သတ္တမတန်း မြန်မာစာ ကျောင်းသင်ခန်းစာ သင်ရိုးသစ် စာအုပ်ပါ အင်းလေးကန်သမိုင်း အချက်အလက်များ မှားယွင်းမှုနှင့် ပတ်သက် ၍ ပညာရေး ဝန်ကြီးဌာန ဒုဝန်ကြီး ဦးဝင်းမော်ထွန်းက ယနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် တောင်းပန်ခဲ့ပြီး ပြန်လည် ပြင်ဆင်မည်ဟု ပြောကြားသည်။
ဦးဝင်းမော်ထွန်းက “အကြောင်းအရာ၊ အသုံးအနှုန်း ကွဲလွဲချက်တွေ ရှိကြောင်း သိရတဲ့အတွက် သင်ရိုးပြုစုသူများ ကိုယ်စား ကျနော်မှ တောင်းပန်ပါကြောင်း တင်ပြအပ်ပါတယ်။ သင်ရိုးသစ်ပါ အချက်အလက်များနှင့် ပတ်သက်၍ တိုင်းရင်းသားရေး ရာ ဝန်ကြီးဌာန၊ တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၊ ဒေသခံ ပြည်သူအများက လက်ခံနိုင်တဲ့ အချက်အလက်များ ဖြစ်စေရန် စိစစ်ပြင်ဆင်ပြီးမှ ထပ်မံ ပြင်ဆင် ပုံနှိပ်ပေးမည် ဖြစ်မှာကြောင်းနှင့် လက်ရှိ ပုံနှိပ်ပြီး စာမှာပါတဲ့ အကြောင်းအရာ များကိုလည်း ပြင်ဆင်သင်ကြားရန် စီမံဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း ရိုသေစွာ တင်ပြအပ်ပါတယ်” ဟု ပြောသည်။
သတ္တမတန်း၊ မြန်မာစာ ကျောင်းသင်ရိုးသစ် စာအုပ် စာမျက်နှာ ၅ နှင့် ၆ ပါ “နောင်အင်းလေးကို လာဖို့ ဖိတ်ခေါ်တယ်” သု တ၊ ရသ ခရီးသွား ဆောင်းပါးပါ အချက်အလက်များမှာ တိုင်းရင်းသားအရေး ထိခိုက်စေနိုင်ခြင်းနှင့် သမိုင်းမှန်အချက် အလက်များ ကျောင်းသား လူငယ်များအတွင်း မှားယွင်းစွာ သိမြင်သွားနိုင်သည့်အတွက် ပြန်လည် ပြင်ဆင်ပေးရန်ရှိ/မရှိ ညောင်ရွှေမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်ဦး(ခ) နေမျိုးက မေးမြန်းခဲ့ခြင်းဖြစ်သည်။
ဦးဝင်းမြင့်ဦးက “ဆောင်းပါးပါ မှားယွင်းတဲ့အချက်တွေက ကျနော်တို့ ဒေသခံတွေက တော်တော် ကြေကွဲဝမ်းနည်းကြ တယ်ဗျ။ စာအုပ်က ထွက်ထားပြီးသား ဖြစ်နေပေမယ့် ကျောင်းတွေ မဖွင့်မီ အချိန်မီပြင်ပေးမယ်ဆိုတဲ့ အတွက်ကြောင့် ကျေနပ်ရပါတယ်” ဟု ဒု ဝန်ကြီး ဖြေကြားမှုနှင့် ပတ်သက်ပြီး ပြောသည်။
“နောင်အင်းလေးကို လာဖို့ ဖိတ်ခေါ်တယ်” ဆောင်းပါး သရုပ်ဖော်ပုံတွင် အင်းသား ရိုးရာဝတ်စုံ မဟုတ်ဘဲ လုံချည်ဝတ် ဆင်ပြထားခြင်း၊ တံငါလုပ်ငန်းကိုသာ ဦးစားပေး ပြထားခြင်း၊ ရွာအမည်နှင့် ဒေသအမည်များ မှားယွင်းခြင်း၊ အင်းသားရိုးရာ အစားအစာများ ဖော်ပြ မထားခြင်းနှင့် အင်းသားဆိုသည့် စကားလုံးပင် ထည့်သွင်းခြင်း မရှိမှုတို့ကို ထောက်ပြ မေးမြန်းခဲ့ ခြင်း ဖြစ်သည်။
