မြန်မာနိုင်ငံအနှံ့ နှစ်စဉ် တိုး၍ ဖြစ်ပွားလာနေသော ရေကြီးရေလျှံမှုများ လျော့ပါးသွားစေရန် ရေတိုရေရှည် စီမံချက်များဖြင့် ဆောင်ရွက်ပေးပါရန် ပြည်ထောင်စု အစိုးရကို တိုက်တွန်းကြောင်း အဆို ယနေ့ ပြည်သူ့လွှတ်တော်၌ တင်သွင်းခဲ့သည်။
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ၁၇ ကြိမ်မြောက် ပုံမှန် အစည်းအဝေး ၁၁ ရက်မြောက်နေ့တွင် ယင်းအဆိုကို ပုလော မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအုန်းခင်က တင်သွင်းခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံအနှံ့ နှစ်စဉ် တိုး၍ ဖြစ်ပွားလာနေသော ရေကြီးရေလျှံမှုများ လျော့ပါးသွားစေရန် ရေတိုရေရှည် စီမံချက်များဖြင့် သက်ဆိုင် ပတ်သက်သော ဌာနများ ပူးပေါင်းဆောင်ရွက်၍ မြစ်ချောင်းများ ပြုပြင်ထိန်းသိမ်း ကာကွယ်မှုများကို စွမ်းအားရှိ သမျှ ဆောင်ရွက်ပေးပါရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း ၎င်းက တင်သွင်းခဲ့ခြင်း ဖြစ်သည်။
ဦးအုန်းခင်က “ဘက်ပေါင်းစုံ ရှုထောင့်ပေါင်းစုံ ဝိုင်းဝန်း ပြုပြင်ထိန်းသိမ်း ကာကွယ်ခြင်းများကို စွမ်းအားရှိသမျှ မခိုမကပ်ဘဲ စေတနာသန့်သန့်ဖြင့် ဆောင်ရွက်ပေးမှသာလျှင် မိုးရာသီ ရောက်တိုင်း စိတ်ပူပင်မှုမရှိ နေနိုင်ထိုင်နိုင်အောင် ဆောင်ရွက် ပေးကြပါရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းလိုက်ရပါတယ်” ဟု ထည့်သွင်း ပြောဆိုသွားသည်။
ဆက်လက်ပြီး ၎င်းက “ကျနော်တို့ နိုင်ငံက ဆင်းရဲတဲ့နိုင်ငံ မဖွံ့ဖြိုးသေးတဲ့ နိုင်ငံ ဖြစ်ပါတယ်။ ဆင်းရဲတဲ့ထဲမှာမှ အခြား အပို ဒုက္ခတွေကို နပမ်းလုံး နေရတာကိုလည်း တွေ့ရပါတယ်။ အဲဒီ ကိစ္စတွေကို လျော့နည်းသွားစေချင်လို့ ဒီအဆိုကို တင်သွင်းရ ခြင်း ဖြစ်ပါတယ်” ဟု ဆိုသည်။
ယင်းအဆိုကို လက်ခံ ဆွေးနွေးရန် သင့်၊ မသင့် အဆုံးအဖြတ် ရယူရာတွင် ကန့်ကွက်သည့်သူ မရှိသည့်အတွက် အဆိုကို လက်ခံ ဆွေးနွေးရန် လွှတ်တော် ဥက္ကဋ္ဌက ကြေညာခဲ့သည်။
ထိုအဆိုကို ထောက်ခံ ဆွေးနွေးခဲ့သူ သိန္နီမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် စိုင်းဦးခမ်းက လူသားကြောင့် ရေ ကြီးရေလျှံ ဖြစ်ရသည့် အကြောင်းရင်းများတွင် ရေလမ်းကြောင်းများကို ပိတ်ဆို့သွားစေသည့် လုပ်ရပ်များကြောင့် ဖြစ် ကြောင်း ပြောသည်။
“တာတမံ မြစ်ကူး တံတားတွေ တည်ဆောက်တဲ့နေရာမှာ နည်းပညာပိုင်း အားနည်းခြင်း၊ စိုက်ပျိုးရေးကို စနစ်တကျ ဆောင်ရွက်ထားနိုင်မှု အားနည်းခြင်း၊ မြို့ပြ အခြေခံ တည်ဆောက်မှု Town Plan မရှိခြင်း၊ သစ်တောပြုန်းတီးအောင် ပြု လုပ်ခြင်း၊ စနစ်ကျတဲ့ အမှိုက်စွန့်ပစ်မှု အားနည်းခြင်း၊ ရေပြွန် တပ်ဆင်အသုံးပြုမှု အားနည်းခြင်း၊ သယံဇာတ တွင်းထွက် များ ထုတ်လုပ်ရာမှာ စည်းမဲ့ကမ်းမဲ့ ထုတ်ယူနေခြင်းကြောင့် ရေကြီးရေလျှံ ဖြစ်ပေါ်လာရခြင်း ဖြစ်ပါတယ်။ တိကျတဲ့ မူဝါဒ တွေ ဥပဒေတွေ နည်းဥပဒေတွေနဲ့ ဆောင်ရွက်သင့်ပါတယ်” ဟု ၎င်းက ထောက်ခံ ဆွေးနွေးခဲ့သည်။
