ကမ္ဘာတဝန်း ကူးစက်ရောဂါသည် ၂ နှစ်ခန့်ကြာမည်ဟု မျှော်လင့်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ပြောကြားပြီး ၂၄ နာရီမပြည့်မီ လွန်ခဲ့သော စနေနေ့အထိ ကမ္ဘာတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူအရေအတွက် ၈ သိန်းကျော်ရှိသွားပြီဟု ဂျွန်ဟော့ပ်စကင်းတက္ကသိုလ်၏ စာရင်းများအရ သိရသည်။
အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ စာရင်းများအရ ယူကရိန်းနိုင်ငံတွင် သောကြာနေ့နှင့် စနေနေ့အတွင်း ရောဂါကူးစက်မှုသစ် ၂၃၂၈ ခုရှိပြီး သေဆုံးသူ ၃၇ ဦးရှိနေစဉ် စနေနေ့က အရှေ့ဥရောပတွင် ရောဂါကူးစက်မှု မြင့်မားလာနေသည်။
ထိုသို့ နေ့စဉ်ကူးစက်မှုနှုန်း စံချိန်တင်မြင့်မားသောကြောင့် သမ္မတ ဗိုလိုဒိုင်မာ ဇယ်လန်းစကီးက ပြည်သူများအနေဖြင့် ကျန်းမာရေး အကြံပေးချက်များကို လိုက်နာရန်၊ နှာခေါင်းစည်းများ ဝတ်ဆင်ရန်နှင့် ခပ်ခွာခွာ လူမှုဘဝ နေထိုင်ရေး ကျင့်သုံးရန် တိုက်တွန်းရသည်။
စက်တင်ဘာလတွင် ကျရောက်မည့် ဂျူးနှစ်သစ်ကူးအတွက် ယူကရိန်းနိုင်ငံအလယ်ပိုင်း အူမန်သို့ ဟာဆီဒစ် ဂျူးသောင်းပေါင်းများစွာ လာရောက်မည့် နှစ်စဉ်ဘုရားဖူးပွဲတော်ကို ပိတ်ပင်ရန် အစ္စရေးနိုင်ငံ ကိုရိုနာဗိုင်းရပ်အထူးအဖွဲ့ ခေါင်းဆောင်က ယူကရိန်းနိုင်ငံကို စနေနေ့က တိုက်တွန်းလိုက်သည်။

ထိုနေရာသည် ဗိုင်းရပ်စ်ကူးစက်ရာ အဓိကနေရာဖြစ်လာမည်ကို စိုးရိမ်သောကြောင့် အစိုးရနှစ်ရပ်တို့သည် ပူးတွဲကြေညာချက်ထုတ်ပြန်ပြီး ဘုရားဖူးများအနေဖြင့် ခရီးစဉ်များကို ဖျက်သိမ်းရန် မေတ္တာရပ်ခံနေသော်လည်း ကြီးမားသော လူအုပ်ကြီးများ ထိုမြို့သို့ သွားရောက်မည်ဟု မျှော်လင့်ရသည်။
အိမ်နီးချင်း ချက်သမ္မတနိုင်ငံတွင် သောကြာနေ့က ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုအသစ် ၅၀၆ ခုရှိပြီး ထိုနိုင်ငံတွင် ကူးစက်မှု စတင်ချိန်နောက်ပိုင်း အမြင့်မားဆုံးဖြစ်နေသည်။
ချက်အစိုးရသည် ဥရောပတွင် လူမှုထိန်းချုပ်ရေးအစီအစဉ်များ အစောဆုံးချမှတ်ပြီး မေလတွင် ပြန်လည်ရုတ်သိမ်းသည့် အစိုးရများတွင် ပါဝင်သည်။
