COVID–19 ရောဂါ ကူးစက်ပျံ့နှံ့မှု ဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်မှ လာရောက်သော ယာဉ်များ၌ အထောက်အထား မပြည်စုံပါက ဧရာဝတီတိုင်း အတွင်းသို့ ဝင်ခွင့်မပေးတော့ကြောင်း သတင်း ရရှိသည်။
လက်ရှိတွင် ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်စပ်ရှိ စစ်ဆေးရေးဂိတ်များ ဖြစ်သည့် ကြံခင်းမြို့နယ်ရှိ အုတ်ပုံ ဂိတ်၊ ရေကြည်မြို့နယ်ရှိ ရေနံ့သာဂိတ်နှင့် ပုသိမ်မြို့နယ်၊ ချောင်းဝချိုင်ဂိတ်တို့တွင် ရခိုင်ပြည်နယ်မှ လာသောယာဉ်များကို တင်းကျပ်စွာ စစ်ဆေးနေပြီး အထောက်အထား အပြည့်အစုံ မပါရှိပါက ဝင်ခွင့်မပေးဘဲ ပြန်လည် စေလွှတ်နေကြောင်း သိရ သည်။
ကြံခင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်လွင်က “တိုင်းဒေသကြီး ကိုဗစ်ထိန်းချုပ်ရေး ကော်မတီရဲ့ ညွှန်ကြားချက် အရ ရခိုင်ပြည်နယ်က ကားတွေဆိုရင် အထောက်အထား အပြည့်အစုံ ပါမှ ဝင်ခွင့်ပေးပါမယ်။ အထောက်အထားတောင် မူရင်း ဖြစ်ရမယ်။ ကိုဗစ်နဲ့ ပတ်သက်တဲ့ ထောက်ခံချက် ဖြစ်ရပါမယ်။ အဲဒါ မဟုတ်ဘဲ တခြားကိစ္စဆိုရင် နောက်ကြောင်း ပြန်လှည့် ခိုင်းမှာပါ” ဟု ဧရာဝတီကို ပြောသည်။
ရခိုင်ပြည်နယ်မှ လာသောကားများ ဧရာဝတီတိုင်းကို ဖြတ်သန်း သွားလာလိုပါက ခရီးသွား ထောက်ခံစာသာမက၊ ပြည် နယ် ကျန်းမာရေးဌာန၏ ကိုဗစ် ရောဂါ မရှိကြောင်း ထောက်ခံချက် ပြသရန်လိုအပ်ပြီး အဆိုပါ ထောက်ခံချက်များ ပါရှိမှု အပေါ် မူတည်၍ ဆုံးဖြတ် ဆောင်ရွက်လျက် ရှိကြောင်း ကြံခင်းမြို့နယ် အုပ်ချုပ်ရေး ဌာနက သိရသည်။
ဦးကျော်ကျော်လွင်က “စစ်တွေက ဆိုရင်တော့ ဘာကားပဲလာလာ လူတွေကို ကွာရန်တင်း စင်တာထဲကို တန်းပို့ပါမယ်။ တခြားသော ရောဂါကူးစက်မှု မဖြစ်တဲ့ မြို့နယ်က ဆိုရင်တော့ သက်ဆိုင်ရာ ခရီးသွား ထောက်ခံစာ၊ ကျန်းမာရေး ထောက် ခံစာ ပါရှိမှုအပေါ် မူတည်ပြီး ဆုံးဖြတ်ပါတယ်။ အထောက်အထား ဘာမှမပါရင်တော့ လုံးဝကို ဖြတ်ခွင့်မပေးဘဲ နောက် ကြောင်း ပြန်လှည့်ခိုင်းပါတယ်” ဟု ပြောသည်။
စစ်ဆေးရေးဂိတ်များ၌ ဧရာဝတီတိုင်းမှ ယာဉ်များ ရခိုင်ပြည်နယ် သွားမည်ဆိုပါက ခွင့်မပြုဘဲ နောက်ကြောင်း ပြန်လှည့်ခိုင်း လျက်ရှိကြောင်းလည်း သိရသည်။
ဦးကျော်ကျော်လွင်က “ရခိုင်ကို ပြန်မယ့်လူတွေ သူတို့အိမ် ပြန်ကြတာကိုတော့ ရခိုင်က ကားမို့လို့ ကျနော်တို့ လွှတ်ပေး ပါတယ်။ ဧရာဝတီတိုင်းထဲက ကားတွေ ရခိုင်သွားမယ်ဆိုရင်တော့ မလွှတ်ဘူး။ နောက်ကြောင်း ပြန်လှည့်ခိုင်းတယ်” ဟု ပြောသည်။
