နိုင်ငံတော် သမ္မတ၏ အထူးရန်ပုံငွေဖြင့် ထူထောင်ထားသည့် အစိုးရ၏ လူမှုကွန်ရက် စောင့်ကြည့် ထိန်းကျောင်းရေး အဖွဲ့ (SMMT)၏ လုပ်ငန်းစဉ်များကို လွှတ်တော်သို့ လာရောက်ရှင်းလင်းရန် အတိုက်အခံ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေး ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ဦးသောင်းအေးက တောင်းဆိုလိုက်သည်။
ယနေ့ ပြည်သူ့လွှတ်တော်တွင် ယင်းအဖွဲ့က မည်သည့် ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း မူဝါဒများဖြင့် မည်သို့ အရေးယူဆောင်ရွက်နေသည်ကို ပွင်လင်းစွာ ရှင်းလင်းတင်ပြပြီး တရားမဲ့မှုများ မဖြစ်အောင် အချိန်မီ ထိန်းကျောင်း ဆောင် ရွက်နိုင်ရန် အစိုးရကို တိုက်တွန်းကြောင်း အဆိုတခုကို ကြံ့ခိုင်ရေးပါတီက တင်သွင်းခဲ့သည်။
“မကြာမီ ပြီးဆုံးတော့မယ့် လွှတ်တော် သက်တမ်းမှာ ရှင်းလင်းတင်ပြရန် အချိန်အနည်းငယ်သာ ကျန်တော့တဲ့အတွက် ရှင်း လင်းပေးရန် အချိန်တန်ပြီလို့ ယူဆလို့ ဒီအဆိုကို တင်သွင်းရခြင်း ဖြစ်ပါတယ်”ဟု ပျော်ဘွယ်မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးသောင်းအေးက လွှတ်တော်တွင် ပြောသည်။
ယင်း SMMT အဖွဲ့ သည် လူမှုကွန်ရက်တွင် အမုန်းစကားများ၊ မဟုတ်မမှန် ဝါဒဖြန့်သူများ၊ မကောင်းမှု ဒုစရိုက်ကို အတုမြင် အတတ်သင်အောင် ရေးသားနေသူများကို အရေးမယူဘဲ အတိုက်အခံများ၏ အကောင့်များ၊ Page များကို လိုက်ပိတ်နေသည်ဟုလည်း ဆိုသည်။
“လက်ရှိ အစိုးရနဲ့ အာဏာရပါတီရဲ့ လုပ်ဆောင်ချက်မှာ မှားယွင်းမှုတွေကို ပြောဆိုထောက်ပြတဲ့ ဝေဖန်သူတွေကို ကျတော့ Community Standard နဲ့ မညီလို့ ဖြုတ်ချနေတဲ့အတွက် Facebook သည် အစိုးရကို ဘက်လိုက်ပြီး နိုင်ငံရေးအရ အသုံး ချခံနေရတာလားလို့ မေးခွန်းထုတ်နေကြပါတယ်”
ဟု ဦးသောင်းအေးက ပြောသည်။
Facebook အပါအဝင် လူမှုကွန်ရက် စာမျက်နှာများတွင် သတင်းအမှားများ တင်ပြခြင်း၊ အမုန်းစကားများ၊ ဘာသာရေး လူ မျိုးရေး လှုံ့ဆော်မှုများကို အဖွဲ့တခု ဖွဲ့စည်း၍ ဥပဒေနှင့်အညီ စောင့်ကြည့် ထိန်းကျောင်းရန် စသည့် ရည်ရွယ်ချက်များဖြင့် SMMT အဖွဲ့ကို အစိုးရက စတင် ထူထောင်ခဲ့ခြင်း ဖြစ်သည်။
