြောင်း ပြောသည်။
“အဲဒါဆိုလို့ရှိရင်လည်း အငြင်းအခုန် ဖြစ်ဦးမှာပဲ။ အများကြီး ဆွေးနွေးငြင်းခုန် ဖြေရှင်းရမှာတွေ အများကြီး ကျန်သေးတယ် လို့ မြင်ပါတယ်”ဟု ဦးမောင်မောင်စိုးက ပြောသည်။
လက်ရှိတွင် ဗမာများက တိုင်း ၇ တိုင်း ယူထားချိန် တိုင်းရင်းသားများအတွက်မူ ပြည်နယ် ၇ ပြည်နယ်သာ ရှိသေးရာ ပြည်နယ်များအတွက် တပန်းရှုံးနေကြောင်း၊ ၈ ပြည်နယ်မူဆိုသည့် အယူအဆသည် တန်းတူရည်တူမှုဘက်က ချည်းကပ်ခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
“လောလောဆယ် ၈ ပြည်နယ်မူ ကိုင်ထားတဲ့ သူလည်း ရှိတယ်။ ဖွဲ့ စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေကို ကိုင်ထားတဲ့သူ လည်း ရှိတာပေါ့။ ဒါက ပြဿနာတခု။ နောက်ပြဿနာတခုက ၈ ပြည်နယ်မူကို လက်မခံဘူးဆိုတဲ့ ခွန်ဥက္ကာတို့လို ပအို့ဝ်ေ ပါ့နော်။ ပြည်နယ်ထဲမှာ ရှိတဲ့ လူမျိုးစုငယ်တွေကျတော့လည်း ဒီပြဿနာကို တမျိုးကြည့်ကြပြန်ရော။ အဲဒီတော့ ဒါက ဖြေရှင်းရမယ့် ပြဿနာတခု”ဟု ဦးမောင်မောင်စိုးက ပြောသည်။
ယခင်က ၈ ပြည်နယ်၊ ၉ ပြည်နယ်ဆိုသည့် အယူအဆများဖြင့် စဉ်းစားခဲ့ကြသော်လည်း ၎င်းတို့ အနေဖြင့် ယင်းကိစ္စထက်ဖက်ဒရယ်၏ အခြေခံမူဖြစ်သည့် အာဏာခွဲဝေခြင်း၊ သယံဇာတ ခွဲဝေခြင်း ကိစ္စရပ်များကို အရင် လုပ်ပေးစေလိုကြောင်း ရခိုင်အမျိုးသား ပါတီမှ ဦးဦးလှစောက ပြောသည်။
“ဗမာပြည်နယ် ဖွဲ့ ဖို့ ပြောရင် ဗမာထဲမှာကိုက ဖွဲ့ မယ့်သူနဲ့ မဖွဲ့ မယ်သူနဲ့ ပြောရရင် ပိုပြီးတော့ တိုင်းရင်းသား ပါတီတွေနဲ့ ဗ မာပါတီတွေနဲ့ ဗမာလူထုကြီးနဲ့ နားလည်မှု လွဲသွားမှာ ဆိုးပါတယ်။ အဲဒီတော့ ဖက်ဒရယ်ရဲ့ အနှစ်သာရတွေဖြစ်တဲ့ Power Sharing၊ Resource Sharing နဲ့ Taxing ကိစ္စတွေ၊ စာပေယဉ်ကျေးမှုဆိုင်ရာ ကိစ္စတွေကို အရင်လုပ်သင့်တယ်”ဟု ဦးဦးလှစောက ပြောသည်။
၎င်းက ဆက်၍ “ပြည်ထောင်စုကြီးကို အစိတ်အပိုင်း ဘယ်နှစ်ခုနဲ့ ဖွဲ့ မယ်။ ဘယ်နှစ်ပိုင်းခွဲပြီး ထားကြမလဲဆိုတာ အရမ်း Sensitive ဖြစ်တယ်။ ဖက်ဒရယ်ရဲ့ အခြေခံ တကယ့်မူဖြစ်တဲ့ Power Sharing ၊ Resource Sharing လုပ်ပေးမယ့် မော် ဒယ်လေးတခုကျလာမှ ၈ ပြည်နယ်လား၊ ၉ ပြည်နယ်လား၊ ၁၀ ပြည်နယ်လား ဆိုတာကို စဉ်းစားစေချင်တယ်။ လောလောဆယ်တော့ အန္တရာယ် များပါတယ်”ဟု ပြောသည်။
ထို့ပြင် ပြည်နယ်အသစ်တခု ပေါ်ထွန်းခွင့်နှင့် ပတ်သက်ပြီး မည်သည့် အချက်အလက်များ ပြည်စုံမှသာ ပြည်နယ်အသစ်တခုအဖြစ် ခွင့်ပြုမည် ဆိုသည့် စဉ်းစားချက်များ အစိုးရနှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့ များတွင် ရှိနေပြီး အသေးစိတ် မဆွေးနွေးရသေးကြောင်း သိရသည်။
လက်ရှိတွင် NLD အစိုးရသည် ၎င်း၏ လက်ထက်တွင် နောက်ဆုံး ပြုလုပ်ခွင့်ရခဲ့သည့် စတုတ္ထအကြိမ် ပင်လုံညီလာခံ ၌ ပြည်ထောင်စု သဘောတူစာချုပ် အစိတ် အပိုင်း (၃) အတွက် သဘောတူညီချက် ၂၀ ရရှိရန် ကြိုးပမ်းထားပြီး ယခင် ၄ နှစ်တာ ကာလအတွင်း သဘောတူညီချက် ၅၁ ချက် ရရှိထားသည်။
You may also like these stories:
၂၀၂၀ ရွေးကောက်ပွဲအလွန် ညွန့်ပေါင်းအစိုးရဖြစ်လာနိုင်သလား
အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ အောက်ခြေ လွတ်သွားပြီဟု အာဏာရ ပါတီ ပြော
ငြိမ်းချမ်းရေး ညီလာခံသို့ AA ကို ဖိတ်ကြားမည် မဟုတ်