သတင်း

စစ်တွေ ကိုဗစ်ပိုး ကူးစက်ခံရသူများတွင် ကျန်းမာရေးဝန်ထမ်း ၈ ဦး ပါဝင်

Want create site? Find Free WordPress Themes and plugins.

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ပေါ်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွင် စစ်တွေဆေးရုံကြီးမှ အထူးကုဆရာဝန် ၁ ဦးနှင့် သူနာပြု ၇ ဦး ပါဝင်လာရာ ကူးစက်ခံရသူ ကျန်းမာရေး ဝန်ထမ်း ၈ ဦး ရှိလာကြောင်း စစ်တွေဆေးရုံအုပ်ကြီး ဒေါက်တာ ဇော်လွင်က ပြောသည်။

ဆေးရုံအုပ်ကြီး ဒေါက်တာဇော်လွင်က “  ပိုးတွေ့သူတွေထဲမှာ  ကျန်းမာရေးဝန်ထမ်း ၈ ဦးပါတယ်။ အဲဒီအထဲမှာ ဆရာဝန် ၁ ဦးပါတယ်။ ကျန်တာ သူနာပြုတွေပေါ့၊ ပြည်သူတွေကြားမှာ ပိုးရှိတဲ့ လူတွေ ရှိနေနိုင်တဲ့ အတွက် တယောက်နဲ့ တယောက် ကူးစက်နိုင်တယ်။ အဲဒါကြောင့် ထပ်တွေ့နိုင်တဲ့ အနေအထားရှိတယ်” ဟု ရှင်းပြသည်။

ကုသမှု ခံယူနေသော ပိုးတွေ့လူနာများ အနေဖြင့် ကျန်းမာရေးအခြေအနေ ဆိုးဝါးသူ မရှိကြောင်း၊ ရောဂါလက္ခဏာ ဖြစ်သည့် ဖျားခြင်း၊ နှာစေးခြင်း၊ လည်ချောင်းနာခြင်း စသည် တို့သာ ဖြစ်ပေါ်ကြကြောင်း သိရသည်။

ဒေါက်တာဇော်လွင်က

“  ပိုးတွေ့လူနာတွေက ဆေးရုံဆင်းခွင့်ရတာ တယောက်မှ မရှိသေးပေမယ့် ဆိုးဆိုးဝါးဝါး အခြေ အနေတော့ မရှိဘူး။ ကုထုံးအရ လောလောဆယ် ပေးဆင်းလို့တော့ မရသေးဘူး။  အနည်းဆုံး နှစ်ပတ်ကနေ ၃ ပတ် အတွင်း ဆေးရုံမှာ ထားရမှာပေါ့။”

ဟု ဧရာဝတီသို့ ပြောသည်။

စစ်တွေမြို့ပေါ်တွင် ပိုးတွေ့လူနာများ တနေ့ထက် တနေ့ များပြားလာသည့်အတွက် ရန်ကုန်မြို့ အပါအဝင် တခြား တိုင်းနှင့် ပြည်နယ်များမှ ဆရာဝန် ၂၁ ဦးနှင့် သူနာပြု ၃ ဦး Volunteer အဖြစ် ရောက်ရှိလာသော်လည်း သူနာပြု အရေအတွက်မှာ  ယခင်ကတည်းက နည်းပါးနေသဖြင့် လက်ရှိအချိန်တွင် နားချိန်မရဘဲ မနိုင်ဝန် ထမ်းရသလို ဖြစ်နေကြောင်း၊ ကူးစက် မှု များကြောင့် စိုးရိမ်မှုများလည်း ရှိနေရကြောင်း စစ်တွေဆေးရုံကြီးမှ သူနာပြုဆရာမများက ဆိုသည်။

စစ်တွေဆေးရုံမှ အထက်တန်း သူနာပြုဆရာမတဦးက “ ပိုးတွေ့တဲ့ လူနာထဲမှာ ကျမတို့ သူနာပြုတွေ ပါကုန်တယ်။ ဆေးရုံ တခုတည်းမှာ အတူတူ အလုပ်ဆင်းကြတာ ဖြစ်တဲ့အတွက် ထိတွေ့မှုကလည်း အနည်းနဲ့အများ ရှိတယ်ဆိုတော့ အိမ် လည်း မပြန်ချင်ကြဘူး။ ဆေးရုံမှာ နေမယ်ဆိုရင်လည်း နေရာမရှိဘူး။ တချို့အိမ်ငှားနေတဲ့ သူနာပြုတွေဆိုရင် ပိုးကူးမှာ စိုးလို့ဆိုပြီး အိမ်ပိုင်ရှင်က  အိမ်ပေါ်ကနေ ဆင်းခိုင်းတဲ့ အထိ ဖြစ်နေတယ်။ ” ဟု ဧရာဝတီသို့ ပြောသည်။

