ကလေးခရိုင်တရားရုံးမှ ထောင်ဒဏ် ၄၃ နှစ် ချမှတ်လိုက်သည့် သက်ငယ်မုဒိန်းမှုတခုကို စစ်ကိုင်းတိုင်း တရားလွှတ်တော်မှ ထောင်ဒဏ် ပြန်လျှော့လိုက်သည့်အပေါ် ကလေးမြို့အခြေစိုက် အရပ်ဘက် အဖွဲ့အစည်းများက သြ ဂုတ်လ ၂၆ ရက်တွင် စုပေါင်း ဆန္ဒ ထုတ်ဖော်ခဲ့သည်။
၂၀၁၉ ဇန်နဝါရီလ ၁၆ ရက်က ကလေးမြို့လက်ပံချောင်း ကျေးရွာရှိ ဧဝံဂေလိ တရားဟောဆရာ Lal biak lar (ခ) Lar Boih သည် အသက် ၁၄ နှစ်နှင့် ၁၅ နှစ် အရွယ်ရှိသည့် အမျိုးသမီးငယ် ၂ ဦးကို အဓမ္မပြုကျင့်ခဲ့သည့်အတွက် ကလေးခရိုင် တရားရုံးက ထောင်ဒဏ် ၄၃ နှစ် ပြစ်ဒဏ် ချမှတ်ခဲ့ခြင်း ဖြစ်သည်။
ထိုသို့ ပြစ်ဒဏ် ချမှတ်ခြင်းအပေါ် တရားဟောဆရာ၏ ရှေ့နေမှ တိုင်းအဆင့်သို့ အယူခံဝင်ခဲ့သောကြောင့် ၂၀၂၀ မေလ ၃ ရက်တွင် ထောင်ဒဏ် ၄၃ နှစ်ကနေ ၁၇ နှစ် လျော့ပေါ့လိုက်ခြင်း ဖြစ်ကြောင်း Women for Justice (WJ) အဖွဲ့ထံက သိရသည်။
Women For Justice မှ ပြောရေးဆိုခွင့်ရှိသူ ဒေါ်သန္တာအေးက “ဘယ်သူပဲဖြစ်ဖြစ် ပိုက်ဆံရှိလို့ တကယ် မဟုတ်တာကို သိသိနဲ့ လုပ်လိုက်တာကို ကျမတို့က ကန့်ကွက်တယ်။ ခရိုင်က ဆုံးဖြတ်ထားတဲ့ ၄၃ နှစ်ကို အယူခံဝင်တယ်။ ၂၀၁၅ မှာဆို ရင် သက်ငယ်မုဒိမ်းမှုနဲ့ ပတ်သက်ပြီး ဥပဒေတွေ ပြုတာတွေရှိတော့ အဲဒီတော့ သူတို့က ၂၀၁၆ တုန်းက ဥပဒေဖြစ်တဲ့ နှစ် ၂၀ နဲ့ အကျုံးမဝင်ဘူး ဆိုပြီး ပြန်ပြောင်းလိုက်တာ” ဟု ဧရာဝတီသို့ ပြောသည်။
ကျူးလွန်ခံရသည့် အသက် ၁၅ နှစ်အရွယ်မိန်းကလေး၏ ဖခင်ဖြစ်သူ ဦးဟာအိုက်ကလည်း တရားမျှတမှုကို လိုချင်ပြီး ယခင် ပြစ်ဒဏ်ကိုသာ ချစေလိုပါသည်ဟု ဆိုသည်။
၎င်းက
“ဒီလို လုပ်လိမ့်မယ်လို့ ထင်မထားတဲ့ တရားဟောဆရာက လုပ်တဲ့အတွက် ကျနော်တို့တွေမှာ အရမ်းကို စိတ် ထိခိုက်ရတယ်။ သမီး ဒီလိုဖြစ်သွားတယ်သိတော့ ကျနော်ဆို အိပ်ယာထဲ လဲပြီး ပြောမပြတတ်အောင် ခံစားရတယ်။ စိတ်လည်း မကောင်းဘူး”
ဟု ပြောသည်။
ဖြစ်စဉ်မှာ ၂၀၁၈ ခုနှစ် ဧပြီလ ၁၃ ရက်တွင် ဧဝံဂေလိ တရားဟောဆရာ Lar Boih က ဖလမ်းမြို့တွင် နေထိုင်သည့် အသက် ၁၄ နှစ်နှင့် ၁၅ နှစ်အရွယ် မိန်းကလေး ၂ ဦးကို ကျောင်းထားပေးမည် ဟု ပြောကာ မိဘများထံမှ ခေါ်သွားခဲ့သည် ဟု သိရသည်။
တရားဟောဆရာက အသက် ၁၅ နှစ်အရွယ် မိန်းကလေးကို ၂၀၁၅ ခုနှစ် ဇွန်လအတွင်းတွင်လည်းကောင်း၊ အသက် ၁၄ နှစ်အရွယ် မိန်းကလေးကို ၂၀၁၈ ခုနှစ် ဧပြီလအတွင်း၌ လည်းကောင်း အဓမ္မပြုကျင့်ခဲ့သလို အဓမ္မ မပြုကျင့်ခင်အချိန်က လည်း မိန်းကလေးများအား ခါးပတ်ဖြင့် ရိုက်ခြင်း၊ ခြေသလုံးကို တုတ်ဖြင့် ရိုက်ခြင်းများ ပြုလုပ်သည်ဟု သိရသည်။
