တောင်တရုတ် ပင်လယ်ပြင်တွင် ဖြစ်ခဲ့သည့် မုန်တိုင်း အကြွင်းအကျန် တိမ်တိုက်များကြောင့် မြန်မာနိုင်ငံတွင် မိုးများနေ သဖြင့် ဧရာဝတီမြစ်နှင့် သံလွင်မြစ်ရေများ ထပ်မံ တက်လာပြီး မြို့၆ မြို့သတိထားရန် လိုအပ်ကြောင်း မိုးလေဝသနှင့် ဇလ ဗေဒ ညွှန်ကြားမှု ဦးစီးဌာနက သိရသည်။
သံလွင်မြစ် ရေသည် ဘားအံမြို့၊ ဧရာဝတီမြစ်ရေသည် ပခုက္ကူ၊ ချောက်၊ ဆိပ်သာ၊ ဟင်္သာတနှင့် ဇလွန်မြို့တို့တွင် စိုးရိမ်ရေ အမှတ်သို့ တိုးလာမည် ဖြစ်သည်။
ယခု ရက်ပိုင်းအတွင်း မိုးကြီးသည့် ဖြစ်စဉ်များကြောင့် ချင်းတွင်း၊ သံလွင်နှင့် ဧရာဝတီ မြစ်ကြီး သုံးခုလုံးတွင် မြစ်ရေတက် လာသော်လည်း ချင်းတွင်းမြစ်တွင်မူ ပြန်လည် ကျဆင်းလာနေပြီ ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာ နက သိရသည်။
မိုး/ဇလ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက “တောင်တရုတ် ပင်လယ်ပြင်မှာ ဖြစ်ခဲ့တဲ့ အပူပိုင်းမုန်တိုင်း အကြွင်းအကျန် တိမ်တိုက်တွေက မကုန်သေးဘူးပေါ့။ အဲဒီ အရှိန်ကြောင့် မိုးကတော့ တနိုင်လုံးမှာတော့ ပျံ့နှံ့ ရွာနေမယ့် အနေအထား ရှိတယ်။ သံလွင်ရယ်၊ ဧရာဝတီမြစ်ရယ်က ထပ်တက်မယ့် အလားအလာ ရှိတယ်ပေါ့။ ချင်းတွင်းက ပြန်ကျနေပြီ ဆိုပေမယ့် စိုးရိမ်ရေ အမှတ်အောက်ကိုတော့ မရောက်သေးဘူး” ဟု ပြောသည်။
သံလွင်မြစ်ရေသည် ဖားဆောင်းမြို့တွင် ၄ ပေခွဲခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ် အထက်သို့ ကျော်လွန် ရောက်ရှိနေပြီး နောက်၂ ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် ပြန်လည် ကျဆင်းနိုင်သော်လည်း ဘားအံမြို့တွင် ၃ ပေခန့် ယင်း မြို့၏ စိုးရိမ်ရေမှတ် အထက်သို့ ကျော်လွန် ရောက်ရှိနေကာ အဆိုပါမြစ်ရေသည် လက်ရှိ ရေမှတ်မှ နောက် ၂ ရက်အတွင်း ဆက်လက် တက်လာနိုင်ကြောင်း မိုး/ဇလက ယနေ့ ထုတ်ပြန်ထားသည်။
ဘားအံမြို့သည် သံလွင်မြစ်ရေ တက်လာသည့် အပြင် ဒီရေ တက်ရက်နှင့် ကြုံသည့်အတွက် စိုးရိမ်ရေ အမှတ်အောက်ကို ပြန်လည် ရောက်ရှိရန် ရက်အနည်းငယ်ကြာနိုင်သေးကြောင်း ဦးကျော်မိုးဦးက ဆိုသည်။