စစ်တွေဆေးရုံတွင် လက်ရှိ တာဝန်ထမ်းဆောင်နေသော ဆရာဝန်၊ သူနာပြုဆရာမ အရေအတွက်၊ ပိုးတွေ့လူနာနှင့် ထိတွေ့မှု ရှိခဲ့သည့် ဝန်ထမ်းအရေအတွက် စသည့် အသေးစိတ် အချက်အလက်များကိုမူ သက်ဆိုင်ရာ တာဝန်ရှိသူများက ဖြေကြားခြင်း မရှိပါ။

ကိုဗစ်- ၁၉ ရောဂါပိုးတွေ့ရှိသူများထဲတွင် ဘဏ်ဝန်ထမ်း၊ အစိုးရဝန်ထမ်း၊ အန်ဂျီအို ဝန်ထမ်းများ၊ ဘုန်းတော်ကြီးများ၊ ဒေသခံ ပြည်သူများ အပါအဝင် သူနာပြုများနှင့် အထူးကုဆရာဝန် ပါ ကူးစက် ခံရမှု ရှိလာသည့်အတွက်  မြို့ခံများအ ကြားတွင်လည်း စိုးရိမ်မှု မြင့်တက်နေသည်။

အဆိုပါ ပိုးတွေ့ အင်ဂျီအိုဝန်ထမ်းများထဲတွင် စစ်တွေမြို့နှင့် မြောက်ဦးမြို့တို့တွင် တာဝန်ကျသူများ ပါဝင်သည့်အတွက် ယင်းတို့ ပိုးမတွေ့မီ သွားလာခဲ့သော နေရာများမှ ဆက်စပ်သူများကိုလည်း ဆေးနမူနာများ ရယူထားပြီ ဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် စည်ပင်ဝန်ကြီး ဦးဝင်းမြင့်က ပြောသည်။

ဝန်ကြီး ဦးဝင်းမြင့်က

“ ကျနော်တို့ မြောက်ဦးမြို့က ပိုးတွေ့တဲ့ အိုင်ဂျီအိုဝန်ထမ်းတွေက စစ်ရှောင်စခန်းတွေကို သွားလာခဲ့ တာ ရှိတယ်လို့ သူရဲ့ ခရီးသွားရာဇဝင်မှာ ရှိတဲ့ အတွက် သူသွာလာခဲ့တဲ့နေရာက ထိတွေ့ဆက်စပ်သူတွေကို ဆေးနမူနာ တွေ ယူထားပြီးပါပြီ။  အဲဒီအထဲက တချို့ကိုလည်း ဒီမှာစစ်လို့ရရင် ဒီမှာ စစ်မှာပေါ့။ ရန်ကုန်ပို့လို့ ရရင်လည်း ရန်ကုန်ပို့ မယ်။ လောလောဆယ် လေကြောင်းလိုင်းတွေ ပိတ်ထားတော့ အဖြေတော့ မထွက်သေးဘူး။  ”

ဟု ဧရာဝတီသို့ ပြောသည်။

ထိုသို့ အင်ဂျီအိုဝန်ထမ်း သွားလာခဲ့သော မြောက်ဦးမြို့နယ်အတွင်းက  စစ်ရှောင်များကို ကိုဗစ်ရောဂါ ဆေးနမူနာ ရယူခဲ့ သည်ဆိုရာတွင် စခန်းအမည်နှင့် စစ်ရှောင်အရေအတွက် ကိုလည်း မသိရှိရသေးပါ။

ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏  ထုတ်ပြန်ချက်အရ ရခိုင်ပြည်နယ်အတွင်း  သြဂုတ်လ ၁၆ ရက်မှ သြဂုတ်လ ၂၄ ရက်နေ့အထိ ကိုရိုနာဗိုင်းရပ်ပိုးတွေ့ရှိသူ ၇၂ ဦးထိ ရှိလာပြီး ယင်းအထဲတွင် စစ်တွေမြို့မှ  ၆၇ ဦး၊ မြောက်ဦးမြို့မှ ၃ ဦး၊ သံတွဲမြို့ မှ ၂ ဦးတို့ ပါဝင်သည်။

အစိုးရသည် စစ်တွေမြို့နယ်ရှိ ပြည်သူများအား Stay at Home နေထိုင်ကြရန် ညွှန်ကြားထားပြီး ည ၉ နာရီမှ မနက် ၄ နာရီ အထိ ညမထွက်ရ အမိန့် ပုဒ်မ ၁၄၄ ကိုလည်း ထုတ်ပြန်ထားသည်။

You may also like these stories:

၂ နှစ်ကြာမှ ကိုဗစ်ကာလ ပြီးဆုံးမည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ပြော

ကျနော်တို့ ကုတင်တွေကို ကြိုပြင်ထားတယ်

ရခိုင်မှာ အင်တာနက် 4G ပြန်ဖွင့်ပေးပါ

Did you find apk for android? You can find new Free Android Games and apps.
Loading