ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်မှ COVID 19 ရောဂါပိုး ကူးစက်ခံထားရသော Relief International (RI) ဝန်ထမ်း ၃ ဦး သွားလာထားသည့် စစ်ဘေးရှောင်စခန်း ၄ ခုမှ ထိတွေ့ထားသူ ၃၀ ကျော်ကို ပိုးရှိမရှိ စစ်ဆေးမည်ဟု သတင်းရရှိ သည်။
ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ ပြောရေးဆိုခွင့် ရှိသူ စည်ပင်ဝန်ကြီး ဦးဝင်းမြင့်က “သူတို့ သွားခဲ့တဲ့ စခန်းတွေထဲက ထိတွေ့ခဲ့ သူတွေ အကုန်လုံးကို ကျနော်တို့ Quarantine လုပ်ထားတယ်။ SWAB (နှာခေါင်းတို့ဖတ်) နမူနာယူပြီးတော့ ပို့မယ်။ ဒါပေ မယ့် လေကြောင်းလိုင်းတွေက ပုံမှန် မဖြစ်သေးတဲ့အတွက် ဒီနေ့ လေယာဉ် မရှိလို့ မပို့ဖြစ်ပါဘူး။ အခု ပို့ဖို့ စစ်တွေကိုတော့ ရောက်နေပါပြီ။ အခု SWAB ပို့ထားတာကတော့ ၃၀ ကျော်လောက် ရှိတယ်လို့ သိရပါတယ်။ နောက်ထပ်လည်း ရှိဦးမယ် ဆိုရင်လည်း ဆက်ယူရဦးပါမယ်” ဟု ပြောသည်။
ကိုဗစ်-၁၉ ရောဂါပိုး ရှိမရှိ စစ်ဆေးရန် မြောက်ဦးမှ တို့ဖတ် နမူနာများမှာ စစ်တွေမြို့သို့ ပို့ရပြီး စစ်တွေမှ တဆင့် ရန်ကုန် မြို့ရှိ အမျိုးသား ကျန်းမာရေး ဓာတ်ခွဲခန်းကို ပို့ကာ စစ်ဆေးရခြင်း ဖြစ်သည်။
သြဂုတ်၂၃ ရက်က Relief International, Myanmar Country Office ၏ တရားဝင် ဖေ့ဘုတ်စာမျက်နှာတွင် “အများ ပြည်သူသို့ အသိပေး ပြန်ကြားချက်” ဟူသည့် ခေါင်းစဉ်ဖြင့် ထုတ်ပြန်ထားသည့် စာထဲ၌ ရောဂါပိုး ကူးစက်ခံထားရသည့် RI ဝန်ထမ်းများသည် လူနာအမှတ် ၄၀၈၊ ၄၄၀ နှင့် ၄၄၁ တို့ ဖြစ်သည်ဟု ထည့်သွင်း ဖော်ပြထားသည်။
ထို ကျန်းမာရေး ဝန်ထမ်း ၃ ဦးသည် လွန်ခဲ့သော၂ ပတ်အတွင်းက မြောက်ဦးမြို့နယ်ရှိ ရခိုင်စစ်ဘေးရှောင်စခန်း ၄ ခုကို သွားရောက်ကာ ကျန်းမာရေး စောင့်ရှောက်မှု အကူအညီ ပေးခဲ့ကြောင်းနှင့် မြောက်ဦးမြို့နယ်ရှိ မူစလင်ကျေးရွာများသို့ ၂၀၁၉ ခုနှစ်မှ စ၍ သွားရောက်ခဲ့ခြင်း မရှိပါဟု RI ၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
RI ဝန်ထမ်း ၃ ဦးအနက် လူနာအမှတ် ၄၀၈ သည် သြဂုတ် ၂၁ ရက်တွင် ရောဂါပိုး ကူးစက်ခံထားရကြောင်း အဖြေသိရှိ ရခြင်း ဖြစ်ပြီး လူနာအမှတ် ၄၄၀ နှင့် ၄၄၁ တို့သည် သြဂုတ်၂၂ ရက်တွင် ရောဂါပိုး ကူးခံထားရကြောင်း အဖြေထွက်ထား ခြင်း ဖြစ်သည်။
ဝန်ကြီး ဦးဝင်းမြင့်က “Positive ဖြစ်တဲ့သူတွေနဲ့ ထိတွေ့တဲ့သူတွေကိုတော့ ကျနော်တို့ သီးခြား ခွဲထားပြီးပြီ။ ( စစ်ဘေး ရှောင်စခန်းက) အခြားသူတွေကိုတော့ အပြင်မထွက်ရ၊ ဘာမဖြစ်ရ Lockdown ပုံစံ မလုပ်ထားဘူး။ ဒါပေမယ့် အခု SWAB ယူထားသူတွေရဲ့ Result က Positive ဖြစ်လာရင်တော့ လုပ်သင့်တာတွေကို ဆက်လုပ်ရမှာပါ” ဟု ပြောသည်။