“ကရင်နဲ့ မွန်ပြည်နယ်မှာ ဒေသအလိုက် မိုးကြီးခဲ့တဲ့ အနေအထားမျိုး ရှိတဲ့အခါကျတော့ ကရင်ပြည်နယ်မှာ ရှိတဲ့ မြစ် အငယ်လေးတွေက ရေတက်နေတဲ့ အနေအထားမျိုး ရှိတယ်။ အဲဒါတွေက သံလွင်မြစ်ထဲ လာပေါင်းတယ်။ ရေတက်တဲ့ ရက်နဲ့ ဆုံသွားရင် ဒီထက်ပိုပြီး များနိုင်တယ်။ လာမယ့်၂ ရက် ၃ ရက်ကျရင် ရေပြန်တက်ရက်ရှိတဲ့ အခါကျတော့ စိုးရိမ်ရေ အမှတ်အထက်မှာ နည်းနည်းကြာနိုင်တယ်။ ဘားအံက ဒီရေတက်တဲ့ အချိန်နဲ့က လင့်ခ်ဖြစ်နေတော့ ဒီရေပြန်ကျတဲ့ အချိန် မှသာ ရေကအောက်ကို ပါသွားတဲ့ အနေအထားမျိုး ရှိတယ်” ဟု ၎င်းကပြောသည်။
ဧရာဝတီမြစ်ရေသည် ပခုက္ကူမြို့တွင် နောက် ၁ ရက်အတွင်း စိုးရိမ်ရေအမှတ် အထက်သို့ ကျော်လွန်ရောက်ရှိနိုင်ပြီး ချောက်၊ ဆိပ်သာတို့တွင် နောက် ၂ ရက်အတွင်း၊ ဟသာၤတနှင့် ဇလွန်တို့တွင် နောက် ၃ ရက်အတွင်း ၎င်းမြို့များ၏ စိုးရိမ် ရေအမှတ်သို့ ရောက်ရှိနိုင်ကြောင်း မိုး/ဇလက သြဂုတ် ၂၄ ရက်က ထုတ်ပြန်သည်။
ဘင်္ဂလား ပင်လယ်အော် မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း အရှိန်နှင့် တောင်တရုတ် ပင်လယ်ပြင် တွင် ဖြစ်ခဲ့သည့် အပူပိုင်း မုန်တိုင်း အကြွင်းအကျန် တိမ်တိုက်များကြောင့် လာမည့်၂ ရက်အတွင်း တနိုင်ငံလုံးတွင် မိုးရွာ သွန်းနေဦးမည် ဖြစ်ကြောင်းလည်း မိုး/ဇလက သိရသည်။
ယခုနှစ်တွင် ဇူလိုင်လ ၁၁ ရက်က စပြီး ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး နှင့် နေပြည်တော်တို့တွင် အိမ်ထောင်စုပေါင်း ၂၁,၀၀၀ ကျော်၊ ရေဘေးသင့် လူဦးရေ ၈၇,၀၀၀ ကျော် ရှိခဲ့ပြီး ရေးဘေးသင့် ပြည်သူများကို ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနက ထောက်ပံ့ငွေ ကျပ်သိန်းပေါင်း၂,၈၁၇ ကျော် အထိရှိခဲ့ ကြောင်း ယင်းဌာနက သိရသည်။
သြဂုတ်လ ၂၄ ရက်တွင် ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ မန္တလေး တိုင်းဒေသကြီး၊ ရှမ်း ပြည်နယ်၊ ကယားပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်တို့တွင် ကယ်ဆယ်ရေး စခန်း ၁၄၂ ခု အိမ် ထောင်စုပေါင်း ၄,၇၀၀ ကျော်၊ ရေဘေးသင့် လူဦးရေ ၁၉,၀၀၀ ကျော် ကျန်ရှိတော့ကြောင်း သိရသည်။
You may also like these stories:
ချင်းတွင်းမြစ်နှင့် ဧရာဝတီ မြစ်ရေ ပြန်လည် မြင့်တက်လာ
မြစ်ရေမြင့်တက်မှု မြို့လေး မြို့ ရေဘေး သတိထားရန် မိုးဇလ သတိပေး