အမေရိကန် ပြည်ထောင်စု အဓိက ပါတီတခု၏ ဒုတိယ သမ္မတလောင်း အဖြစ် အမည်စာရင်း တင်သွင်းခြင်းခံသူ ဖြစ်လာသည့် ပထမဆုံး လူမည်းအမျိုးသမီးနှင့် အာရှ နွယ်ဖွား အမေရိကန်တဦး ဖြစ်သော အထက်လွှတ်တော်အမတ် Kamala Harris က ဒီမိုကရက်တစ်ပါတီ၏ သမ္မတလောင်း အဖြစ် အမည်စာရင်းတင်သွင်းထားသူ Joe Biden ၏ အစိုးရ လက်အောက်တွင် ပိုမိုကောင်းမွန်ပြီး အားလုံး ပါဝင်နိုင်သော အမေရိကန်ပြည်ထောင်စုကို ဖန်တီးလိမ့်မည်ဟု သြဂုတ်လ ၁၉ ရက်နေ့ က ပြောကြားခဲ့သည်။
“ကွဲပြားခြားနားတဲ့၊ ပိုကောင်းတဲ့အရာတွေ၊ အရေးကြီးတဲ့ အလုပ်တွေကို လုပ်ပေးမယ့် သမ္မတတဦးကို ကျမတို့ ရွေးချယ်ရပါမယ်။ ကျမတို့ လူမည်း၊ လူဖြူ၊ လက်တင်၊ အာရှ၊ ဌာနေတိုင်းရင်းသားတွေ အားလုံးကို သမ္မတက ကျမတို့ အားလုံးလိုချင်တဲ့ အနာဂတ်ဆီ အတူတကွ ခေါ်ဆောင်သွားပေးမယ့် သမ္မတ တဦး ဖြစ်ပါတယ်” ဟု သူက ဒီမိုကရက် တစ် အမျိုးသားညီလာခံ ၏ တတိယနေ့တွင် ဒုတိယ သမ္မတလောင်း အဖြစ် ရွေးချယ်မှု ကို လက်ခံသည့် မိန့်ခွန်းတွင် ပြောကြားခဲ့သည်။
အဆိုပါ မိန့်ခွန်းသည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါ ကာလအတွင်း လုံးဝနီးပါး အွန်လိုင်းမှ ပြုလုပ်ခဲ့ရသည့် ၄ရက်ကြာ အစည်းအဝေးကြီး၏ ထူးခြားချက်များထဲမှ တခုဖြစ်သည်။ ကယ်လီဖိုးနီးယားပြည်နယ်မှ ၅၅ နှစ်အရွယ် အထက်လွှတ်တော်အမတ် Kamala Harris က အကြီးအကျယ် လူသူကင်းမဲ့နေသော နေရာတွင် စကားပြောခဲ့ရခြင်း ဖြစ်ပြီး အွန်လိုင်းတွင် စုရုံးနေသော ပရိသတ်များထံမှ လက်ခုပ်သြဘာသံများ ရရှိခဲ့သည်။
အသက် ၇၇ နှစ်ရှိပြီဖြစ်သော ဒုသမ္မတဟောင်း Joe Biden ကို ဒီမိုကရက်တစ်ပါတီ၏ သမ္မတလောင်းအဖြစ် သြဂုတ်လ ၁၈ ရက်တွင် တရားဝင် အမည်စာရင်း တင်သွင်းခဲ့ပြီး သြဂုတ်လ ၂၀ ရက်နေ့ ညနေပိုင်းတွင် သူ၏ ဇာတိပြည်နယ် ဖြစ်သည့် Delaware မှ နေ၍ မိန့်ခွန်းပြောခဲ့သည်။ ရီပတ်ဘလီကန်နှင့် ဒီမိုကရက် ၂ ပါတီစလုံးဘက်မှ နိုင်ငံရေးဝေဖန်သုံးသပ်သူ အများအပြားက မိန့်ခွန်းကို ချီးကျူးကြသည်။
