ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် နမ့်ကတ်အုပ်စု မန်ကန်ကျေးရွာနှင့် နမ့်ခမ်းမြို့နယ် လွယ်မွန်းရွာမှ ပျောက်ဆုံးနေသည့် ပလောင်အမျိုးသား ၃ ဦးကို ၃ လကြာမှ သေဆုံးလျှက် ပြန်တွေ့ခဲ့ရသည်ဟု တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO) ထံမှ သတင်းရရှိသည်။
သေဆုံးသွားသူများသည် နမ့်ကတ်အုပ်စု မန်ကန်ကျေးရွာနေ မိုင်းညီထော်န်းနှင့် မိုင်းဆက်ကျေးရွာနေ ဦးညီလိတ် တို့ကို တပ်မတော် တပ်မ ၉၉ မှ မေလ ၂၉၊ နံနက် ၉ နာရီခန့်တွင် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း TWO က သြဂုတ်လ ၂၂ ရက်က ထုတ်ပြန်ထားသည်။
ထို ၂ ဦး၏ အလောင်းနှင့်အတူ မေလ ၂၉ ရက်က ပျောက်သွားသည့် နမ့်ခမ်းမြို့နယ် လွယ်မွန်းကျေးရွာဒေသခံ မိုင်းအိုက်ညမ်း၏ အလောင်းကိုပါ သြဂုတ်လ ၂၀ ရက်တွင် အတူတွေ့ခဲ့ရခြင်းဖြစ်ပြီး ၎င်းကိုတော့ မည်သည့် အဖွဲ့အစည်းက ဖမ်းသွားမှန်း မသိကြောင်း ထုတ်ပြန်ချက်တွင် ဆိုထားသည်။
TWO ၏ ပြောရေးဆိုခွင့်ရှိသူ လွေးချှီဆငါးက
“ဖမ်းသွားတဲ့သူတွေနဲ့ အတူ မီးသွေးဖုတ်နေတဲ့ သားအဖ ၃ ယောက်ကိုတော့ မဖမ်းသွားဘူး။ ဘာကြောင့် ဖမ်းသွားတယ်လို့တော့ မပြောဘူး။ ကျန်ခဲ့သူတွေကိုတော့ ဒီကိစ္စ ဘယ်သူမှ ပြန်မပြောဖို့ ခြိမ်းခြောက်ထားတယ်လို့ ပြောတယ်”
ဟု ဧရာဝတီသို့ ပြောသည်။
တပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ ၎င်းအနေဖြင့် ထိုအကြောင်းအရာကို အတိ အကျ မသိရသည့်အတွက် မှတ်ချက်မပေးလိုကြောင်း၊ အကယ်၍ တပ်မတော်မှ ထိုသို့ ပြုလုပ်ပါက သက်ဆိုင်ရာ တပ်မတော်တပ်ခွဲများသို့ တိုင်တန်းနိုင်သည်ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါ ၃ ဦး သေဆုံးမှုနှင့် ပတ်သက်ပြီး မူဆယ်မြို့ရဲစခန်းတွင် သေမှုသေခင်းဖြင့် အမှုဖွင့်ထားသည်ဟု အလောင်းကောက်ရာတွင် ပါဝင်ခဲ့သည့် မူဆယ်မြို့နယ် တအာင်းစာပေယဉ်ကျေးမှုအတွင်းရေးမှူး တားအိုက် သိန်းဝင်း က ပြောသည်။
တားအိုက်သိန်းဝင်း က “သူတို့က ဗမာလို သိပ်မပြောတတ်တော့ ကျနော်ပဲ ရဲစခန်းမှာ အမှုသွားဖွင့်ပေးပါတယ်။ နမ့်ကတ် အုပ်စု အုပ်ချုပ်ရေးမှူး ဦးဂျီကျန်က တရားလိုပြုလုပ်ပြီး သေမှုသေခင်း အနေနဲ့ သြဂုတ် ၂၂ မှာ ဖွင့်ထားတယ်။ ကျနော်တို့က နစ်နာသွားတဲ့ မိသားစု အတွက် တရားမျှတမှု ရချင်တယ်”ဟု ဧရာဝတီသို့ ပြောသည်။