လတ်တလောတွင်ပင် တောင်တရုတ် ပင်လယ်ပြင်တွင် ဖြစ်ခဲ့သည့် မုန်တိုင်း အကြွင်းအကျန် တိမ်တိုက်များကြောင့် မြန်မာ နိုင်ငံတွင် မိုးများနေသဖြင့် ဧရာဝတီမြစ်နှင့် သံလွင်မြစ်ရေများ ထပ်မံ တက်လာပြီး မြို့ ၆ မြို့သတိထားရန် လိုအပ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက သတိပေးထားသည်။
သံလွင်မြစ် ရေသည် ဘားအံမြို့၊ ဧရာဝတီမြစ်ရေသည် ပခုက္ကူ၊ ချောက်၊ ဆိပ်သာ၊ ဟင်္သာတနှင့် ဇလွန်မြို့တို့တွင် စိုးရိမ်ရေ အမှတ်သို့ တိုးလာမည် ဖြစ်ကြောင်း သတိပေးထားသည်။
ယခုနှစ်တွင် ဇူလိုင်လ ၁၁ ရက်က စပြီး ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး နှင့် နေပြည်တော်တို့တွင် အိမ်ထောင်စုပေါင်း ၂၁,၀၀၀ ကျော်၊ ရေဘေးသင့် လူဦးရေ ၈၇,၀၀၀ ကျော်ရှိခဲ့ပြီး ရေးဘေးသင့် ပြည်သူများကို ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနက ထောက်ပံ့ငွေ ကျပ်သိန်းပေါင်း၂,၈၁၇ ကျော် အထိရှိခဲ့ ကြောင်း ယင်းဌာနက သိရသည်။
သြဂုတ်လ ၂၄ ရက်တွင် ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ မန္တလေး တိုင်းဒေသကြီး၊ ရှမ်း ပြည်နယ်၊ ကယားပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်တို့တွင် ကယ်ဆယ်ရေး စခန်း ၁၄၂ ခု အိမ် ထောင်စုပေါင်း ၄,၇၀၀ ကျော်၊ ရေဘေးသင့် လူဦးရေ ၁၉,၀၀၀ ကျော် ကျန်ရှိတော့ကြောင်း သိရသည်။
တောင်ဖြိုပြီး သယံဇာတ ထုတ်ယူခြင်း တားဆီး ကာကွယ်ခြင်း၊ တံတားဆောက်လျှင် ရေစီးရေလာ ထိန်းသိမ်းရန် ဆောင် ရွက်ခြင်း စသည်တို့ကို စနစ်တကျ ဆောင်ရွက်ရန် လိုကြောင်းလည်း ဦးအုန်းခင်က ပြောသည်။
၎င်းက “မြစ်ချောင်းတွေ ဖြစ်ချင်နေတာ ဖြစ်တာကို ကြည့်ခြင်းအားဖြင့် သစ်အလွန်အကျွံ ခုတ်ယူခြင်းတွေ သတ္တု ထုတ်ယူဖို့ အတွက် မြေသား၊ မြေစာ၊ တောင်တွေကို အလွန်အကျွံ ဖြိုချနေတာတွေ ဥပမာ- ဖားကန့် ဥရုချောင်းကနေ၊ ဝှေခါ ကိစ္စတွေ ကို ကျနော်တို့ သတိပြုဖို့ လိုပါတယ်” ဟု ဆိုသည်။
ယခုလတွင်ပင် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင်း ဥရုချောင်း ရေလျှံသဖြင့် ဖားကန့်မြို့ပေါ်ရှိ ရပ်ကွက် အချို့တွင် ရေ ကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့သည်။
ထို့ပြင် ကချင်ပြည်နယ် ဖားကန့်မြို့နယ်ရှိ ဝှေခါမှော် ကျောက်မျက်တူးဖော်ရေး လုပ်ကွက်တွင် ဇူလိုင်လ၂ ရက်က မြေပြိုမှု ဖြစ်စဉ်ကြောင့် တနိုင်တပိုင် ရေမဆေးကျောက် ရှာဖွေသူပေါင်း ၂၀၀ ကျော် ပျောက်ဆုံးခဲ့ပြီး ရှာဖွေကယ်ဆယ်ရေး လုပ် ငန်းစဉ်များ အပြီးတွင် ရုပ်အလောင်းပေါင်း ၁၇၀ ကျော် ပြန်လည်တွေ့ရှိခဲ့ကာ၊ ဇူလိုင်လ ၁၀ ရက်တွင် အဆိုပါနေရာ၌ပင် ဒုတိယအကြိမ် မြေပြိုမှု ထပ်မံ ဖြစ်ပေါ်ခဲ့သော်လည်း လူသေဆုံးမှု မရှိခဲ့ပေ။
You may also like these stories:
ဧရာဝတီနှင့် သံလွင်မြစ်ရေတက်မည်၊ မြို့ ၆ မြို့ကို သတိပေး
ယခင်ထက် ရေခဲအရည်ပျော်မှု ပိုမြန်လာတဲ့ Greenland ကျွန်း
တရုတ် Three Gorges Dam ဆည်ရေ အမြင့်ဆုံးအမှတ်နား နီးလာနေ