မြန်မာတနိုင်ငံလုံးရှိ အသက် ၉ နှစ်မှ ၁၀ နှစ် အရွယ်ရှိ မိန်းကလေးများကို လာမည့် စက်တင်ဘာလအတွင်း သားအိမ် ခေါင်းကင်ဆာ ကာကွယ်ဆေးကို ပထမဦးဆုံးအကြိမ် အနေဖြင့် အခမဲ့ ထိုးနှံပေးမည် ဖြစ်ကြောင်း ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန၊ တိုးချဲ့ကာကွယ်ဆေးထိုး လုပ်ငန်းက သိရသည်။
ကာကွယ်ဆေး ထိုးနှံရန်အတွက် ဩဂုတ်လတွင် မြန်မာနိုင်ငံ တဝန်းလုံးရှိ အခြေခံ ကျန်းမာရေး ဝန်ထမ်းများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ လူမှုကူညီရေး အဖွဲ့ဝင်များ၊ စေတနာ့ ဝန်ထမ်း ကျန်းမာရေး လုပ်သားများနှင့် အခြားကူ ညီသူများ ပါဝင်သော အဖွဲ့က၂၀၁၀ စက်တင်ဘာလမှ ၂၀၁၁ ခုနှစ် ဩဂုတ်လအတွင်း မွေးဖွားသူ မိန်းကလေးများ စာရင်း ကို ကောက်ယူနေခြင်း ဖြစ်ကြောင်း သိရသည်။
အမျိုးသား ကျန်းမာရေး စီမံကိန်း (National Health Plan) တွင် ပါဝင်သည့် ကင်ဆာရောဂါ ထိန်းချုပ် လျော့ချရေးလုပ်ငန်း များအရ လုပ်ဆောင်ပေးခြင်း ဖြစ်ပြီး အသက် ၉ နှစ်မှ ၁၀ နှစ်ကြား အသက်အရွယ်ရှိ မိန်းကလေး ၄ သိန်းခွဲကျော်ကို ထိုးနှံပေးသွားရန် လျာထားကြောင်း တိုးချဲ့ကာကွယ်ဆေးထိုး စီမံချက် မန်နေဂျာ ဒု ညွှန်ကြားရေးမှူး ဒေါက်တာ ထားထား လင်းက ပြောသည်။
ကာကွယ်ဆေး ထိုးနှံရမည့်သူများကို နီးစပ်ရာ ကျန်းမာရေးဌာနများတွင် မွေးစာရင်းဖြင့် စာရင်းပေးသွင်းနိုင်ပြီး မွေးစာရင်း မရှိပါက ရပ်ကွက် ထောက်ခံစာဖြင့် စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။
သားအိမ်ခေါင်းကင်ဆာသည် မြန်မာနိုင်ငံရှိ အမျိုးသမီးများတွင် ဖြစ်ပွားမှု များပြားနေပြီး ရင်သားကင်ဆာဖြစ်ပွားမှုနှုန်းပြီးပါ က ဒုတိယ အဖြစ်အများဆုံး ကင်ဆာ ဖြစ်ကြောင်း သားဖွားမီးယပ် အထူးကု ဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာ စမ်းစမ်း မြင့်က ပြောသည်။
၎င်းက
“အမျိုးသမီး ကင်ဆာထဲမှာ ဒုတိယ အများဆုံး ဖြစ်ပွားနေတဲ့ ကင်ဆာ ဖြစ်ပါတယ်။ ကမ္ဘာအနှံ့မှာလည်း အမျိုးသမီးထုရဲ့ တချို့နိုင်ငံတွေမှာဆို ဒုတိယ အများဆုံး၊ တချို့နိုင်ငံတွေမှာဆို တတိယ အများဆုံး ဖြစ်နေတဲ့ ကင်ဆာ ဖြစ်ပါတယ်”
ဟု ဆိုသည်။
သားအိမ်ခေါင်း ကင်ဆာသည် HPV (Human Papilloma Virus) ကြောင့် ဖြစ်ပွားရခြင်းဖြစ်ကာ အမျိုးသမီး အရွယ်စုံ၌ ဖြစ်ပွားတတ်သည့် ကင်ဆာရောဂါဖြစ်ပြီး အသက် ၁၅ နှစ်မှ ၄၄ နှစ် အမျိုးသမီးများတွင် အဖြစ် အများဆုံး ကင်ဆာ ဖြစ် သည်။
အဆိုပါ ဗိုင်းရပ်စ်သည် လိင်ဆက်ဆံခြင်းက တဆင့် ကူးစက်ခံရနိုင်သလို သားအိမ်ခေါင်း၌ အနာရှိခြင်း၊ လိင်မှတဆင့် ကူးစက်တတ်သော ရောဂါရှိခြင်း၊ လိင်စတင် ဆက်ဆံသည့် အသက်အရွယ်ငယ်ခြင်း၊ ကိုယ်တိုင်(သို့)ခင်ပွန်းက လိင် ဆက်ဆံဘက်များခြင်း၊ ကိုယ်ဝန်ဆောင်ချိန်များခြင်း၊ ဆေးလိပ်သောက်ခြင်း၊ တကိုယ်ရည်သန့်ရှင်းမှု မရှိခြင်း၊ မိခင်နှင့်ဆွေ မျိုးများတွင် သားအိမ်ခေါင်း ကင်ဆာဖြစ်သူ ရှိနေခြင်းများကြောင့်လည်း ကူးစက်ခံရနိုင်သည် ဟု သိရသည်။
၂၀၁၈ ခုနှစ်အတွက် ခန့်မှန်းချက်များ အရ မြန်မာနိုင်ငံတွင် သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားသူ ၆,၄၇၂ ဦး ရှိပြီး သေဆုံးသူ ၃,၈၅၆ ဦး ရှိပြီး ၂၀၁၈ ခုနှစ်အတွက် အသက်အလိုက် နှစ်စဉ် ဖြစ်ပွားနှုန်းမှာ အမျိုးသမီး ဦးရေ ၁ သိန်းတွင် ၂၁ ဒသမ ၅ ရှိပြီး သေဆုံးမှုနှုန်းမှာ ၁၃ ဒသမ ၁ ဖြစ်ရာ အာရှဒေသနိုင်ငံများအနက် စတုတ္ထမြောက် အများဆုံးနှင့် အရှေ့တောင်အာရှ နိုင်ငံများတွင် ဒုတိယ အများဆုံး နိုင်ငံဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက သိရသည်။
You may also like these stories:
၂ နှစ်ကြာမှ ကိုဗစ်ကာလ ပြီးဆုံးမည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ပြော
လူပေါင်း ၄ သောင်းကျော်ကို ကိုဗစ်ကာကွယ်ဆေး ရုရှား စမ်းသပ်မည်
စစ်တွေ ကိုဗစ်ပိုး ကူးစက်ခံရသူများတွင် ကျန်းမာရေးဝန်ထမ်း ၈ ဦး ပါဝင်