၎င်းက ဆက်၍ “မနေ့က မျက်မြင်သက်သေ တယောက် ရဲစခန်းမှာ ထွက်ဆိုတာက စစ်တပ်က သူ့ (တဲပိုင်ရှင်) ဖုန်းကို ယူ ကြည့်ပြီး (တဲပိုင်ရှင်တွင်) ကလေးတွေလည်းရှိတယ်။ တဲပိုင်ရှင်လည်း ဟုတ်နေတယ်ဆိုတာကြောင့် သူ့ကို အဲဒီနေရာကနေ ၃ ရက်လောက် ဘယ်သူနဲ့မှ အဆက်အသွယ်မလုပ်ဖို့ မှာသွားတယ်တဲ့။ ဒါက မျက်မြင်သက်သေ ကိုယ်တိုင် ပြောတာ” ဟု ပြောသည်။
မျက်မြင်သက်သေ၏ ပြေပြချက်အရ ရွာသားများအဖမ်းခံရသည့်နေ့တွင် တပ်မတော်နှင့် TNLA တို့ တိုက်ပွဲဖြစ်ပွားရာမှ တပ်မတော်စစ်ကြောင်းက ၎င်းတို့ရွာဘက်ကို ရောက်ရှိလာပြီး ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်သည်ဟု သိရသည်။
လွေးချှီဆငါးက “တိုက်ပွဲဖြစ်လို့ ဖြစ်စေ၊ ဘယ်လိုအကြောင်းကြောင့်ဖြစ်စေ ဒေသခံတွေကိုတော့ သူတို့ ဖမ်းဆီး ပိုင်ခွင့်မရှိဘူး။ ဘာလို့ဆို ဒီလူတွေက ဘယ်အဖွဲ့အစည်းနဲ့ ပတ်သက်တဲ့သူတွေလည်းမဟုတ်ဘူး။ နောက် သူတို့ဆီမှာ ဘာသက်သေပစ္စည်းမှ မိတာမရှိတာကြောင့် သူတို့ဘယ်လိုအကြောင်းပြချက်နဲ့ဖမ်းပါစေ။ မဖမ်း သင့်ဘူး”ဟု ပြောသည်။
ဖမ်းဆီးခံရသူများနှင့် ပတ်သက်ပြီး မိသားစုဝင်များက ၎င်းတို့ ပြန်လွတ်ရေးအတွက် မူဆယ်မြို့ ရဲစခန်းတွင် လူပျောက်မှုဖြင့် သွားရောက်တိုင်ကြားခဲ့သည့်တိုင် ထူးခြားမှု မရှိဟု ဆိုသည်။
သေဆုံးသွားသူများထဲမှ ကျန်ရစ်သူ မိသားစုဝင်တဦးက “ကြောက်တယ်။ စိတ်ပူနေတာ။ ရဲစခန်းတိုင်ထားတယ်။ အမှန်အတိုင်း ဖြစ်ချင်တယ်” ဟု ဧရာဝတီသို့ ပြောသည်။
ထိုအကြောင်းနှင့်ပတ်သက်ပြီး မူဆယ်မြို့မရဲစခန်းသို့ ဖုန်းဆက်မေးမြန်းရာတွင် အလုပ်များနေကြောင်းသာ ပြောဆိုပြီး အမှုနှင့် ပတ်သက်၍ ဖြေကြားခြင်း မရှိပေ။
အသက်ဆုံးရှုံးသွားရသည့် ပလောင်အမျိုးသားများသည် တရားမျှတမှုရရှိလိုကြောင်း ဒေသခံများနှင့် တအာင်း စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ဝင်များက တောင်းဆိုနေကြသည်။
တားအိုက် သိန်းဝင်းက“တရားမျှတမှုမရရင်တော့ ရွာတွေအတွက် မလုံခြုံသလို ခံစားရစေတယ်။ အခုဆို သူတို့ တောထဲသွားဖို့တောင် ကြောက်နေကြတယ်” ဟု ဆိုသည်။
မူဆယ်မြို့နယ်ထဲတွင် တပ်မတော် အပါအဝင် ပလောင် (တအန်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ ကချင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KIA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) နှင့် ပြည်သူ့စစ် အဖွဲ့အချို့ လှုပ်ရှားလျှက်ရှိသည်။
You may also like these stories:
မြောက်ဦးမြို့ပေါ်ကျောင်းမှ သံဃာ ၄ ပါး AA ဖမ်းခေါ်သွား
မန္တလေးမှ စစ်တွေသို့ ပြေးဆွဲနေသည့် ခရီးသည်တင်ယာဉ်လိုင်းများ ယာယီရပ်နား
စစ်တွေပိုးတွေ့သူများ၌ ဒုက္ခသည် စခန်းသွားခဲ့သူ INGO ဝန်ထမ်း ၁ ဦး ပါဝင်