ယင်းအဖွဲ့ ပေါ်ပေါက်လာရခြင်းမှာ ၂၀၁၇ ခုနှစ်တွင် NLD ပါတီမှ ဂန့်ဂေါမြို့နယ် ပြည်သူ့ကိုယ်စားလှယ် ဒေါ်ယဉ်မင်းလှိုင်၏ လူငယ်လူရွယ်များ အကျင့်စာရိတ္တ ပျက်ပြားခြင်း၊ ရပ်ရွာ တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေခြင်းတို့ကြောင့် IT နည်းပညာ အလွဲသုံးစွဲမှုကို လိုအပ်သလို စောင့်ကြည့် ထိန်းကျောင်းနိုင်ရန်(Monitoring) ပြုလုပ်နိုင်ရန် အစိုးရအား တိုက်တွန်းခဲ့သည့် အဆိုကြောင့် ဖြစ်သည်။
“လိုအပ်လို့ ဒီအဆိုတင်ခဲ့တယ်။ လွှတ်တော်ကလည်း အတည်ပြုတယ်။ အစိုးရကလည်း သူ့အလုပ်သူ လုပ်နေတယ်။ လွှတ်တော်ကိုယ်စားလှယ်ဆိုတာက အပြန်အလှန် ထိန်းကျောင်းတဲ့ တာဝန်ပဲ ရှိတယ်။ စွက်ဖက်လို့ မရဘူး”ဟု ယနေ့ လွှတ်တော်အပြီးတွင် အထက်ပါ အဆိုရှင် ဒေါ်ယဉ်မင်းလှိုင်က ပြောသည်။
SMMT ကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလတွင် သမ္မတရုံး အမိန့်ဖြင့် ဖွဲ့ စည်းခဲ့ခြင်း ဖြစ်ပြီး ယင်းအဖွဲ့ ၏ အသုံးစရိတ်ကို နိုင်ငံ တော်သမ္မတ၏ အရေးပေါ် ရန်ပုံငွေမှ ကျပ် ၆,၄၂၆ သန်း အသုံးပြုထားသည်။
ယင်းအဖွဲ့ကို သမ္မတရုံး၊ ရှေ့နေချုပ်ရုံးနှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနတို့က ပူးပေါင်း စီမံခန့်ခွဲနေသည်ဟု သိရသည်။
အာဏာရ NLD ပါတီ၏ ဗဟိုပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး မုံရွာအောင်ရှင်က လွှတ်တော်ထဲတွင် ယခုလို စွပ်စွဲခြင်းမျိုး ကို လုံးဝ လက်မခံဘဲ NLD ပါတီသည် အမျိုးသား ရင်ကြားစေ့ရေးကို တနိုင်ငံလုံး အတိုင်းအတာနှင့် လုပ်နေခြင်း ဖြစ်ကြောင်း ပြောသည်။
“သူ(ဦးသောင်းအေး) စွပ်စွဲသလို အတိုက်အခံတွေရဲ့ Facebook တွေကို အသုံးမပြုနိုင်အောင် လုပ်တယ် ဆိုတာမျိုး ကျနော်တို့ တခါမှ မလုပ်ခဲ့ဖူးပါဘူး။ ကျနော်တို့ကိုသာ သတင်းတု၊ သတင်းမှားတွေနဲ့ လုပ်ကြံနေတာ။ ကျနော်တို့ကသာ လုပ်ကြံခံနေရတာ။ ဘယ်တုန်းကမှ သူများကို လုပ်ကြံတာ မရှိဘူး”
ဟု မုံရွာအောင်ရှင်က ပြောသည်။
မြန်မာ့ မဟာဗျူဟာနှင့် မူဝါဒ လေ့လာရေး အင်စတီကျူ၏ ဒါရိုက်တာ ဦးအောင်သူငြိမ်းက ယင်းအဖွဲ့၏ ဆောင်ရွက်ချက် များသည် နိုင်ငံရေး ရည်ရွယ်ချက်ပါသည့် သဘောမျိုး မြင်ရသဖြင့် သတင်းတု၊ သတင်းမှား တိုက်ဖျက်ရေး အပါအဝင် တခြား ကိစ္စရပ်များတွင် ပို၍ အားစိုက်သင့်ကြောင်း အကြံပြုသည်။