ထိုသို့ ဖြစ်ပွားခဲ့ခြင်းကြောင့် အသက် ၁၄ နှစ်အရွယ် မိန်းကလေး၏ မိခင်ဖြစ်သူ ဒေါ်ဆွီးနယ်က တရားလိုပြုလုပ်ကာ တာ ဟန်း ရဲစခန်းတွင် အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်။
ကလေးခရိုင် တရားရုံးမှ ဧဝံဂေလိ တရားဟောဆရာ Lar Boih ကို ရာဇသတ်ကြီးပုဒ်မ ၃၇၆ မုဒိမ်းမှု၊ ပုဒ်မ ၃၂၃ နာကျင် စေမှု၊ ပုဒ်မ ၅၀၆ ခြိမ်းခြောက်မှု၊ ပုဒ်မ ၃၇၆/၅၁၁ မုဒိမ်းပြုကျင့်ရန် ကြိုးစားအားထုတ်မှု တို့ဖြင့် ထောင်ဒဏ် ၄၃ နှစ် ချမှတ် လိုက်ခြင်း ဖြစ်သည်။
ပြစ်ဒဏ် လျှော့ပေါ့လိုက်ခြင်းနှင့် ပတ်သက်ပြီး နေနူး (ချင်းအမျိုးသမီးများအဖွဲ့)၏ ဒါရိုက်တာ မိုင်လဲင်နိုင်ကျဲရ်က “သက် ငယ် မုဒိမ်းကို ဒီလောက်အထိ လျှော့ချတာကတော့ မဖြစ်သင့်ဘူးလို့ ထင်တယ်။ ဘာလို့ဆို နောက် ကျူးလွန်မယ့်သူတွေ ကြောက်သွားအောင် မလျှော့ချသင့်ဘူးပေါ့။ သူတို့ကို အခွင့်အရေးပေးနေသလို ဖြစ်စေတယ်” ဟု သုံးသပ်ပြောဆိုသည်။
အဆိုပါ ဆန္ဒထုတ်ဖော်ပွဲကို ကျန်းမာရေးဝန်ကြီးဌာန၏ ညွန်ကြားချက်နှင့်အညီ လူ ၃၀ ထက် မပိုဘဲ တောင်ဇလပ် ရပ် ကွက်၊ ဗိုလ်ချုပ်လမ်းရှိ နေကြာတိုက်ရှေ့တွင် ကလေးမြို့အခြေစိုက် အရပ်ဘက် အဖွဲ့အစည်းများ ဖြစ်သည့် Women For Justice၊ ဒိန်းဒီးအဖွဲ့၊ အထက်ချင်းတွင်း လူငယ်များ ကွန်ရက်တို့က ဦးဆောင်ကာ ဆန္ဒ ထုတ်ဖော်ကြသည်။
WJ မှ ဒေါ်သန္တာအေးက “ဒီအမှုကို ကလေးခရိုင် တရားရုံးက ချမှတ်ထားတဲ့ ၄၃ နှစ်ကိုပဲ အတည်ပြုပေးဖို့အတွက် ဥပဒေ အရ ဘယ်လို အကာအကွယ် လုပ်ရမလဲ။ ဘယ်လိုပုံစံမျိုး ပြန်ချေပရမလဲဆိုတာ ကျမတို့ ကလေးမြို့နယ်က အမျိုးသမီး အဖွဲ့တွေ၊ ဥပဒေ အထောက်အကူပြု ကော်မတီနဲ့ အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ ကလေးတွေရဲ့မိသားစုတွေနဲ့ တွေ့ဆုံ ဆွေးနွေးဖို့ ရှိပါတယ်” ဟု ပြောသည်။
ဆန္ဒထုတ်ဖော်ပွဲတွင် ကလေးခရိုင်တရားရုံး၏ မျှတသော ပြစ်ဒဏ် ၄၃ နှစ်အား ထောက်ခံကြောင်း၊ စစ်ကိုင်း တိုင်းဒေသ ကြီး တရားလွှတ်တော်၏ ပြင်ဆင်လျှော့ပေါ့သော ပြစ်ဒဏ် ၁၇ နှစ်အား ကန့်ကွက် ရှုတ်ချကြောင်း၊ သက်ငယ်မုဒိမ်း အယူ ခံဝင်၍ ပြစ်ဒဏ်လျှော့ပေါ့ခြင်းအား ကန့်ကွက်ကြောင်း ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ဆန္ဒထုတ်ဖော်ခဲ့သည်။
ထို့ပြင် သားသမီးချင်း ကိုယ်ချင်းစာနာမှုမရှိဘဲ ပြစ်ဒဏ် လျှော့ပေါ့ပေးသော တရားရေးဝန်ထမ်းများ အမြန်ဆုံး ရာထူးမှ ဖြုတ်ချပေးရန်လည်း အရပ်ဘက်အဖွဲ့အစည်းများက ထည့်သွင်း တောင်းဆိုထားသည်။
You may also like these stories:
တရားဟောဆရာ တဦးကို သက်ငယ်မုဒိမ်းမှုဖြင့် ဖမ်းဆီး အမှုဖွင့်