စစ်တမ်းအများအပြားက Joe Biden သည် Donald Trump ထက် နိုင်ခြေပိုများကြောင်း ပြောနေကြသည်။ နိုဝင်ဘာ၌ ကျင်းပမည့် ရွေးကောက်ပွဲတွင် Joe Biden က အသက် ၇၄ နှစ် အရွယ်ရှိ ရီပတ်ဘလီကန် သမ္မတ Donald Trump ကို အနိုင်ရခဲ့ပါက Kamala Harris သည် အမေရိကန်ပြည်ထောင်စု၏ ဒုတိယ အမြင့်ဆုံးရုံးခန်းတွင် တာဝန် ထမ်းဆောင်ရသော ပထမဆုံး အမျိုးသမီးအဖြစ်လည်း သမိုင်းဝင် သတ်မှတ်ခြင်း ခံရမည် ဖြစ်သည်။
အမေရိကန်ပြည်ထောင်စု၏ မတူကွဲပြားမှုကို ကိုယ်စားပြုသော မျိုးဆက်သစ် အမျိုးသမီး ခေါင်းဆောင်တဦးကို ရွေးချယ်ခြင်းက လူငယ်မဲဆန္ဒရှင်များနှင့် လူမျိုးရေး မမျှတမှုကြောင့် ဆက်လက်ဖြစ်ပေါ်နေသော လူထုဆန္ဒပြမှုများ၊ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါ ဖြစ်ပွားမှုကြောင့် ဖြစ်ရသည့် ပြည်သူ့ကျန်းမာရေး အကျပ်အတည်းနှင့် စီးပွားရေးကျဆင်းမှု ကြားတွင် ခေါင်းဆောင်မှု အပြောင်းအလဲကို ဆန္ဒပြင်းပြနေသော အသားအရောင် ကွဲပြားသည့် ပြည်သူများကို အားတက်စေလိမ့်မည်ဟု ဒီမိုကရက်များနှင့် ထောက်ခံသူများက မျှော်လင့်ကြသည်။
Kamala Harris က သူ၏မိန့်ခွန်းတွင် တိုင်းပြည်အပေါ် သူ၏ အကောင်းဆုံး မျှော်လင့်ချက် (ခိုင်မာအားကောင်း၍ ဂုဏ်သိက္ခာရှိသော၊ တရားမျှတ၍ ကြင်နာတတ်သည့် ချစ်ခင်မြတ်နိုးဖွယ်ရာ အသိုင်းအဝိုင်းတခု) သည် ပြည်သူတို့၏ အသက်၊ အလုပ်အကိုင်အခွင့်အလမ်းများနှင့် ပုံမှန်ဘဝကို ဆုံးရှုံးရခြင်းတို့နှင့် အတူ အလှမ်းဝေး နေရသည်ဟု ပြောကြားခဲ့သည်။
ပေးဆပ်ခဲ့ရသော ဘဝများနှင့် လက်လွှတ်လိုက်ရသော အလုပ်အကိုင်များအတွက် Donald Trump အစိုးရ၏ ခေါင်းဆောင်မှု ပျက်ကွက်ခြင်းအား ဝေဖန်ရင်း Kamala Harris က အသားအရောင်ရှိသည့် အသိုင်းအဝိုင်းများ ကပ်ရောဂါကြောင့် မမျှတစွာ ပြင်းပြင်းထန်ထန် ထိခိုက်နေရသည်တွင် တစိတ်တပိုင်း ပါဝင်နေသည်ဟု သူ ယုံကြည်သော အခြေခံတကျ အမြစ်တွယ်နေသည့် လူမျိုးရေးခွဲခြားမှုကို ဖြေရှင်းရန် လိုအပ်ကြောင်းလည်း အလေးထား ပြောကြားခဲ့သည်။