အဆိုပါ စစ်ဘေးရှောင် စခန်း ၄ ခု၏ အမည်များကို မေးမြန်းရာ ဦးဝင်းမြင့်က မသိရှိပါဟု ပြောသည်။
မြောက်ဦးမြို့နယ် ပြည်နယ် လွှတ်တော်အမတ် ဦးထွန်းသာစိန်က RI ဝန်ထမ်း ၃ ဦး သွားလာခဲ့သည့် စစ်ဘေးရှောင်စခန်း များနှင့် ကျေးရွာများမှာ ၅ နေရာဟု သိထားပြီး ယင်းတို့မှာ တောင်မြင့်၊ ကုလားချောင်း၊ နကန်၊ ပီပင်ရင်း၊ ပုဇွန်ဖေတို့ ဖြစ် သည်ဟု ပြောဆိုသည်။
ဦးထွန်းသာစိန် ပြောသည့် စစ်ဘေးရှောင် စခန်းများသည် လူဦးရေ အနည်းဆုံး ၁၀၀ ကျော်မှ ၁၇၀၀ ကျော်အထိ စုဝေး နေထိုင်ကြသည့် စခန်းများ ဖြစ်သည်။
ဦးထွန်းသာစိန်က “ကျနော် မနေ့ညက အုပ်ချုပ်ရေးမှူးတွေ ဘက်ကို မေးတယ်။ အဲဒီလူတွေကို ဘယ်လို ထားထားလဲဆို တော့ ဘာမှ မထားဘူးတဲ့ ဒီလိုပဲ သွားနေတာပဲတဲ့။ စစ်ဘေးရှောင်လည်း ပါပါတယ်။ ရွာထဲနေတဲ့ သူတွေလည်း ပါ ပါ တယ်” ဟု ပြောသည်။
ဦးထွန်းသာစိန်က အစိုးရအနေဖြင့် စစ်ဘေးရှောင်စခန်းများ၏ ကျန်းမာရေး စောင့်ရှောက်မှုကို ကြပ်ကြပ်မတ်မတ် လုပ် ဆောင်ပေးရန်လိုပြီး စနစ်တကျ ဆောင်ရွက်ပေးခြင်း မရှိပါက တိတ်တဆိတ် ရောဂါဖြန့်ဝေသူများ ဖြစ်လာနိုင်သည်ဟု ဆိုသည်။
ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် တပ်မတော်နှင့် ရက္ခိုင်စစ်တပ် (AA) တို့၏ တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာပြီး စစ်ဘေး ရှောင် စခန်းများတွင် ခိုလှုံနေရသူများကို ကြည့်ရှု စောင့်ရှောက်ပေးခြင်း၊ ဒုက္ခသည်ဦးရေ စာရင်းများပြုစုခြင်းများ ပြုလုပ် သည့် ရခိုင်တိုင်းရင်းသား မျိုးနွယ်စုများ အစည်းအရုံး (REC)၊ ဥက္ကဋ္ဌ ဦးရွှေဘော်စိန်ကို မေးမြန်းရာ ရောဂါကူးစက်ခံရသူ များ မြောက်ဦး ဒုက္ခသည်စခန်းသို့ လာသွားသည့် အခြေအနေများကို မသိရှိကြောင်းနှင့် လက်ရှိတွင် အစိုးရဘက်မှ မည်သို့ ဆောင်ရွက်ပေးနေသည်ကိုလည်း မသိရှိပါဟု ပြောသည်။
ရခိုင်ပြည်နယ် ပြည်နယ် ကျန်းမာရေးဌာန၏ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာ စိုးဝင်းက ကိုဗစ်-၁၉ နှင့် ပတ် သက်၍ တို့ဖတ်နမူနာယူပြီး စစ်ဆေးသည်မှာ ကွင်းဆက်ရှိ ထိတွေ့ထားသူများကိုသာ စစ်ဆေးခြင်းဖြစ်ပြီး ပိုးရှိသူ သွား ထားသည့် နေရာတိုင်းရှိ လူတိုင်းကို စစ်ဆေးပေးခြင်း မဟုတ်ပါဟု ဆိုသည်။
ဒေါက်တာ စိုးဝင်းက “လေယာဉ်မှာတောင် ၁ စင်းလုံးမှာမှ ရောဂါပိုးတွေ့သူရဲ့ ရှေ့ ၃ ခုံ နောက် ၃ ခုံကို အရင်စစ်ပါတယ်။ စစ်လို့ တွေ့မှ ရှေ့ ၆ တန်း၊ နောက် ၆ တန်း ကျနော်တို့က အဲဒီလို စစ်တာ ရှိပါတယ်။ ကျန်းမာရေး စစ်ချက်အရပါ” ဟု ပြောဆိုသည်။