“အမှားဆုံးကတော့ အင်းလေးကန် ပတ်ဝန်းကျင်မှာ ရှမ်း၊ ပအ့ိုဝ်၊ ဓနု၊ တောင်ရိုး တိုင်းရင်းသားတွေ နေထိုင်ကြတယ်လို့ ဖော်ပြပြီး “အင်းသား” လူမျိုးလို့ တနေရာမှ မပါခဲ့တာဟာ အတော်ပဲ အားငယ်စရာ ဖြစ်ပါတယ်။ အင်းသားရိုးရာ အစား အသောက်များကလည်း အမှန်က ငါးထမင်း၊ အင်းမုန့်တွေ၊ ဟင်းထုတ် စတဲ့ အစားအစာများဖြစ်ပေမယ့် ဖော်ပြထားခြင်း မရှိပါဘူး”ဟု ဦးဝင်းမြင့်ဦးက ပြောသည်။
ယင်းပြင် “အင်းသား တိုင်းရင်းသားတွေရဲ့ ဝတ်စုံဟာ လုံခြည်ဝတ်တာ မဟုတ်ပါဘူး။ ပင်နီ ဝတ်တာပါ။ ကျနော်တို့ တိုင်း ရင်းသားတွေဟာ ဘာသာတရား အလွန် ကိုင်းရှိုင်းကြပြီး ရက်ကန်း၊ ပန်းထိမ်၊ ပိုး၊ ကြာချည် စတဲ့ လက်မှုလုပ်ငန်းတွေ လုပ် ကိုင်ကြပြီး ကျွန်းမျှောများမှာ စိုက်ပျိုးရေး လုပ်ကိုင်ကြတဲ့သူ အများစု ဖြစ်ပါတယ်။ တံငါသည်ဟာ လူနည်းစု ဖြစ်ပါတယ်။ အဲဒီတော့ ဒီပြကွက်ဟာ ကျနော်တို့ အင်းသား တိုင်းရင်းသားတွေ အားလုံးကို တံငါသည်များလို့ ထင်မှတ်သွားစေနိုင်ပါ တယ်” ဟုလည်း ၎င်းက ထောက်ပြသည်။
မေးမြန်း ထောက်ပြမှုများနှင့် ပတ်သက်ပြီး သရုပ်ဖော်ပုံအား အင်းသားဝတ်စုံ အပြည့်အစုံနှင့် ပြင်ဆင်ပေးမည်ဖြစ်ကြောင်း၊ ရွာအမည်များကိုလည်း အများ လက်ခံနိုင်သည့် အမည်အား စိစစ်ညှိနှိုင်းဖော်ပြရန် စီစဉ်ထားကြောင်း၊ ရှမ်း၊ ပအို့ဝ်၊ ဓနု၊ တောင်ရိုးစသည့် တောင်ပေါ်သားများသည် အင်းသား လူမျိုးနှင့်အတူ အင်းလေးကန်အား ခြံရံကာ နေထိုင်ကြကြောင်းကို လည်း ဖြည့်စွက် ဖော်ပြရန် ရှိကြောင်း ဒုဝန်ကြီး ဦးဝင်းမော်ထွန်းက လွှတ်တော်တွင် ဖြေကြားခဲ့သည်။
ထို့ပြင် သင်ရိုးသစ်ပြုစုသူများ အနေဖြင့် ဆဋ္ဌမတန်း သင်ရိုးပါ “အင်းလေးကန်”ဆောင်းပါးနှင့် အခြားသော ဆောင်းပါးများ အား အခြေခံကာ သုတ၊ ရသပါ ခရီးသွား ဆောင်းပါအဖြစ် သင်ရိုးသစ်နှင့် လျှော်ညီစွာ ပြုပြင်ခဲ့ခြင်း ဖြစ်ပြီး လွှတ်တော်တွင် အကြံပြု ထောက်ပြခဲ့သည့် အင်းလေးကန်မှ စီးထွက်ရာ ချောင်းအမည်များနှင့် အင်းသား တိုင်းရင်းသား အစားအစာ အမည် အခေါ်အဝေါ်များ မှန်ကန်စေရန် ပြင်ဆင်သွားမည် ဖြစ်ကြောင်း ၎င်းက ထပ်မံ ပြောကြားခဲ့သည်။
You may also like these stories:
ဒသမတန်းသင်ရိုးသစ်မှ လိင်ပညာပေးသင်ခန်းစာ ပြန်လည် ပြင်ဆင်မည်