ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုနှင့် ရင်ဆိုင်နေရသည့် ရခိုင်ပြည်နယ်ကို ချန်လှပ်ပြီး တပ်မတော်က အပစ်ရပ်သက်တမ်းကို စက်တင်ဘာလကုန်အထိ ထပ်တိုးပေးလိုက်သည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ယမန်နေ့က ထုတ်ပြန်သော အပစ်ရပ်ကြေငြာချက်တွင် နိုင်ငံတော်မှ အကြမ်းဖက် အဖွဲ့ဟု သတ်မှတ်ထားသည့် အဖွဲ့များ လှုပ်ရှားသည့် နယ်မြေများ မပါဝင်ကြောင်း ထည့်သွင်း ဖော်ပြထားသဖြင့် ရက္ခိုင် စစ်တပ် (AA) အခြေစိုက် လှုပ်ရှားနေသည့် ရခိုင်ပြည်နယ် နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့မှာ အပစ်ရပ်ဒေသထဲတွင် အကျုံးဝင်ခြင်း မရှိပေ။
တပ်မတော်က ယခင်ထုတ်ပြန်ထားသည့် အပစ်ရပ်သက်တမ်းမှာ သြဂုတ် ၃၁ ရက်တွင် ကုန်ဆုံးမည် ဖြစ်သဖြင့် လာမည့် စက်တင်ဘာကုန် အထိ ထပ်တိုးပေးကြောင်းကို ယမန်နေ့ညက ကြေငြာလိုက်ခြင်းလည်း ဖြစ်သည်။
တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချုပ်ဇော်မင်းထွန်းက “ကုလသမဂ္ဂက အပစ်အခတ် ရပ်စဲရေး လိုက်နာဖို့ ဆိုတဲ့ နေရာမှာလည်း နိုင်ငံတကာ စံချိန်စံညွှန်းတွေ အရ အကြမ်းဖက်သမားလို့ ပြောတဲ့သူတွေ ချန်ခဲ့တာပဲ၊ အမေရိကန် တောင်မှပဲ ရပ်စဲတယ် ဆိုပေမယ့် တာလီဘန်တို့ အိုင်အက်စ်တို့နဲ့ ရပ်စဲတာမဟုတ်ဘူး၊ ဒီလိုပဲနိုင်ငံတော်က အကြမ်းဖက် လုပ်ရပ်များ ကျူးလွန်တယ်လို့ သတ်မှတ်တဲ့သူကတော့ ပါမှာမဟုတ်ပါဘူး”ဟု ဧရာဝတီသို့ ပြောသည်။
လတ်တလောတွင် ကိုဗစ်ဖြစ်ပွားနေရာ ရခိုင်ဒေသတွင် တပ်မတော်နှင့် AA အကြား တိုက်ပွဲများ ဖြစ်ပွားနေဆဲဟုလည်း ၎င်းက ဆိုသည်။
ဆက်လက်ပြီး ဗိုလ်ချုပ် ဇော်မင်းထွန်းက
“မထူးဘူး မငြိမ်ဘူး။ မနေ့က ဘူးသီးတောင်ဘက်မှာ လုံခြုံရေးလုပ်နေတဲ့ စစ်ကြောင်းတွေကို တိုက်ခိုက်တာ ရှိတယ်။ တခြားနေရာတွေမှာတော့ ဒီဟာ ( အပစ်ရပ်) ထပ်ထုတ်ပြန်ခြင်းဖြင့် တိုးတက်မှု ရှိလာမယ်လို့ ကျနော်ပြောချင်တယ်။ TNLA ဘက်ပါ အပါ တချို့နေရာတွေမှာ တိုးတက်မှုတွေ ရှိပါတယ်”
ဟု ရှင်းပြသည်။
ပြီးခဲ့သည့် သြဂုတ် ၂၃ရက်နေ့က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးနှင့် ဆေးဝန်ထမ်းများ တွေ့ဆုံရာတွင် ဗိုလ်ချုပ် ဇော်မင်းထွန်းက AA အနေဖြင့် လမ်းပန်းဆက်သွယ်ရေး၊ မြို့ရွာလုံခြုံရေးနှင့် ပြည်သူလူထုအား ထိခိုက်မည့်ကိစ္စများ မလုပ်ဆောင်ပါက တပ်မတော် အနေဖြင့် စစ်ဆင်ရေးနှင့် လုံခြုံရေးကိစ္စများ ဆောင်ရွက်မည် မဟုတ်ကြောင်း၊ သို့သော် ထိုလုပ်ရပ်များ လုပ်ဆောင်လာပါက လက်ပိုက်ကြည့်နေမည် မဟုတ်ဟု မီဒီယာများ ကို ပြောကြားခဲ့သည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက်နှင့် ပတ်သက်၍ AA၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဦးခိုင်သုခ က “ မြန်မာစစ်တပ်က ငြိမ်းချမ်းရေးကို လူကြားကောင်းအောင် ဟန်ပြပဲ ပြောနေတာ။ တကယ့်လက်တွေ့ အခြေအနေမှာ အင်အားသုံး အနိုင်ယူဖို့ သူတို့ ကျားကုတ်ကျားခဲ ကြိုးစားနေတယ်။ ဒါက ငြိမ်းချမ်းရေးကို ဦးတည်တဲ့ လမ်းမဟုတ်ဘူး။ ခြုံပြီးပြောရရင် မြန်မာစစ်တပ်က စစ်မျက်နှာ အားလုံးကို တပြိုင်တည်း တိုက်ဖို့ မလုံလောက်လို့ တခြားတဖက်ကို ရပ်ထား ပြီး ရခိုင်ဒေသကို အင်အားသုံးတိုက်ဖို့ လုပ်နေတာလို့ပဲ မြင်ပါတယ်”ဟု ပြောသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက်တွင် အပစ်ရပ်ကာလကို တလ ထပ်တိုးရခြင်းမှာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို နိုင်ငံ့အရေး၊ အမျိုးသားရေး တာဝန်အဖြစ် အင်တိုက်အားတိုက် ဆက်လက်လုပ်ရန် နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ စတုတ္ထအကြိမ် အစည်းအဝေးတွင် သဘောတူခဲ့သည့် ပြည်ထောင်စု သဘောတူစာချုပ် အပိုင်း (၃) ကို ဖော်ဆောင်ရန် ရည်ရွယ်ချက်ကြောင့် ဖြစ်သည်ဟု ဖော်ပြထားသည်။
ထိုသို့ အစိုးရ နှင့် AA တို့အကြား ငြင်းခုန်မှုများရှိသည့် တဖက်တွင် ရခိုင်ဒေသခံများမှာ ကိုဗစ်-၁၉ ရောဂါကြောင့် စိုးရိမ်မှု မြင့်တက်နေဆဲ ဖြစ်သည်။
စစ်ရေး မတည်မငြိမ် ဖြစ်နေသည့် ရခိုင်တွင် လုံခြုံရေးနှင့် အမုန်းစကားများ မပြန့်စေရန်ဟု အကြောင်းပြကာ အစိုးရ က အင်တာနက်လိုင်းများကို တနှစ်ကျော် ပိတ်ချထားပြီး သြဂုတ် ပထမပတ်တွင် ပြန်ဖွင့်ပေးသော်လည်း 2G လိုင်းသာ ရသဖြင့် ကိုဗစ်- ၁၉ ရောဂါနှင့် ပတ်သက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်သည့် သတင်းအချက် အလက်များ၊ သတင်းဌာနများမှ ရေးသားဖော်ပြနေသည့် သတင်းများကို ဖတ်ရှုရန် ခက်ခဲနေကြသည်။
ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် စစ်ရေးအခြေအနေမှာလည်း တည်ငြိမ်မှု မရှိဘဲ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံနေရသည့် ကာလ သြဂုတ် ၂၃ ရက်တွင် ရသေ့တောင်မြို့နယ်၊ ကျောက်ရံသာစည် ကျေးရွာတွင် လက်နက်ကြီးကျည် ကျသဖြင့် အရပ်သား ၅ဦး ထိခိုက်ဒဏ်ရာ ရထားသည်။
ရသေ့တောင်၊ ကျောက်တော်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့တွင် တပ်မတော်ဘက်မှ လက်နက်ကြီး ပစ်ခတ်မှုများ ရှိပြီး စစ်ရေးအခြေအနေ တည်ငြိမ်ခြင်း မရှိပါဟုလည်း ဦးခိုင်သုခက ဆိုသည်။
ဦးခိုင်သုခက
“ကျနော်တို့ဘက်ကတော့ ညီနောင်မဟာမိတ်တွေနဲ့ ကြေညာထားတဲ့အတိုင်း ထိုးစစ်လုပ်တာ မရှိဘူး။ မြန်မာ စစ်တပ်ကို ကျနော်တို့က သွားပြီး ထိုးစစ်ဆင်တာ မရှိဘူး။ အခု တိုက်ပွဲတွေ ဆက်ဖြစ်နေတာက မြန်မာစစ်တပ်က ထိုးစစ် လာဆင်နေလို့ ဖြစ်နေတာ။