ယနေ့ မနက်ပိုင်းအထိ ကျန်းမာရေး ဝန်ကြီးဌာန၏ သတင်း ထုတ်ပြန်ချက်အရ ရက်သတ္တပတ်အတွင်း စစ်တွေ၊ သံတွဲနှင့် မြောက်ဦးမြို့တို့တွင် ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံထားရသူ ၇၂ ဦး ရှိပြီး ဖြစ်ပြီး ရောဂါပိုး စတင် တွေ့ရှိသူ အားလုံးမှာ ပိုး ကူးစက်ခံရသည့် ကွင်းဆက်များ ပျောက်ဆုံးနေဆဲ ဖြစ်သည်။
ပိုးစတင် ကူးစက်ခံရသူများ မည်သည့်နေရာမှ ရောဂါပိုး ကူးသည်ကို ဇာစ်မြစ်လိုက်ရန် ခက်ခဲနေဆဲ ဖြစ်သည်ဟုလည်း ဒေါက်တာ စိုးဝင်းက ပြောသည်။
ရခိုင်ပြည်နယ်တွင်း ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရသူဦးရေ ရက်ပိုင်းအတွင်း မြင့်တတ်လာသဖြင့် တဖက်တွင် ကား၊ လေကြောင်း သွားလာမှုများ ရပ်တန့်သွားကာ၊ အခြားမြို့နယ်များမှ စစ်ဆေးရမည့် တို့ဖတ်နမူနာအချို့ကို စစ်တွေသို့ သယ် ဆောင်ရာတွင် နာရေးကူညီမှုအသင်း ကားများဖြင့် သယ်နေရသည် ဟုလည်း ဒေါက်တာ စိုးဝင်းက ဆိုသည်။
ဆက်လက်ပြီး ၎င်းက “စစ်တွေကတော့ လေယာဉ်က တနေ့က ဆရာဝန်တွေ လာတော့ အထူးလေယာဉ် လုပ်ပေးတယ်။ နောက် တု့ိဖတ်နမူနာတွေကိုလည်း လေကြောင်းလိုင်း တခုနဲ့ ချိတ်ဆက်ပြီး အမြန်ဆုံး ပို့မယ်လည်း ပြောပါတယ်။ လေ ကြောင်းလိုင်းကတော့ အစိုးရ လေကြောင်းလိုင်းပဲ ဖြစ်ဖို့များပါတယ်” ဟုလည်း ပြောဆိုသည်။
လက်ရှိတွင် ရောဂါပိုး ရှိသူများနှင့် ထိတွေ့ထားသည့် စစ်ဘေးရှောင် စခန်းများရှိရာ မြောက်ဦးမြို့နယ်သည် အစိုးရက ဖုန်း လိုင်းနှင့် အင်တာနက်ကို 2G သာ သုံးခွင့် ကန့်သတ်ထားသဖြင့် သတင်းအချက်အလက်များ ဖတ်ရှုရန်လည်း အခက်အခဲ ကြုံနေရသည့် မြို့နယ် တခု ဖြစ်သည်။
ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ နေ့စဉ် မနက် ၈ နာရီနှင့် ည ၈ နာရီတွင် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရသူ များ စာရင်းကို အများပြည်သူသိရန် လူမှုကွန်ရက် စာမျက်နှာပေါ်မှတဆင့် ထုတ်ပြန်သော်လည်း မြောက်ဦး ဒေသခံများမှာ အင်တာနက်လိုင်း မကောင်းသဖြင့် တိုက်ရိုက် ဖတ်ရှုနိုင်ခြင်း မရှိပါ။
You may also like these stories:
စစ်တွေမြို့တွင် ညမထွက်အမိန့် ၁၄၄ ထုတ်ပြန်
ရခိုင်မှာ အင်တာနက် 4G ပြန်ဖွင့်ပေးပါ
ကျနော်တို့ ကုတင်တွေကို ကြိုပြင်ထားတယ်
ရခိုင်က ပိုးကူးစက်မှု ကိုဗစ် ဒုတိယလှိုင်း အစလား
မန္တလေးမှ စစ်တွေသို့ ပြေးဆွဲနေသည့် ခရီးသည်တင်ယာဉ်လိုင်းများ ယာယီရပ်နား