ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုအား ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များ ဖောက်ဖျက်ကျူးလွန်သည် ဆိုကာ စွပ်စွဲပြစ်တင်ထားမှုအား စက်တင်ဘာလ ၁ ရက်နေ့တွင် စတင်ကျင်းပမည့် ပြည်နယ်လွှတ်တော် အစည်းအဝေး၌ မဲခွဲ ဆုံးဖြတ်မည် ဖြစ်ကြောင်း သိရသည်။
“စက်တင်ဘာ ၁ ရက်နေ့ကျရင် လွှတ်တော်အစည်းအဝေး စပြီပေါ့။ စက်တင်ဘာ ၁ ရက်မှာ (မဲ)ခွဲမလား၊ ၂ ရက်မှာ ခွဲမ လား ဆိုတာကတော့ လွှတ်တော်ဥက္ကဋ္ဌနဲ့ လွှတ်တော်ရုံးရဲ့ ဆွဲထားတဲ့ ဇယားအတိုင်း သွားရမှာ ဖြစ်ပါတယ်” ဟု ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ခူးသဲရယ်က ဧရာဝတီကို ပြောသည်။
ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုအား ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း(၅) ပုဒ်မ ၂၆၃(က)ပါ ပြဋ္ဌာန်းချက်များကို ဖောက်ဖျက် ကျူးလွန်သည်ဟုဆိုကာ အရေးယူ ဆောင်ရွက်ပေးရန် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ၅ ဦးက လက်မှတ်ရေးထိုး၍ လွှတ်တော်ဥက္ကဋ္ဌထံ သြဂုတ် ၁၂ ရက်က တင်ပြခဲ့ခြင်း ဖြစ်သည်။
ပုဒ်မ ၂၆၃(က)တွင် နိုင်ငံတော်၏ ကျေးဇူးသစ္စာတော်ကို ဖောက်ဖျက်ခြင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက် တရပ်ရပ် ကို ဖောက်ဖျက်ကျူးလွန်ခြင်း၊ အကျင့်သိက္ခာပျက်ပြားခြင်း၊ ဝန်ကြီးချုပ်၏ အရည်အချင်း ပျက်ယွင်းခြင်း၊ ဥပဒေအရ ပေး အပ်သောတာဝန်များကို ကျေပွန်စွာမဆောင်ရွက်ခြင်း စသည့် အကြောင်းတရပ်ရပ်ကြောင့် စွပ်စွဲပြစ်တင်နိုင်ကြောင်း ဖော်ပြ ထားသည်။
ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုကို ဆောက်လုပ်ရေး လုပ်ငန်းသုံး စက်ယန္တရား (၁၈ စီး)များ ငှားရမ်းခငွေအား ဘဏ္ဍာငွေ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ် နည်းများနှင့် မညီဘဲ သုံးစွဲနေမှု၊ အများပြည်သူပိုင် နေရာဖြစ်သော ကယားပြည်နယ်နေ့ ကျင်းပရာ ကယားဒေး(Kayah Day)ကွင်းအား စည်ပင်ပိုင် မြေနေရာအဖြစ် ပြောင်းပြီး လုပ်ငန်းရှင်များအား ပြန်လည် ငှားရမ်းနေမှု ဟူသည့် အချက်နှစ်ချက်ဖြင့် စွပ်စွဲပြစ်တင်ထားခြင်း ဖြစ်သည်။
လက်ရှိ ဝန်ကြီးချုပ်အား စွပ်စွဲပြစ်တင်ထားသည့် ယင်းအကြောင်းရင်း နှစ်ချက်သည် ၂၀၁၈ ကတည်းက လွှတ်တော်တွင်း အဆိုတင်ကာ အောင်မြင်ခဲ့သည့် ကိစ္စများဖြစ်သော်လည်း အစိုးရအနေဖြင့် အကောင်အထည်ဖော်ခြင်း မရှိသည့်အပြင် ၂၀၂၀ အတွင်း ကယားဒေးကွင်းအား အငှားချခြင်းများ ဖြစ်ပေါ်လာရာ ထိုကဲ့သို့ စွပ်စွဲပြစ်တင်မှုများ ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း သိရသည်။
ထိုကဲ့သို့ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုအား စွပ်စွဲပြစ်တင်သည့် အကြောင်းအရာနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေး ဖော် ထုတ်နိုင်ရန် ဖရူဆိုမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ခူးသဲရယ်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူ သည့် ၅ ဦးပါ စုံစမ်းစစ်ဆေးရေး အဖွဲ့ကိုလည်း သြဂုတ်လ ၁၄ ရက်တွင် ဖွဲ့စည်းခဲ့သည်။
အဆိုပါ အဖွဲ့အနေဖြင့် နှစ်ပတ်အတွင်း စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရမည်ဖြစ်ပြီး ရရှိလာသည့် အစီရင်ခံစာကို သြဂုတ် ၂၈ ရက် နောက်ဆုံးထားကာ လွှတ်တော်ဥက္ကဋ္ဌထံ တင်ပြရမည်ဖြစ်သည်။