ယခုဖြစ်ပွားနေသည့် ကမ္ဘာတဝန်း ကူးစက်ရောဂါသည် ၂ နှစ်ခန့်ကြာမည်ဟု မျှော်လင့်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ တက်ဒရို့စ် အက်ဟန်နွမ် ဂျီဘရေးရီးစပ် က ဆွစ်နိုင်ငံ ဂျနီဗာတွင် ပြောကြားပြီး ၂၄ နာရီမပြည့်မီ ထိုသို့ကူးစက်မှု မြင့်မားလာခြင်းဖြစ်သည်။
“ကျနော်တို့မှာ ကမ္ဘာတဝန်း ဆက်စပ်မှု၊ နီးကပ်မှု၊ ဆက်သွယ်မှုကြောင့် ဆိုးကျိုးတွေရှိနေပေမယ့် နည်းပညာအရ အားသာချက်တွေလည်း ရှိတယ်” ဟု သူပြောပြီး ကာကွယ်ဆေးရှာဖွေရာတွင် ကမ္ဘာတဝန်း ညီညွတ်ရန် တောင်းဆိုသည်။
၁၉၁၈ ခုနှစ်က စပိန်တုပ်ကွေးကူးစက်စဉ်ကလည်း ပြီးဆုံးရန်
၂ နှစ်ကျော်ကြာကြောင်း သူပြောသည်။
အိန္ဒိယနိုင်ငံတွင်လည်း စနေနေ့က ကူးစက်မှုများ စံချိန်တင် ခုန်တက်သွားပြီး စုစုပေါင်း ကူးစက်ခံရသူ ၃ သန်းကျော်သွားကာ အာဏာပိုင်များ ဖိအားပေးခံနေရသည်။
ဆိုးလ်မြို့တော်တွင် ကူးစက်မှုသစ်များကို တိုက်ဖျက်နေစဉ် တောင်ကိုရီးယားတွင် ရောဂါကူးစက်မှု ထိန်းချုပ်ရေးအတွက် ပိုမိုတင်းကျပ်သည့် လူမှုခွဲခြားနေထိုင်မှုများချမှတ်မည်ဟု အစိုးရက စနေနေ့တွင်ကြေညာသည်။
ဥရောပတွင် ကူးစက်မှုအတွင်း ထိပ်ဆုံးရောက်ခဲ့သော စပိန်တွင် လုပ်ငန်းများ၏ ထက်ဝက်ကျော် ပြန်လည်ဖွင့်လှစ်ပြီး မျှော်လင့်ချက်ရေးရေးဖြစ်လာသည်ဟု အစိုးရက စနေနေ့တွင် ထုတ်ပြန်သည့် စာရင်းများအရ သိရသည်။
သို့သော် ပြင်သစ်နိုင်ငံတွင်မူ စက်တင်ဘာလအထိ စီးပွားရေးကို ပြန်လည်ထိန်းကြောင်းမည့် ယူရို ဘီလျံ ၁၀၀ (ဒေါ်လာ ၁၁၈ ဘီလျံ) နာလန်ထရေး အစီအစဉ် အသေးစိတ်ကို ထုတ်ပြန်ကြေညာရန် အစိုးရက နှောင့်နှေးနေပြီး ကျောင်းများကို စာသင်ကာလသစ်အတွက် ဖွင့်လှစ်ရန် အာရုံစိုက်လုပ်ကိုင်နေကြောင်း အစိုးရကပြောသည်။
ကိုးကား။ ။ NBC News
You may also like these stories:
ကိုရိုနာကာကွယ်ဆေးတွင် တရုတ်ဦးဆောင်မှုကြောင့် ပူပန်မှုနှင့်မျှော်လင့်ချက် နှစ်မျိုးလုံးဖြစ်
လူပေါင်း ၄ သောင်းကျော်ကို ကိုဗစ်ကာကွယ်ဆေး ရုရှား စမ်းသပ်မည်
ကမ္ဘာ့ ကိုဗစ်အလုံခြုံဆုံး နိုင်ငံစာရင်းမှာ ထိုင်းနိုင်ငံ ထိပ်ဆုံးက ရပ်တည်