၂၀၀၉ ခုနှစ်မှစ၍ ၈ နှစ်တာကာလအတွင်း ဒုသမ္မတ အနေဖြင့် Joe Biden တာ ဝန်ထမ်းဆောင်ခဲ့သော သမ္မတဟောင်း Barack Obama ကလည်း Donald Trump အပေါ် ဝေဖန်မှုများတွင် ပူးပေါင်းပါဝင်လာခဲ့ပြီး Joe Biden- Kamala Harris အတွဲ အတွက် ထောက်ခံမှု ရရှိစေရန် ကြိုးပမ်းခဲ့သည်။
အစိုးရရှေ့နေဘဝမှ အထက်လွှတ်တော်အမတ် ဖြစ်လာသည့် Kamala Harris သည် “အလုပ်အတွက် အသင့်ရှိနေသူ ” ဖြစ်ပြီး “အတားအဆီးများကို ကျော်လွှားရခြင်းက မည်သို့ ဖြစ်သည်ဆိုသည်ကို သိသူ၊ အခြားသူတို့ကို သူတို့ကိုယ်ပိုင် အမေရိကန်အိပ်မက်ကို အကောင်အထည်ဖော်ရေးတွင် ကူညီရန် တိုက်ခိုက်ပေးသူ” ဖြစ်သည် ဟု Barack Obama က Kamala Harris နှင့် ပတ်သက်၍ ပြောကြားခဲ့သည်။
Kamala Harris ကို အမေရိကန်သို့ ပြောင်းရွှေ့ အခြေချလာသည့် ပညာတတ် မိဘများက ကယ်လီဖိုးနီးယား ပြည်နယ်တွင် မွေးဖွားခဲ့သည်။ သူ၏ဖခင်သည် ဂျမေကာ နိုင်ငံမှ ရောက်လာသူဖြစ်ပြီး မိခင်က အိန္ဒိယမှ ဖြစ်သည်။ သူ၏ မိဘများသည် နိုင်ငံသားအခွင့်အရေးလှုပ်ရှားမှုတွင် တက်ကြွစွာ ပါဝင်ခဲ့ကြပြီး ဆန္ဒပြရန် လမ်းများပေါ်သို့ တက်ကြသည့် အခါတွင် ကလေးငယ်လေး ဖြစ်သော Kamala Harris သည်လည်း သူတို့နှင့်အတူ တွန်းလှည်းလေးအတွင်းမှ လိုက်ပါခဲ့သည်။
သူ ငယ်စဉ်မှာပင် မိဘများက ကွာရှင်းခဲ့ကြပြီး Kamala Harris နှင့် သူ၏ ညီမငယ်တို့ က သူတို့အနေဖြင့် “လူမည်းအမျိုးသမီးများ၏ ဂုဏ်သိက္ခာရှိသော၊ ကြံ့ခိုင်သော စရိုက် လက္ခဏာကို နားလည်သဘောပေါက်ပြီး အိန္ဒိယအမွေအနှစ်ကို ဂုဏ်ယူသော” သူများ ဖြစ်လာအောင် သင်ကြားပေးခဲ့သည့် မိခင်၏ စောင့်ရှောက်မှုဖြင့် ကြီးပြင်းလာခဲ့ကြသည်။
သူက ၂၀၁၁ ခုနှစ်တွင် အမေရိက၏ လူဦးရေ အထူထပ်ဆုံး ပြည်နယ်ဖြစ်သော ကယ်လီဖိုးနီးယားတွင် ထိပ်တန်း အစိုးရရှေ့နေ ရာထူးကို ရသည့် ပထမဆုံး လူမည်းအမျိုးသမီး ဖြစ်ခဲ့ခြင်းနှင့်အတူ မှတ်တိုင် အများအပြားကိုလည်း စိုက်ထူနိုင်ခဲ့ပြီး ဖြစ်သည်။