စုံစမ်းစစ်ဆေးရေး အဖွဲ့သည် ဝန်ကြီးချုပ်အယ်လ်ဖောင်းရှိုအား စွပ်စွဲပြစ်တင်မှုနှင့် ပတ်သက်၍ စုံစမ်းမေးမြန်းရန် သြဂုတ် ၂၅ ရက်တွင် ဆင့်ခေါ်ထားသော်လည်း ထိုနေ့တွင် ဝန်ကြီးချုပ်ကိုယ်စား ပြည်နယ်အစိုးရအဖွဲ့ရုံး အတွင်းရေးမှူးသာ လာရောက်ခဲ့ပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့၌ လူမစုံသည့် အကြောင်းပြချက်ဖြင့် တစုံတရာ ဖြေဆိုခဲ့ခြင်း မရှိကြောင်း စုံစမ်း စစ်ဆေးရေး အဖွဲ့ ဥက္ကဋ္ဌ ခူးသဲရယ်က ပြောသည်။
ယနေ့ သြဂုတ် ၂၆ ရက်နေ့တွင် ဝန်ကြီးချုပ်အား ထပ်မံဆင့်ခေါ်ခဲ့ရာ စုံစမ်းစစ်ဆေးရေး အဖွဲ့ဝင် အားလုံး လူစုံသော်လည်း ဝန်ကြီးချုပ်ကိုယ်စား လာရောက်ထွက်ဆိုသည့် အတွင်းရေးမှူးတွင် ဝန်ကြီးချုပ်၏ တရားဝင် လွှဲစာ မပါသည့် အတွက် ကြောင့် အဖွဲ့ အနေဖြင့် လက်မခံနိုင်သဖြင့် ပြန်လွှတ်လိုက်ပြီး ယနေ့ နေ့လယ်ပိုင်းတွင် ထပ်မံ ဆင့်ခေါ်ထားကြောင်း ၎င်းက ပြောသည်။
ခူးသဲရယ်က “ကျနော်တို့ စုံစမ်းစစ်ဆေးမှာက အဓိက ဝန်ကြီးချုပ်ပေါ့။ နောက်ဆုံး စုံစမ်းစစ်ဆေးလို့ မရတဲ့အခါကျရင်တော့ ကျနော်တို့က ဒီတွေ့ရှိတဲ့အတိုင်း လက်ရှိအဖြစ်အပျက်တွေကိုပဲ အစီရင်ခံစာမှာ ရေးရမှာပေါ့။ သူ(ဝန်ကြီးချုပ်) ထွက်ဆိုနိုင် တယ်၊ မထွက်ဆိုနိုင်ဘူး ဆိုတာတော့ သိပ်ပြီး ကျနော်တို့အတွက် အရေးမကြီးတော့ဘူး ပြောရမှာပေါ့” ဟု ဆိုသည်။
ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုအား စွပ်စွဲပြစ်တင်သည့် အချက်များနှင့် ပတ်သက်၍ ၎င်းက ထိုကိစ္စများသည် လွှတ်တော် နှင့် အစိုးရ စနစ်တကျ ညှိနှိုင်းဆောင်ရွက်၍ ပြီးပြတ်သွားသည့် ကိစ္စများဖြစ်ကြောင်း 7Day News သတင်းစာနှင့် အင်တာ ဗျူးတွင် ဖြေကြားထားသည်။
ထို့ပြင် ဝန်ကြီးချုပ်သည် ၎င်းအား စွပ်စွဲပြစ်တင်ခြင်းနှင့် စပ်လျဉ်းသည့် စုံစမ်းစစ်ဆေးရေးအဖွဲ့သည် ဥပဒေနှင့်မညီဟုဆိုကာ ပယ်ဖျက်ပေးရန် လွှတ်တော်ဥက္ကဋ္ဌထံ သြဂုတ် ၂၄ ရက်တွင် စာပေးပို့ခဲ့သေးသည်။
သို့သော် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ယခုကဲ့သို့ စွပ်စွဲပြစ်တင်မှုသည် ပြည်နယ်အစိုးရအဖွဲ့ ဥပဒေ၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ခြင်းဖြစ်ပြီး မယ်စဲ့မြို့နယ် မဲဆန္ဒနယ်အမှတ် (၂) ပြည်နယ်လွှတ်တော်ကိုယ် စားလှယ် ဦးအယ်လ်ဖောင်းရှို အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်သင့်သည် ဟု အကြောင်းပြန်ခဲ့ကြောင်း သိရသည်။
ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုသည် ပြီးခဲ့သည့် ၂၀၁၈ နှစ်ကုန်ပိုင်းကလည်း မယ်စဲ့မြို့နယ်ရှိ ကတ်သလစ် ဘုရားရှိခိုးကျောင်း၏ မြေဧရိယာ ဧကဝက်ခန့်ကို သိမ်းယူထားသည်ဟုဆိုကာ အငြင်းပွားမှုများ ဖြစ်ပေါ်ခဲ့ပြီး အမျိုးသား ဒီမို ကရေစီအဖွဲ့ချုပ် (NLD) ဗဟို အထိ တိုင်ကြားခံရသည်။
ထို့နောက် ကယားပြည်နယ် ဝန်ကြီးချုပ် အပါအဝင် ပြည်နယ်အစိုးရ အဖွဲ့များနှင့် သက်ဆိုင်ရာ သင်းအုပ်ဆရာများ နှစ်ဖက် ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ပြီး မြေကိုပြန်လည် ပေးအပ်ခဲ့ကြောင်း သိရသည်။
You may also like these stories:
ကယားပြည်နယ် ဝန်ကြီးချုပ် စွပ်စွဲပြစ်တင်ခံရတာ ဘာကြောင့်လဲ
၂၀၂၀ အလွန် ဝန်ကြီးချုပ်အိပ်မက်
NLD အဂတိ တိုက်ဖျက်ရေး ဒေါ်လဲ့လဲ့မော် စံပြ ဖြစ်သွားလား