ကျနော်တို့က မလွဲမရှောင်သာ ခုခံနေရတဲ့ အခြေအနေပါ။ မြန်မာစစ်တပ်က ထိုးစစ်တွေ ကို ရပ်ရင် မြေပြင်မှာ ဖြစ်နေတာတွေက ရပ်တန့်သွားမယ့် အနေအထား ရှိပါတယ်”ဟုလည်း ပြောဆိုသည်။
နိုင်ငံတော်သမ္မရုံး၏ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ရခိုင်ပြည်နယ်တွင်း လူထုက ကိုဗစ်-၁၉ နှင့် ရင်ဆိုင်နေရချိန်တွင် AAက ချောင်းမြောင်းတိုက်ခိုက်ခြင်းနှင့် လူထုကို ဖမ်းဆီးခြင်း၊ လူမဆန်သည့် လုပ်ရပ်များ မလုပ်ရန် သြဂုတ် ၂၁ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုထားသည်။
တိုင်းရင်းသားအရေး လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက ရခိုင်ပြည်နယ်တွင်း ကိုဗစ်-၁၉ ရောဂါဘေး တဖက် စစ်ဘေး တဖက် ရင်ဆိုင်နေရသည့် ရခိုင်လူထုကို စိတ်သက်သာအောင် မဆောင်ရွက်ပေးနိုင်ပါက ရခိုင်လူထုနှင့် အစိုးရ၊တပ်မတော် တို့၏ ဆက်ဆံရေးက ပိုဝေးလာနိုင်သည်ဟု ပြောသည်။
ရခိုင်လူထုအနေဖြင့် ကိုဗစ်-၁၉ ရောဂါပိုးကို ဘင်္ဂလားဒေ့ရှ်ဘက်မှ ဝင်ရောက်လာသူများ သယ်ဆောင်လာသည်ဟူသည့် သံသယရှိနေသဖြင့် စစ်တွေနှင့် ဘင်္ဂလားဒေ့ရှ် ကို တရားမဝင် ဝင်ထွက်သွားလာနိုင်သည့် နေရာများ ပိတ်ရန်၊ ကိုဗစ်-၁၉ ဖြစ်ပွားနေချိန်တွင် သတင်းအချက်အလက်များ ရယူဖတ်ရှုနိုင်ရန် မြန်နှုန်းမြင့်အင်တာနက်ကို ဖွင့်ပေးရန်နှင့် တိုက်ပွဲများ ရပ်တန့်ပေးရန် လိုအပ်သည်ဟု ၎င်းက သုံးသပ်သည်။
ဆက်လက်ပြီး ဦးမောင်မောင်စိုးက “ဒီအချက်တွေ အားလုံးပေါင်းလိုက်ရင် ရခိုင်လူထုနဲ့ အစိုးရ၊ တပ်မတော်ကြားမှာ ဟ လာတယ်။ တဖက်နဲ့တဖက် နားလည်မှု တည်ဆောက်နိုင်တာက ပိုတိုးမလာဘဲနဲ့ တဖက်နဲ့တဖက် ဝေးလာတာကို စိတ်မ ကောင်းစွာ တွေ့ရတယ်။ ဒါတွေကို ဖြေရှင်းဖို့ လိုအပ်တယ်။ ကျနော်တို့ ပြောပြောနေတဲ့ ပြည်ထောင်စုတို့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးတို့ နိုင်ငံသားတန်းတူ အခွင့်အရေးရှိမှုတို့က လက်တွေ့ အကောင်အထည် မဖော်ရင် ခက်ပါတယ်။ အရင်ဆုံး အင်တာနက် ဖွင့်ပေးဖို့ကတော့ လိုအပ်ပါတယ်” ဟုလည်း ဆိုသည်။
နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပြည်နယ်တွင်း ကိုဗစ်-၁၉ ကြောင့် ဖြစ်ပွားနေသည့် အခြေ အနေများနှင့် ပတ်သက်၍ သြဂုတ် ၂၄ ရက်က လူထုကို ရုပ်မြင်သံကြားနှင့် ရေဒီယိုမှ တဆင့် မိန့်ခွန်းပြောရာ ရခိုင်ပြည် နယ်၏ အရေးကိစ္စကို အမျိုးသားရေး တာဝန် အဖြစ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် လူမျိုး၊ ဘာသာမရွေး ခွဲခြား ဆက်ဆံခြင်း မပြုဘဲ တန်းတူညီမျှ ကျန်းမာရေး စောင့်ရှောက်မှုကို ပေးပါမည်ဟု ကတိပြု ပြောဆိုသွားသည်။
ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်က “ရခိုင်ပြည်နယ်ကိုလည်း ကျမတို့ ကာကွယ်မယ်။ ကျန်တဲ့ ကျမတို့နိုင်ငံ အတွင်းရှိ ဒေသတွေကိုလည်း ကာကွယ်မယ်။ ပူးပေါင်း ဆောင်ရွက်မှုက အဓိက ဖြစ်ပါတယ်။ ကျမတို့က ဒီလိုလုပ်တဲ့အခါမှာ ကိုး ကွယ်တဲ့ ဘာသာလည်း မရွေးဘူး။ လူမျိုးလည်း မရွေးဘူး။ နိုင်ငံအတွင်းမှာ မှီတင်းနေထိုင်သူအားလုံးအတွက် ညီညီမျှမျှ အကူအညီပေးပါမယ်”ဟုလည်း ပြောသည်။
မိန့်ခွန်းအပြီးသတ်တွင် ရခိုင်ပြည်နယ်အတွင်း၌ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရသူ မည်သူကို မဆို ချန်ခဲ့မည်မဟုတ်ဘဲ အားလုံးကို တူညီသည့် ကုသမှု ပေးမည်ဖြစ်ကြောင်းနှင့် ကျန်းမာရေးသတိပေးချက်များနှင့် လိုက်နာရမည့် အချက်များကို နိုင်ငံတော်ပိုင်သတင်းစာများတွင်လည်း ထပ်တလဲလဲ ထည့်ပေးပါမည်ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
လက်ရှိတွင် ရခိုင်ပြည်နယ်သည် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရမှု ဦးရေ အများဆုံးတိုးလာသည့် ပြည်နယ် ဖြစ်နေပြီး သြဂုတ် ၁၆ ရက်မှ ယနေ့ထိ ရောဂါပိုး ကူးစက်ခံထားရသူ ၇၂ ဦးရှိပြီ ဖြစ်သည်။
ရန်ကုန်၊ မန္တလေးနှင့် ရှမ်းပြည်နယ်တို့တွင် ကြုံတွေ့ခဲ့ရသည့် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရသူများကဲ့သို့ ပြည်ပမှ ပြန်လာ သူများထံမှ ပိုးတွေ့ရှိခြင်း မဟုတ်ပဲ ရခိုင်ပြည်နယ်တွင် ဒေသတွင်းကူးစက်မှုများ ဖြစ်နေပြီး ရောဂါပိုး စတင်ဝ င်ရောက်လာ သည့် ဇစ်မြစ်ကိုလည်း ရှာဖွေနေဆဲ အဆင့်တွင်ပင် ရှိသေးသည်။
ယခုလအတွင်း နေပြည်တော်တွင် ကျင်းပသည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ- ၂၁ ရာစုပင်လုံ စတုတ္ထအကြိမ် အစည်းအဝေးတွင် AA အား ချန်လှပ်၍ တခြားသော မြောက်ပိုင်း မဟာမိတ်အဖွဲ့ (FPNCC) အဖွဲ့ဝင်များကို ဖိတ်ကြားခဲ့ သော်လည်း ကိုဗစ်-၁၉ ရောဂါကြောင့် သွားလာရ ခက်ခဲသည်ဟု အကြောင်းပြကာ တခြားသော အဖွဲ့ဝင်များက ညီလာခံတက်ရန် ငြင်းပယ်ခဲ့သည်။
AAသည် အစိုးရနှင့် နိုင်ငံရေးဆွေးနွေးရာတွင် တဖွဲ့တည်း ဆွေးနွေးမည် မဟုတ်ပဲ တရုတ်-မြန်မာနယ်စပ် အခြေစိုက် အင်အားကြီးလက်နက်ကိုင်တပ်ဖွဲ့များ ဖြစ်သည့် ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)၊ ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တို့ ဦးဆောင်သည့် ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးရေး ကော်မတီ (FPNCC) က တဆင့် ဆွေးနွေးမည်ဟု ကြေငြာထားသည်။
AAအပေါ် ကန့်သတ်မှုများ ပြုလုပ်ထားသည့်နောက် အစိုးရနှင့် AAပါဝင်သည့် မြောက်ပိုင်းမဟာမိတ် အဖွဲ့များ၏ ငြိမ်းချမ်း ရေး ဆွေးနွေးမှုများမှာလည်း ရပ်တန့်နေသည်။
You may also like these stories:
ငြိမ်းချမ်းရေး ညီလာခံသို့ AA ကို ဖိတ်ကြားမည် မဟုတ်
စစ်တွေ ပိုးတွေ့လူနာနှင့် ထိတွေ့ခဲ့သူ ၁၅၀ ကျော်ကို ကန့်သတ်စောင့်ကြည့်နေ