၂၀၁၆ ခုနှစ်တွင် သူက အထက်လွှတ်တော်တွင် ရွေးချယ်တင်မြှောက်ခံရသည့် ဒုတိယမြောက် လူမည်း အမျိုးသမီးနှင့် ပထမဆုံး တောင်အာရှ အမွေအနှစ်ပါဝင်သူ ဖြစ်လာခဲ့သည်။
သူက ၂၀၂၀ ဒီမိုကရက်တစ်ပါတီ၏ သမ္မတလောင်းရွေးချယ်ရေးပြိုင်ပွဲမှ စောစောစီးစီး ထွက်ခွာသွားသော်လည်း သူသည် အစိုးရ ရှေ့နေတို့ ခိုင်မာသော အရည်အချင်းမျိုး ရှိသည့် ကျွမ်းကျင်သော အချေအတင် ဆွေးနွေးငြင်းခုံနိုင်သူ တဦး၊ ရွေးကောက်ပွဲ မဲဆွယ်လှုပ်ရှားမှုတွင် ပြိုင်ဘက် ဖြစ်သည့် လက်ရှိ ဒုတိယ သမ္မတ အသက် ၆၁ နှစ် အရွယ် Mike Pence နှင့် ရင်ဆိုင်သည့် အခါ Joe Biden ကို အကူအညီပေးနိုင်မည့် အရည်အသွေးရှိသူ တဦးအဖြစ် နာမည်ရခဲ့သည်။
သို့သော်လည်း လူမည်းအများအပြားကို ထောင်တွင်းသို့ ပို့ခဲ့သည့် ခက်ထန်မာကျောသော အစိုးရရှေ့နေတဦးအဖြစ် သိကြသည့် သူ၏ နောက်ကြောင်း မှတ်တမ်းက အထူးသဖြင့် လူမည်းအမျိုးသား မဲဆန္ဒရှင်များအပေါ် ဆွဲဆောင်နိုင်မှုကို ထိခိုက်စေနိုင်သည်ဟု လူမျိုးရေးဆိုင်ရာ ကျွမ်းကျင်သူ အချို့ ကပြောကြသည်။
Kamala Harris သည် ၁၉၈၄ ခုနှစ် တွင် ဒီမိုကရက်တစ် ပါတီ ဒုတိယ သမ္မတလောင်း အဖြစ် ရွေးချယ်ခြင်းခံရသူ Geraldine Ferraro နှင့် ၂၀၀၈ ခုနှစ်တွင် ရီပတ်ဘလီကန် ပါတီ၏ ဒုတိယသမ္မတလောင်း အဖြစ် ရွေးချယ်ခံရသူ Sarah Palin တို့ပြီးလျှင် အမေရိကန်နိုင်ငံ၏ အဓိက နိုင်ငံရေးပါတီတခုအတွက် ဒုတိယသမ္မတလောင်းအဖြစ် ရွေးချယ်ခြင်းခံရသူ တတိယမြောက် အမျိုးသမီး ဖြစ်လာခဲ့သည်။
၂၀၁၆ ခုနှစ် ရွေးကောက်ပွဲတွင် ဒီမိုကရက်တစ်ပါတီမှ နိုင်ငံခြားရေး ဝန်ကြီးဟောင်း Hillary Clinton က အမေရိကန် ပြည်ထောင်စုမှ အဓိကနိုင်ငံရေးပါတီတခု၏ ပထမဆုံး အမျိုးသမီး သမ္မတလောင်းအဖြစ် ရွေးကောက်ပွဲ ဝင်ရောက်ခဲ့သော်လည်း Donald Trump ကို ရှုံးနိမ့်သွားခဲ့သည်။
ကိုးကား။ ။ Kyodo
You may also like these stories:
၂၀၂၀ ရွေးကောက်ပွဲနဲ့ အစ္စလာမ်ဘာသာဝင်များ
“သမ္မတဆိုတာက တော်ရုံတန်ရုံလူ လုပ်လို့တော့ ဖြစ်တဲ့ကိစ္စမျိုး မဟုတ်ဘူး”