ထို့ပြင် ရခိုင်ပြည်နယ်ရှိ Stay at Home သတ်မှတ်ထားသော မြို့နယ်များမှ ဧရာဝတီတိုင်းသို့ အကြောင်းအမျိုးမျိုးကြောင့် လာရောက်သူများ အနေဖြင့် အထောက်အထား ပြည့်စုံစွာ ပြသနိုင်ခြင်း မရှိပါက ဧရာဝတီတိုင်းရှိ လူထုအခြေပြု စောင့် ကြည့်စင်တာ (Facilities quarantine center) များတွင် ၁၄ ရက် အသွားအလာ ကန့်သတ်မှု ခံယူရမည် ဖြစ်ပြီး COVID 19 ရောဂါ ၂ ကြိမ် ဆေးစစ်ခံရမည် ဖြစ်ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင် လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက “Stay at Home လုပ်ထားတဲ့မြို့နယ်တွေက ဧရာဝတီတိုင်းကို လာမယ်ဆိုရင် ကွာရန်တင်း၂၁ ရက် ဝင်ရပါမယ်။ ပထမ ၁၄ ရက် မှာ ကိုဗစ်ရောဂါ ရှိမရှိ၂ ကြိမ် စမ်းသပ်မယ်။ မတွေ့ဘူးဆိုရင် သူဟာ အိမ်မှာ ၇ ရက် Stay Home ဆက်နေရပါမယ်” ဟု ပြောသည်။
လက်ရှိတွင် ရခိုင်ပြည်နယ်မှ ပြန်လာသည့် ကြံခင်းဒေသခံ ၁၃ ဦးကို ကြံခင်းမြို့ပေါ်ရှိ စောင့်ကြည့်စင်တာတွင် ကွာရန်တင်း ဝင်ခိုင်းထားကြောင်း သိရသည်။
ဧရာဝတီတိုင်းအတွင်း COVID -19 ကာကွယ်ရေးအတွက် မြို့အဝင် စစ်ဆေးရေး ဂိတ်များကို ဧပြီလ၂၁ ရက်မှ စတင်၍ ကျန်းမာရေး စစ်ဆေးရေးဂိတ် အနေဖြင့် ဖွင့်လှစ်ခဲ့သော်လည်း ပြည်တွင်း၌ COVID– 19 ဖြစ်ပွားမှု လျော့ကျလာသည့် အတွက် ဇူလိုင်လကုန်တွင် ပိတ်သိမ်းခဲ့သည်။
သို့သော် သြဂုတ်လ ၁၆ ရက်ကစ၍ ရခိုင်ပြည်နယ် စစ်တွေမြို့တွင် COVID – 19 ရောဂါ တကျော့ပြန် ဖြစ်ပွားခဲ့သည့် အတွက် ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်း နယ်စပ်ရှိ စစ်ဆေးရေးဂိတ်များတွင် ကျန်းမာရေး စစ်ဆေးမှုများ တင်းတင်း ကြပ်ကြပ် ပြန်လည် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
လက်ရှိတွင် ဧရာဝတီတိုင်းဒေသကြီး၌ COVID – 19 ထိန်းချုပ်ရေးအတွက် ခရီးသွားမည်ဆိုပါက သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများထံမှ ခရီးသွားထောက်ခံစာ ရယူရန် လိုအပ်ပြီး အခြားသော ပြည်နယ်နှင့်တိုင်းများမှ ဧရာဝတီတိုင်းသို့ လာရောက်သူများ အနေဖြင့်လည်း ခရီးသွား ထောက်ခံစာ ပြသရန် လိုအပ်နေဆဲ ဖြစ်သည်။
ထို့ပြင် ည ၁၂ နာရီမှ နံနက် ၄ နာရီအတွင်း အပြင်မထွက်ရသည့် ညမထွက်ရ အမိန့်ကိုလည်း ဆက်လက် ထုတ်ပြန် ထားဆဲ ဖြစ်ကြောင်း သိရသည်။
ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ရခိုင်ပြည်နယ်အတွင်း သြဂုတ်လ ၁၆ ရက်မှ ၂၄ ရက်အထိ ကိုရိုနာဗိုင်းရပ်စ် ပိုးတွေ့ရှိသူ ၇၂ ဦးထိ ရှိလာပြီး ယင်းအထဲတွင် စစ်တွေမြို့မှ ၆၇ ဦး၊ မြောက်ဦးမြို့မှ ၃ ဦး၊ သံတွဲမြို့မှ၂ ဦး တို့ ပါဝင်နေကြောင်း သိရသည်။
You may also like these stories:
ရခိုင်ပြည်နယ် ကိုဗစ်ကူးစက်မှု ကာကွယ်ရန် ဒေါ်အောင်ဆန်းစုကြည် ထွက်ပြော
စစ်တွေ ကိုဗစ်ပိုး ကူးစက်ခံရသူများတွင် ကျန်းမာရေးဝန်ထမ်း ၈ ဦး ပါဝင်
RI ဝန်ထမ်း ၃ ဦး သွားထားသည့် စစ်ရှောင်စခန်းများမှ ထိတွေ့ထားသူများ စစ်ဆေးမည်
မန္တလေးမှ စစ်တွေသို့ ပြေးဆွဲနေသည့် ခရီးသည်တင်ယာဉ်လိုင်းများ ယာယီရပ်နား