“အခုက အဲဒါထက်စာရင် အစိုးရကို အတိုက်အခံ လုပ်တဲ့လူတွေကို စောင့်ကြည့်သလားလို့ ထင်တယ်။ ပြည်သူ တယောက်ရဲ့ လွတ်လပ်ခွင့်၊ လွတ်လပ်စွာ ပြောဆိုခွင့်တွေကို စောင့်ကြည့်မယ်ဆိုရင်တော့ ဥပဒေအရပဲ ဖြစ်သင့်တယ်”ဟု ဦးအောင်သူငြိမ်းက ပြောသည်။
လူမှုကွန်ရက်တွင် အမုန်းစကား၊ အမုန်းတရား ဖြန့်ဝေသည့် အကောင့်များ အပိတ်မခံရသည်မှာ အံသြစရာ ကောင်းပြီး လူနည်းစုဘာသာဝင်များကို တိုက်ခိုက်သည့် အကောင့်အတုများကို အစိုးရက ပိတ်ပင်သင့်ကြောင်း ရန်ကုန်မြို့ မှ စာရေး ဆရာမ သွေး(စစ်ကိုင်း)က ပြောသည်။
“စောင့်ကြည့်တဲ့အဖွဲ့ ကတော့ တကယ့်ကို အမုန်းစကားတွေ အမုန်းတရားတွေကို တိုက်ဖျက်ဖို့ အတွက် ထားတယ် ဆို ရင်တော့ ရှိသင့်တယ်။ အဲလို မဟုတ်ဘဲနဲ့ ခုတ်ရာတခြား၊ ရှရာတခြား ပိုက်ဆံကုန်ရုံ သက်သက်ဆိုရင်တော့ မရှိသင့်ဘူး”ဟု ၎င်းက သုံးသပ်သည်။
ကြံ့ခိုင်ရေးပါတီမှ ဦးသောင်းအေး တင်ပြခဲ့သည့် ယခုအဆိုကို ပြည်သူ့လွှတ်တော်က လက်ခံဆွေးနွေးရန် ကန့်ကွက်သူ မရှိ ဘဲ သဘောတူသဖြင့် မကြာမီကာလတွင် ယင်းအဆိုကို စတင် ဆွေးနွေးဖွယ် ရှိသည်။
မြန်မာနိုင်ငံတွင် လက်ရှိ တည်ဆဲ ဆက်သွယ်ရေး ဥပဒေ၊ နိုင်ငံသားများ၏ လွတ်လပ်မှုနှင့် လုံခြုံမှုဆိုင်ရာ ဥပဒေနှင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ အခွင့်အရေးများရှိ၍ ယခုလို အစိုးရက ဦးဆောင်သည့် လူမှုကွန်ရက် စောင့်ကြည့်ရေး အဖွဲ့ အပေါ်တွင်လည်း ဝေဖန်မှုများ ရှိခဲ့သည်။
မြန်မာနိုင်ငံတွင် အင်တာနက်၊ Facebook သုံးစွဲသူမှာ ၂၀၁၇ ခုနှစ်က ၁၂ သန်းကျော်ရှိပြီး အသက် ၁၃ နှစ်နှင့် ၂၅ နှစ် ကြား လူငယ်၊ လူရွယ် ၅ သန်းကျော် ရှိကြောင်း စစ်တမ်းများက ဖော်ပြပြီး ယခု ၂၀၂၀ ခုနှစ်တွင် အင်တာနက် သုံးစွဲသူ သန်း ၃၀ ကျော်ရှိလာပြီဟု သိရသည်။
အင်တာနက် သုံးစွဲသူအများစုသည် Facebook ၊ မက်ဆင်ဂျာ၊ ဗိုက်ဗာ၊ တွစ်တာ စသည့် ဆိုရှယ်မီဒီယာများကို အသုံးပြု လျက်ရှိသည်။
You may also like these stories:
ထိုင်းကျောင်းသားဆန္ဒပြပွဲတွေက လမ်းမပေါ်ရော အွန်လိုင်းမှာပါ ကြီးထွားနေ
ရွေးကောက်ပွဲများတွင် NLD ကိုယ်စားလှယ်များ အနိုင်ရခြင်းမှာ ပါတီပုံရိပ်ကြောင့်ဟု ဆို
ပြည်ထောင်စု သဘောတူစာချုပ်အတွက် အချက် ၂၀ သဘောတူ